(က်စ်)ဝါဒနဲ့ ယုံတမ်းပုံပြင်များ

ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုမှာ မာက်စ်ဝါဒနဲ့ သူ့ရဲ့ လက်ဆင့်ကမ်းတော်လှန်ရေးအမွေအနှစ်ကို ဆန့်ကျင်ဟန့်တားဖို့ တရစပ် ဝါဒမှိုင်းတိုက်ခဲ့ကြတာ မျက်မြင်ကိုယ်တွေ့ပဲ။ စတာလင်ဝါဒ ပြိုလဲချိန်တည်းက နာမည်ကြီး မီဒီယာ စာ မျက်နှာတွေပေါ်မှာ၊ တက္ကသိုလ်စာသင်ကျောင်းတွေမှာ၊ ပရော်ဖက်ဆာတွေ နဲ့ သမိုင်းဆရာတွေက မာ့က်စ်ဝါဒ ကို အဆက်မပြတ် ပုံဖျက်တိုက်ခိုက်ခဲ့ကြတယ်။ ကျနော်တို့အနေနဲ့ ဒီဆောင်းပါးမှာ မာ့က်စ်ဝါဒနဲ့ ဆိုရှယ်လစ် စနစ် အပေါ် လူအများစု အထင်အမြင်မှား၊ ယုံမှတ်မှားနေတဲ့ အချက်တွေကို လေ့လာဆန်းစစ်သွားပါမယ်။

[စတာလင်ဝါဒက ဆိုရှယ်လစ်စနစ် မဟုတ်ပါ၊ မာ့က်စ်ဝါဒကို ပုံပျက်ပန်းပျက်၊ မီးကြိုးမောင်းပျက် ပုံဖော်ထားတာ ဖြစ်တယ်၊ ဗမာနိုင်ငံမှာလည်း နေဝင်း မဆလအစိုးရယန္တရားကို နမူနာပေးပြီး ဆိုရှယ်လစ်စနစ်ကို ပုံဖျက်လေ့ရှိ တယ်။ - ဘာသာပြန်သူမှတ်ချက်]

Source: https://www.socialist.net/the-myths-about-marxism.htm

ဆိုရှယ်လစ်စနစ် နဲ့ ဒီမိုကရေစီက သဟဇာတ မဖြစ်ဘူးလား?

ဆိုဗီယက်ပြည်ထောင်စု၊ အရှေ့ဥရောပ၊ တရုတ် စတဲ့ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ စတာလင်ဝါဒီ အုပ်ချုပ်ရေး ယန္တရားတွေကို အများဆုံး ကိုးကားပြီး မာ့က်စ်ဝါဒအပေါ် ဝေဖန်တိုက်ခိုက်လေ့ရှိတယ်။ မာက့်စ်ဝါဒနဲ့ ပတ်သက် တဲ့ အယူအဆမှားတွေကို (ရှရှားဘော်ရှီဗစ်ရဲ့ တော်လှန်ရေး ပရိုဂရမ်တရပ်နဲ့အတူ ကမ္ဘာ့ပေါ်မှာ ပထမဆုံး အလုပ်သမားအစိုးရ ဖွဲ့စည်းတည်ထောင်ခဲ့မှု) နဲ့ ချိတ်ဆက်ပြီး ပုံဖျက်ကြတယ်။ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးကို နိုင်ငံအာဏာသိမ်းမှု တခုသာသာ ဖော်ပြကြတယ်။ မာ့က်စ်ဝါဒကို စတာလင်ရဲ့ ရာဇဝတ်မှုတွေနဲ့ ထပ်တူချဖို့ ငွေပုံအောသုံးစွဲပြီး ဝါဒဖြန့်ကြတယ်။

စတာလင်ဝါဒီ ယန္တရားတွေမှာ လူ့အဖွဲ့အစည်းရဲ့ထိပ်ပိုင်း ဗျူရိုကရက် သီးသန့်လူတန်းစားကြီးတခု ရှိနေတာ၊ အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေ ကင်းမဲ့နေတာကို ငြင်းလို့မရနိုင်ဘူး။ အခုလို သမိုင်းနမူနာတွေအရ ဆိုရှယ်လစ်စနစ်က ဒီမိုကရေစီနဲ့ သဟဇာတလုံးဝမဖြစ်နိုင်ဘူးလို့ သက်သေပြကြတယ်။

ဒါပေမယ့် ရရှားတော်လှန်ရေးအကြောင်း လေ့လာကြည့်ရင် တော်လှန်ရေးပြီးဆုံးချိန် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာတာကို အထင်အရှား တွေ့ရမယ်။ လိင်တူဆက်ဆံရေး နဲ့ ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စတွေကို ရာဇဝတ်ပြစ်မှု အဖြစ်ကနေ ပယ်ဖျက်ပေးခြင်း (Decriminalization)၊ လူသားတိုင်း အခမဲ့ ကျန်းမာရေးနဲ့ အခမဲ့ ပညာရေး စတင်ကျင့်သုံးလာမှု၊ စီးပွားရေး ဖွံ့ဖြိုးလာမှု၊ သိပ္ပံပညာရပ်နဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ တဟုန်ထိုး တိုးတက်လာမှုတွေ ရှိခဲ့တယ်။

စတာလင်လက်ထက်မှာတော့ တော်လှန်ရေးအောင်မြင်မှု အသီးအပွင့်တွေဟာ နောက်ကြောင်း ပြန်လှည့် သွားခဲ့တယ်။ ဒါပေမယ့် အခုလို အကြွင်းမဲ့ အာဏာရှင်စနစ်အဖြစ်ကို ဆုတ်ယုတ်သွားတဲ့ ဖြစ်စဉ်က အရင်းရှင် လူတန်းစားနဲ့ သူတို့ရဲ့ လော်ဘီတွေ ဝါဒဖြန့်သလို မာ့က်စ်ဝါဒရဲ့ ရှောင်လွဲလို့ မရနိုင်တဲ့ အကျိုးဆက် မဟုတ် ဘူး။ ‘စတာလင်ဝါဒ ’ ဆောင်းပါးမှာ ရှင်းပြခဲ့သလို “သီးခြားဖြစ်နေတဲ့၊ စီးပွားရေးအရ နောက်ကောက်ကျနေတဲ့ တိုင်းပြည်တခုထဲမှာ” ဆိုရှယ်လစ်လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ အားထုတ်ခဲ့တာရဲ့ အကျိုးဆက်ပဲ။

ကျနော်တို့အနေနဲ့ အရင်းရှင်စနစ်အောက်က ဒီမိုကရေစီကရော ဘယ်လိုပုံစံမျိုးရှိနေလဲကို တချက်လောက် ဆန်းစစ်ကြည့်ရ‌အောင်။ ဒီနေ့ခေတ် ကမ္ဘာနဲ့ အဝှမ်းကို လေ့လာကြည့်ပါ၊ စီးပွားရေးအကျပ်အတည်းတွေဖြစ်၊ ကမ္ဘာအနှံ့အပြားမှာ ခြိုးခြံချွေတာနေရပေမယ့် ချမ်းသာတဲ့သူတွေက ပိုပိုချမ်းသာလာတယ်။ ဒီအချက်အရ ဘဏ်သူဌေး၊ စက်ရုံပိုင်ရှင်၊ ငွေရှင်ကြေးရှင် စတဲ့ အရင်းရှင်လူတန်းစား လက်တဆုပ်စာလူနည်းစုရဲ့ အကျိုး စီးပွားအတွက် လူအဖွဲ့အစည်းနဲ့ စီးပွားရေးကို လည်ပတ်နေတယ်ဆိုတာ ရှင်းပါတယ်။ စီးပွားရေးမှာ အဓိက မောင်းနှင်အားတွေကို ထိန်းချုပ်ပိုင်ဆိုင်ထားတဲ့ “၁ ရာခိုင်နှုန်း”ကပဲ လူ့အဖွဲအစည်းမှာ အဓိကဆုံးဖြတ်ချက်တွေ နဲ့ပတ်သက်ပြီး အမှန်တကယ် ပြောဆိုခွင့်ရတဲ့သူတွေဖြစ်တယ်။ လူ့အဖွဲ့အစည်းကို လွှမ်းခြုံထားတဲ့ လူအများစု (၉၉ ရာခိုင်နှုန်း)ကတော့ လူ့အဖွဲ့အစည်း ဘယ်လိုလည်ပတ်သင့်တယ်ဆိုတာကို အနည်းငယ်ပဲ ပြောခွင့်ရတယ်။

ဒါကိုကြည့်ရင် အရင်းရှင်စနစ်ဆိုတာ အရင်းရှင် အာဏာရှင်စနစ်တခုပဲလို့ ပြောနိုင်တယ်။ အရင်းရှင်စနစ်ဟာ ရွေးကောက်ခံလွှတ်တော်အမတ်တွေ၊ လွတ်လပ်စွာပြောဆိုခွင့် စတဲ့ ဗန်းပြ ဒီမိုကရေစီ ပုံသဏ္ဍာန်တွေနဲ့ အစိုးရ အုပ်ချုပ်ရေးကိုတော့ မဖယ်ရှားပစ်ဘူး။ ဒါပေမယ့် အခုလိုနိုင်ငံတွေမှာ အုပ်ချုပ်ရေးယန္တရားက ဥစ္စာဓနပိုင်ဆိုင်မှု နဲ့ အာဏာဆက်ဆံရေးပုံစံကို တသမတ်တည်း ဆက်လက် တည်မြဲစေတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် အရင်းရှင် လူ့အဖွဲ့အစည်းမှာ အုပ်ချုပ်ရေးယန္တရားဟာ အရင်းရှင်စနစ် နဲ့ အရင်းရှင်လူတန်းစား အထူးအခွင့်အရေးတွေကို ထိန်းသိမ်းပေးဖို့အတွက်ပဲ။

ကျနော်တို့အနေနဲ့ အခုလို အခြေအနေကို ဥရောပမှာ ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။ ရွေးကောက်ခံအစိုးရ အဖွဲ့ဝင်တွေကို ဖယ်ရှားပစ်ပြီး “နိုင်ငံ့အကျိုးစီးပွား” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဥရောပကော်မရှင်နဲ့ ဥရောပဗဟိုဘဏ် က သတ်မှတ်ပေးတဲ့ (ရွေးကောက်ခံထားခြင်းမရှိတဲ့) နိုင်ငံရေးစီးပွားရေး ဩဇာကြီးသူ စက်မှုသိပ္ပံ ကျွမ်းကျင် (တက်ခ်နိုခရက်) တွေနဲ့ အစားထိုးတယ်။ တကယ်တမ်းကျ ငွေကြေးစျေးကွက်နဲ့ အကြီးစား လုပ်ငန်းရှင် ရင်းနှီးမြှပ်နှံသူတွေရဲ့ အကျိုးစီးပွားအတွက်ပဲ။ ဂရိနဲ့ စပိန်လို နိုင်ငံတွေမှာ သတ်မှတ် ပြဌာန်းထားတဲ့ ခြိုးခြံချွေတာရေး အစီအစဉ်က လူထုရဲ့လက်တွေ့ဘဝကို အနေအထိုင် ဆင်းရဲမှုတွေပဲ ဖြစ်လာစေတယ်။ ဒါဟာ သမိုင်းမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ အဆိုးဝါးဆုံး အာဏာရှင်စနစ်အချို့နဲ့ အလားသဏ္ဍာန် အတူတူပဲ။ လူအများစုက အခုလို ဒုက္ခရောက်နေတဲ့ အချိန်မှာ အကျိုးအမြတ်မရရင် ရင်းနှီးမြှုပ်နှံမှု မလုပ်တဲ့ အကြီးမားဆုံး ကုမ္ပဏီကြီး တွေရဲ့ ဘဏ်အကောင့်တွေမှာတော့ ဘီလီယံသန်းပေါင်းများစွာ အလဟဿ စုပုံနေတယ်။

မာ့က်စ်နဲ့ လီနင်တို့ပြောတဲ့ “ပစ္စည်းမဲ့ အာဏာရှင်စနစ်” ဆိုတာ အခုတင်ပြခဲ့တဲ့ အရင်းရှင် အာဏာရှင်စနစ်နဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်။ မာ့က်စ်နဲ့ လီနင်တို့ပြောတဲ့ ပစ္စည်းမဲ့အာဏာရှင်စနစ်ရဲ့ အနှစ်သာရက လူ့အဖွဲ့အစည်း မှာ အလုပ်သမား လူတန်းစားက အုပ်စိုးသူလူတန်းစား ဖြစ်နေတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်က အရင်းရှင် စနစ် အောက်မှာ အသက်ရှင်ရပ်တည်ဖို့ လုပ်ခလစာ အပေါ် မှီခိုနေရတဲ့ အလုပ်သမား လူတန်းစားက အုပ်စိုးသူ လူတန်းစား ဖြစ်လာမယ်။ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းတခုမှာ စီးပွားရေးစနစ်ကို လက်တဆုပ်စာ လူနည်းစု အကျိုးအမြတ် အတွက် လည်ပတ်မှာ မဟုတ်ဘူး။ ကုန်ထုတ်လုပ်မှုကို ဒီမိုကရေစီနည်းကျ၊ ယထာဘူတကျကျ အစီအမံတွေနဲ့ လူအများစု တကယ့် လိုအပ်ချက်အတွက် လည်ပတ်လိမ့်မယ်။ ရွေးကောက်ခံ နိုင်ငံရေးသမားတွေကို နှစ်အနည်း ငယ်မှာ တကြိမ် သာမာန်ကာလျှံကာ မဲပေးတာထက် သာမာန်လူတိုင်းက လူ့အဖွဲ့အစည်း တနေ့ပြီးတနေ့ လည်ပတ်ရေးမှာ ပြောရေးဆိုခွင့်ရှိလာမယ်။

ရုရှားအတွေ့အကြုံက မာ့က်စ်ဝါဒ (ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်စနစ်) ကို အာဏာရှင်စနစ်ရဲ့ ပြယုဂ်၊ ပင်ကိုအရ ဒီမိုကရေစီဆန့်ကျင်တဲ့ အတွေးအခေါ်တွေလို့ လူအများက ထင်မြင်သွားစေတယ်။ ဒါဟာ သေလောက်တဲ့ အမှားအယွင်းတခုပဲ။ ဒီမိုကရေစီ တိုက်ပွဲမှာ မာ့က်စ်ဝါဒီတွေဟာ အားအကောင်းဆုံး တိုက်ခိုက်ရေးသမားတွေပဲ။ လူနေမှု အဆင့်အတန်း မြင့်မားဖို့ ရုန်းကန်ရာမှာ ဒီမိုကရေစီ အခွင့်အရေးတွေက မရှိမဖြစ်လိုအပ်တဲ့ လက်နက်တွေပဲ။ အလုပ်သမားတွေ အတူတကွ စုပေါင်းရုန်းကန်ရာမှာ လွတ်လပ်စွာ အသင်းအပင်းစည်းရုံး ဖွဲ့စည်းနိုင်တဲ့ အခွင့်အရေးကြောင့် အားကောင်းတဲ့ အလုပ်သမားသမဂ္ဂ၊ နိုင်ငံရေးပါတီတွေကို ပေါ်ပေါက်လာစေ တယ်။ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိမှသာ တော်လှန်ရေးသမားတွေအဖို့ လူ့အဖွဲ့အစည်း တော်လှန်ပြောင်းလဲရေး အယူအဆတွေ၊ လုပ်ငန်းစဉ်တွေကို လှုံ့ဆော်စည်းရုံးခွင့်ရမယ်။ ဒီအခွင့်အရေးတွေ အားလုံးကလည်း အလုပ်သမားတွေ ရုန်းကန် တိုက်ပွဲဝင်ခဲ့လို့သာ ရရှိခဲ့တာ။ အုပ်စိုးသူလူတန်းစားက အသိတရားရပြီး အခွင့်အရေးပေးလို့ ရလာတာမဟုတ်ဘူး။ ကျားသနားလို့ နွားချမ်းသာတာမဟုတ်ဘူး။

ဒါပေမယ့်လည်း အရင်းရှင်စနစ်အောက်မှာ ဒီမိုကရေစီအခွင့်အရေးတွေကို ယာယီ ဒါမှမဟုတ် ပြဌာန်းထားတဲ့ ဥပဒေဘောင် အတွင်းကပဲ ခွင့်ပြုတယ်။ ဆိုလိုတာက အရင်းရှင် လူတန်းစားဟာ အာဏာ ဆက်လက် ချုပ်ကိုင် ထားနိုင်ဖို့ လိုအပ်တဲ့ အတိုင်းအတာလောက်ပဲ ဒီမိုကရေစီအခွင့်အရေးကို ခွင့်ပြုတယ်။ အကျပ်အတည်းနဲ့ ကြုံလာရင်၊ သူတို့ရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာရင် အလုပ်သမားလူတန်းစား အောင်အောင်မြင်မြင် ရရှိထားတဲ့ ပြုပြင်ပြောင်းလဲရေး၊ အခွင့်အရေး မှန်သမျှကို သေချာပေါက်လျှော့ချပစ်လိမ့်မယ်။ ဒါကြောင့်လည်း ဥရောပမှာ မကြာသေးမီက ရွေးကောက်ခံထားခြင်းမရှိတဲ့ တက်ခ်နိုခရက်တွေကို အသုံးချပြီး လူထုရဲ့ အကျိုးစီး ပွားနဲ့ ဆန့်ကျင်ဘက် ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ဆောင်ရွက်လာခဲ့တယ်။

အရင်းရှင်လူတန်းစားနဲ့ ဆန့်ကျင်ဖက်၊ ဆိုရှယ်လစ်တွေက အလုပ်သမားလူတန်းစားရဲ့ ဒီမိုကရေစီ အခွင့်အရေး မှန်သမျှအတွက် ထောက်ခံ တိုက်ပွဲဝင်တာကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ ဒါပေမယ့် မာ့က်စ်ဝါဒီတွေ ညွှန်ပြနေတဲ့လမ်းက ဒီအခွင့်အရေးတွေ ဘယ်တော့မှ ပယ်နှုတ်မခံရမယ့်လမ်း၊ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီ ရရှိနိုင်မယ့် လမ်း။ နောက်ဆုံးသတ္တုချလိုက်ရင်၊ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီဆိုတာကို ဒီကနေ့ခေတ်ရဲ့ ပြဿနာ တခုဖြစ်တယ်၊ သာမာန် အရပ်သား တွေအနေနဲ့ တပတ်ကို နာရီ ၅ဝကနေ ၆ဝထိ အလုပ်လုပ်နေရတဲ့ အခြေအနေ ကနေ နိုင်ငံရေး၊ လူ့အဖွဲ့အစည်း လည်ပတ်ရေးမှာ ပါဝင်ဆုံးဖြတ်ဆောင်ရွက်နိုင်မယ့် အခြေအနေကို တောင်းဆို တိုက်ပွဲဝင်ရမယ့် အချိန်ပဲ။

လူထု လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စီးပွားရေး အစီအစဉ်တွေကို စနစ်တကျ လည်ပတ်စေပြီး၊ ကျနော်တို့ဟာ အလုပ်လက်မဲ့ပြဿနာကို အပြီးတိုင်ဖြေရှင်းနိုင်တယ်၊ အလုပ်ကို ခွဲဝေလုပ်ဆောင်နိုင်တယ်။ ဒါကြောင့် အလုပ်လုပ်ရတဲ့ နာရီတွေ လျော့ကျလာပြီး အားလပ်ချိန် ပိုရစေတယ်။ နည်းပညာမှာ ရင်းနှီးမြှပ်နှံမှုကို အလုပ်လုပ်ရက် ထပ်မံလျှော့ချနိုင်ဖို့ အသုံးပြုနိုင်တယ်။ ဒီလိုနည်းနဲ့ လူ့အဖွဲ့ အစည်းအတွင်း ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ချရာမှာ၊ စီးပွားရေး အစီအစဉ်တွေ သတ်မှတ်ရာမှာ လူထုအနေနဲ့ ကိုယ်တိုင် ပါဝင်ဆောင်ရွက် နိုင်မယ့် လက်တွေ့ ရုပ်အခြေအနေတွေ ဖန်တီးပေးပြီးသား ဖြစ်သွားမယ်။

“မာ့က်စ်ဝါဒီတွေက အကြမ်းဖက်မှု လိုလားသူတွေလား”

မာ့က်စ်ဝါဒီတွေက ဒီမိုကရေစီအခွင့်အရေးကို ခုခံကာကွယ်တယ်ဆိုရင် ရပ်ရှားမှာ အနီအကြမ်းဖက်မှု(Red Terror)၊ တပ်နီတော် နဲ့ ပြည်တွင်းစစ်လို အကြမ်းဖက်တော်လှန်ရေးတွေ ဘာကြောင့် ဖြစ်ခဲ့ရတာလဲ?

ကျနော်တို့အနေနဲ့ ပထမဆုံး အလေးအနက်ထား ပြောချင်တာက မာ့က်စ်ဝါဒီတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တော်လှန်ရေး အထ‌မြောက်ဖို့ကို လုံးဝလိုလားကြတယ်။ နို့ပေမယ့် မာ့က်စ်ဝါဒီတွေဟာ ရွှေပြည်အေးသမားတွေ လည်း မဟုတ်ဘူး။ ကျနော်တို့ သဘောထားက လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ဥစ္စာဓနပိုင်ဆိုင်မှုတွေကို ဒီမိုကရေစီ နည်းကျကျ၊ လူထုထိန်းချုပ်မှုအောက်မှာ ထားရမယ်၊ ဒီလိုနည်းနဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ ရုန်းကန်တိုက်ပွဲဝင်ရမယ်လို့ လက်ခံထားတယ်။ ဒါပေမယ့် သမိုင်းကနေ ကျနော်တို့သင်ခန်းစာရခဲ့တာ က ‌အိုဟောင်းဆွေးမြေ့နေတဲ့ အုပ်စိုးသူလူတန်းစားဟာ သူတို့ရဲ့ အခွင့်ထူးခံအခွင့်အရေးတွေ ကာကွယ်ဖို့ အတွက်ဆို တော်လှန်ရေးသမားတွေကို အကြမ်းဖက်နှိပ်ကွပ်ပစ်ဖို့ ဝန်မလေးဘူးဆိုတာပဲ။

နို့ပေမယ့် အရင်းရှင်တွေက မာ့က်စ်ဝါဒီတွေကို အကြမ်းဖက်မှု လိုလားသူတွေလို့ စွပ်စွဲခြင်းဟာ အတော်မျက်နှာ ပြောင်တဲ့ ကြောင်သူတော်ဆန်မှုပဲ။ မာ့က်စ်ဝါဒီတယောက်ကို အကြမ်းဖက်တော်လှန်ရေး ခေါင်းစဉ်နဲ့ စွပ်စွဲတိုက် ခိုက်လာတိုင်း၊ အရင်းရှင်စနစ်ကိုယ်တိုင်ရဲ့ အစုလိုက်အပြုံလိုက် သွေးချောင်းစီး သတ်ဖြတ်မှုတွေကို ထောက်ပြ ဝေဖန်ကြရမယ်။ ပါကစ္စတန်မှာ ဒရုန်းနဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့တာ၊ အီရတ်နဲ့ အာဖဂန်နစ္စတန်က စစ်ပွဲတွေ၊ ဒါတွေက ဘယ်သူ့လက်ချက်လဲ? ၁၉၇၀ နဲ့ ၁၉၈၀ ကာလတဝိုက်က ချီလီ၊ အာဂျင်တီးနား၊ ဘရားဇီးလ်လို လက်တင် အမေရိက နိုင်ငံတွေက ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်တွေကို လေ့လာကြည့်ပါ၊ အားလုံးကို အမေရိကန် အစိုးရက ကျောထောက် နောက်ခံပေးခဲ့တယ် မဟုတ်ဘူးလား?

အရင်းရှင်စနစ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုကြောင့် လူသားထုအပေါ် ထိခိုက်စေတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်မှာ လူပေါင်းများစွာ အစုလိုက်အပြုံလိုက် သေကြေပျက်စီးခဲ့တာထက်တောင် ပိုများနိုင်တယ်၊ ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ။ အခုလို ဖြစ်ရတာတွေ အားလုံးကလည်း နယ်ချဲ့အရင်းရှင်နိုင်ငံကြီးတွေ တနိုင်ငံနဲ့ တနိုင်ငံကြား အာဏာယှဉ်ပြိုင်ပြီး ကမ္ဘာ့စျေးကွက်ကို ဝေခြမ်းယူမယ့် ရည်ရွယ်ချက်ကြောင့်ပဲ မဟုတ် လား?

ခရွန်ဝဲလ်၊ ဂျက်ကိုဘင် နဲ့ အမေရိက တော်လှန်ရေးစစ်ပွဲတွေကရော အကြမ်းဖက်တော်လှန်ရေး မဟုတ်လို့ ဘာတွေလဲ? ကနေ့ခေတ်မှာ အုပ်စိုးသူလူတန်းစားက ပဒေသရာဇ် အာဏာကို ဖြိုဖျက်ပြီး အရင်းရှင်အာဏာ ထူထောင်ဖို့ သူတို့တတွေ အသုံးပြုခဲ့တဲ့ တော်လှန်ရေးနဲ့ အကြမ်းဖက်ရေး နည်းလမ်းတွေကို ဖုံးကွယ်ထားဖို့၊ ပုံဖျက်ထားဖို့ အစွမ်းကုန် အားထုတ်လာကြတယ်။ သေချာတာက အမေရိကတိုက် ကိုလိုနီနိုင်ငံမှာ နေထိုင်သူ တွေက လွတ်လပ်ရေး စစ်ပွဲအတွင်း ဗြိတိသျှအင်ပါယာရဲ့ သစ္စာတော်ခံတွေကို ကြက်မွှေးနဲ့သပ်ပြီး ဖြုတ်ချခဲ့မှာ တော့ မဟုတ်ဘူး။

ဒါ့အပြင် ၁၈၇၁ခုနှစ်မှာ ပဲရစ်ကွန်မြူးကို ဖြိုဖျက်တုန်းက အမျိုးသမီးနှင့် ကလေးငယ်တွေ အပါအဝင် လူပေါင်း ‌ထောင်သောင်းချီပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာ အကြမ်းဖက်မှု မဟုတ်လို့ ဘာလဲ။ လူ့သမိုင်းမှာ ပထမဆုံး အလုပ်သမားနိုင်ငံတော် ထူထောင်ဖို့ ကြိုးစားခဲ့လို့၊ လူထောင်ပေါင်းများစွာကို ပြည်နှင် ဒဏ် ပေးခဲ့တယ်။

အတိတ်သမိုင်းကိုပဲ ကြည့်ကြည့်၊ ကနေ့ခေတ်ကိုပဲ ကြည့်ကြည့် အကြမ်းဖက်မှု မှန်သမျှဟာ အရင်းရှင်စနစ် အတွက် ကျူးလွန်ခဲ့ကြတာ။ နို့ပေမယ့် ကနေ့ခေတ်မှာ အရင်းရှင်တွေက ရပ်ရှားတော်လှန်‌ရေးနဲ့ ဘော်ရှီဗစ်တွေ ကို ခါးခါးသီးသီး သွားပုပ်လေလွင့် ပြောဆိုကြတယ်။ ဒါဟာ အရင်းရှင်စနစ်သမိုင်းမှာ ပထမဆုံးအကြိမ် ကျေးကျွန်တွေက ပြန်တိုက်ခိုက်ပြီး အနိုင်ရခဲ့တာကြောင့်ပဲ။

အခုလို ဘော်ရှီဗစ်တွေကို သွားပုပ်လေလွင့် ပြောဆိုကြပေမယ့် အောက်တိုဘာ တော်လှန်ရေးဟာ သမိုင်းမှာ သွေးစွန်းမှု အနည်းဆုံး တော်လှန်ရေးလို့ ဆိုနိုင်တယ်။ ဇာဘုရင်စနစ်ကို ဖြိုချပြီး လစ်ဘရယ် ဒီမိုကရေစီကို တည်ထောင်ခဲ့တဲ့ ဖေဖော်ဝါရီ တော်လှန်ရေးကို သွေးမစွန်းတဲ့ တော်လှန်ရေးလို့ ပြောတတ်ကြတယ်၊ တကယ် တမ်းကျ အောက်တိုဘာ တော်လှန်ရေးမှာထက် ဖေဖော်ဝါရီ တော်လှန်ရေးအတွင်းမှာ လူတွေ အများကြီး အသတ်ခံခဲ့ရတယ်။ အချက်အလက်နဲ့ပြောရရင် ဆာဂျီ အိန်ဆန်စတိန်း အေက်တိုဘာ တော်လှန်ရေး ရုပ်ရှင် ရိုက်ကူးတုန်းက မတော်တဆထိခိုက်မှုနဲ့ သေဆုံးရတဲ့ သရုပ်ဆောင် အရေအတွက်ကတောင် သူတို့ပုံကြီးချဲ့ ပြောဆိုနေတဲ့ တကယ့် အောက်တိုဘာ တော်လှန်ရေးမှာ သေခဲ့တာထက် ပိုများနေတယ်။

တကယ်တမ်း အကြမ်းဖက် သတ်ဖြတ်ခဲ့တာက ဘော်ရှီဗစ် တော်လှန်ရေး မဟုတ်ဘူး၊ တော်လှန်ရေးကို ဆန့်ကျင်တဲ့ လက်တဆုပ်စာ တန်ပြန်တော်လှန်ရေးသမားတွေကသာ အကြမ်းဖက် သတ်ဖြတ်ခဲ့တာ။ အောက်တိုဘာ တော်လှန်ရေးက လူနည်းစုကလေးရဲ့ အာဏာသိမ်းမှုမျိုး မဟုတ်ဘူး၊ အလုပ်သမား၊ လယ်သမားနဲ့ စစ်သားတို့ရဲ့ လူထုတော်လှန်ရေး လှုပ်ရှားမှုကြီးသာ ဖြစ်တယ်။ အောက်တိုဘာ တော်လှန်ရေး ပြီးပြီးချင်းမှာပဲ ရပ်ရှားလူအဖွဲ့အစည်းရဲ့ ချမ်းသာကြွယ်ဝတဲ့ အုပ်စုက စီးပွားရေး အဖျက်အမှောက် လုပ်ငန်းတွေ ကို စတင်လုပ်ဆောင်လာခဲ့တယ်၊ အလုပ်သမား အစိုးရအသစ်ကို ဖျက်ဆီးဖို့ စစ်ဆင်ရေးတွေ အစပြုလာကြ တယ်။ တန်ပြန် တော်လှန်ရေးသမားတွေရဲ့ အကြမ်းဖက် လူသတ်စစ်ဆင်ရေးတွေကို ပြည်ပအရင်းရှင်၂၁ နိုင်ငံ ရဲ့ စစ်တပ်တွေက ရပ်ရှားပြည်တွင်းအထိ ကျူးကျော်ဝင်ရောက်ပြီး အကူအညီပေးခဲ့ကြတယ်။ ဒီလို စစ်တပ် အလုံးအရင်းနဲ့ တန်ပြန်တော်လှန်ရေးကို ကူညီခဲ့ကြသူတွေထဲမှာ ပြင်သစ်၊ ဗြိတိန်၊ အမေရိကနဲ့ အင်အားကြီး အရင်းရှင်တိုင်းပြည် အားလုံးနီးပါး ပါဝင်ခဲ့တယ်။ တန်ပြန် တော်လှန်ရေးတပ်တွေက အကြမ်းဖက်ရေး လုပ်ငန်း စဉ်ကို ရက်ရက်စက်စက်နဲ့ ချက်ချင်း အကောင်အထည် ဖော်ကြတယ်။ ရလဒ်အနေနဲ့ လူတွေ သိန်းပေါင်းများ စွာ အသတ်ခံခဲ့ရတယ်။

ဆိုဗီယက် ပြည်ထောင်စု ဦးဆောင်ခဲ့တဲ့ “ဆိုရှယ်လစ် စမ်းသပ်မှု” ကျရှုံးသွားပြီလို့ အုပ်စိုးသူ လူတန်းစားက ဆိုကြတယ်။ နို့ပေမယ့် ဒါဟာ ဘာနဲ့တူလဲဆိုရင် သိပ္ပံပညာရပ်တခုခု လေ့လာစမ်းသပ်နေဆဲ ကာလမှာ လူတယောက်က သုတေသနပညာရှင်တွေရဲ့ စမ်းသပ်ကိရိယာတွေကို ဖျက်ဆီးပြီး လေ့လာစမ်းသပ်မှု မအောင်မြင်ဘူးလို့ မျက်နှာပြောင်တိုက် ကြေညာလိုက်သလိုပဲ။ ဒါဟာ ကနေ့ခေတ် အရင်းရှင်တွေရဲ့ လော့ဂျစ် လည်း ဖြစ်တယ်။ သမိုင်းတလျှောက်လုံး ဆိုရှယ်လစ် လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ ကြိုးစားတိုင်း အရင်းရှင် လူတန်းစားက စစ်အင်အားသုံး ကြားဝင်နှောက်ယှက်ခဲ့တဲ့ လုပ်ဆောင်ချက် မှန်သမျှကို မျက်ကွယ်ပြုထား ကြတယ်။

ထပ်ပြီး အလေးထား ပြောချင်တာက ကနေ့ခေတ် ကမ္ဘာနဲ့အဝှမ်းမှာ အလုပ်သမား လူတန်းစားအင်အား သိသိသာသာ တိုးပွားလာတာကြောင့် လူ့အဖွဲ့အစည်းကို ငြိမ်းငြိမ်းချမ်းချမ်း ပြောင်းလဲဖို့ ဖြစ်နိုင်ချေ များလာ တယ်။ နို့ပေမယ့် အခုလို အရင်းရှင်စနစ် ဆက်လက် တည်မြဲနေတာက အလုပ်သမား အဖွဲ့အစည်းတွေမှာ ရှိနေတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တွေကြောင့်ပဲ၊ သူတို့က အရင်းရှင်စနစ်ကို ဖြိုဖျက်ပြီး ဆိုရှယ်လစ် စနစ်ကို ကူးပြောင်းဖို့ ဆန္ဒမရှိကြဘူး။ ဒါ့ကြောင့် တော်လှန်ရေးပါတီတခု အဖြစ်စုစည်းထားသော တော်လှန်ရေး ခေါင်းဆောင်မှုကို လိုအပ်နေတယ်။ ဒီတော်လှန်ရေးပါတီက ဒီကနေ့ ကမ္ဘာတလွှား ဖြစ်ပွားနေတဲ့ သီးခြားတိုက်ပွဲ တွေကို ယေဘုယျ တိုက်ပွဲနဲ့ ချိတ်ဆက်ပြီး စုစည်းပေးနိုင်တယ်။ တော်လှန်ရေး ခေါင်းဆောင်မှုဆိုတာ ဆိုရှယ် လစ် လူ့အဖွဲ့အစည်းသစ် တရပ် ရှောရှောရှူရှူ မွေးဖွားနိုင်အောင် ကူပေးဖို့၊ သမိုင်းရဲ့ မီးဖွားလက်သည် အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ ဖြစ်တယ်။ ဒါဟာ ကနေ့ခေတ် ကျနော်တို့ လက်ဆင့်ကမ်း ထမ်းဆောင်ရမယ့် သမိုင်းပေး တာဝန်တရပ်လည်း ဖြစ်တယ်။

အရင်းရှင်စနစ်က လူသားထုအကျိုး ဖြစ်ထွန်းစေသလား?

ဆိုရှယ်လစ်တွေရဲ့ လုပ်ရပ်ကို ကိုယ်ကျင့်တရား ရှုထောင့်က ဝေဖန်ရုံသာမက၊ ဆိုရှယ်လစ်စနစ်က အရင်းရှင်စနစ် နဲ့ ယှဉ်လိုက်ရင် စွမ်းဆောင်ရည် ညံ့ကြောင်း သက်သေထူဖို့ မကြာခဏ ကြိုးစားကြတယ်။ (မော်စီတုန်းရဲ့ တရုတ် နိုင်ငံကနေ ကက်စထရိုရဲ့ ကျူးဘားနိုင်ငံအထိ၊ ဆိုဗီယက် ပြည်ထောင်စုကနေ မြောက်ကိုရီးယားအထိ) ဆိုရှယ် လစ် အမည်ခံ နိုင်ငံတွေရဲ့ ဆင်းရဲမွဲတေမှုကို လက်ညှိုးထိုးပြပြီး ကွန်မြူနစ် တစ္ဆေခြောက်လေ့ရှိတယ်၊ လူတွေ အရင်းရှင် စနစ်ဘောင်ကို ကျော်ပြီး မတွေးရဲအောင် ဟန့်ထားတယ်။

ဒီငြင်းဆိုချက်တွေရဲ့ ပထမ ပြဿနာက အဲဒီတိုင်းပြည်တွေကို ဆိုရှယ်လစ် တိုင်းပြည်တွေအဖြစ် ပုံဖော်ခြင်းပဲ။ သေချာတာက ဆိုရှယ်လစ်စနစ်ရဲ့ အရေးကြီး မျက်နှာစာတွေ ဆိုဗီယက်ပြည်ထောင်စုမှာ ‌ပေါ်ပေါက်ခဲ့ဖူးတယ်။ ကျူးဘားမှာ ရှိနေသေးတယ်။ နို့ပေမယ့်လည်း ဒီလိုနိုင်ငံတွေမှာတောင် ဒေါင်ဒေါင်မြည် ဆိုရှယ်လစ်နိုင်ငံဖြစ်လာဖို့ အဝေးကြီး လိုသေးတယ်။ စစ်မှန်တဲ့ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းတခုမှာ ဗျူရိုကရက် အလွှာတခုကနေ ချုပ်ကိုင် ထားတဲ့ အထက်အောက် စီမံကိန်း စီးပွားရေးကို ကျင့်သုံးမှာ မဟုတ်ဘူး။ အဲ့ဒီအစား အောက်ခြေလူထုကနေ အပေါ်ကို ပြန်ထိန်းချုပ်တဲ့စနစ် ကျင့်သုံးတယ်။ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားထုရဲ့ ဒီမိုကရေစီနည်းကျ ထိန်းချုပ်မှုစနစ်ကို ကျင့်သုံးတယ်၊ စက်ရုံအလုပ်ရုံတွေအလိုက် ကိုယ်စားလှယ်တွေကို ရွေးကောက်တယ်။ လူ့အဖွဲ့ အစည်းရဲ့ အရင်းအမြစ်တွေကို ခွဲဝေသုံးစွဲရာမှာ ဒီမိုကရေစီနည်းကျကျ စီမံခန့်ခွဲဖို့ တပြည်လုံးဆိုင်ရာ၊ အပြည် ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေကို ရွေးကောက် တင်မြှောက်တယ်။

ဘယ်လိုပဲကြည့်ကြည့်၊ ကျူးဘားလိုနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ပြီးသား အရင်းရှင်နိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်တာ နည်း မှန် လမ်းမှန်တော့ မဟုတ်ဘူး။ (ကျူးဘားလို) ကိုလိုနီတိုင်းပြည်တွေကို ဆယ်စုနှစ်ပေါင်းများစွာ အလွန်အကျွံ သွေးစုပ်ခြယ်လှယ်ရာက အရင်းရှင်တိုင်းပြည်ကြီးတွေ အကျိုးအမြတ် အများကြီး ရခဲ့တယ်။ ကျူးဘားမှာ ဒီလိုအ ကျိုးအမြတ်တွေ မရတဲ့အပြင်၊ စီးပွားရေး ဖွံ့ဖြိုးမှု အင်မတန် နောက်ကောက်ကျနေရာကနေ အစပြုခဲ့ရခြင်းဖြစ် တယ်။ အရင်းရှင်စနစ်က လူသားတွေ ကောင်းကျိုးလုပ်ပေးနိုင်ကြောင်း သက်သေပြဖို့ အခွင့်အရေးရခဲ့တဲ့ တခြား ကရစ်ဘီယံ ကျွန်းနိုင်ငံတွေနဲ့ ကျူးဘားကို နှိုင်းယှဉ်ပါမှ ပိုပြီး သင့်တော်လိမ့်မယ်။ အခုလို နမူနာပေး နှိုင်းယှဉ်ရင် ဟေတီလို နိုင်ငံမျိုးက အသင့်တော်ဆုံးပဲ၊ အရင်းရှင်စနစ် ကျင့်သုံးတဲ့ ဟေတီမှာ ဆင်းရဲမွဲပြာကျနေတယ်။ ကလေး ငယ်တွေက အမေရိကန် စျေးကွက်ကို တင်သွင်း ရောင်းချမယ့် နိုက်(ခ်) အမှတ်တံဆိပ် ကုန်ထုတ်လုပ်ရေး ငရဲခန်း တွေမှာ ခေါင်းပုံဖျက်ခံနေရတယ်။

ရရှားတော်လှန်ရေးက ဘက်ပေါင်းစုံကနေ ဆိုးဆိုးဝါးဝါး ဖိအားပေးမှုတွေကြောင့် ၁၉၂၀ ခုနှစ်တွေကစပြီး ယိုယွင်း ချိနဲ့သွားခဲ့တယ်။ ကနဉီးမှာ ပျိုမျစ် ကြံခိုင်လှတဲ့ ဆိုဗီယက်တွေကို အခြေခံထားသော အလုပ်သမားထုရဲ့ ဒီမိုက ရေစီစနစ်ကို ကျင့်သုံးခဲ့တယ်။ (ဆိုဗီယက်တွေဆိုတာ အလုပ်သမား ကောင်စီတွေ၊ စစ်သားကောင်စီတွေ၊ လယ် သမားကောင်စီတွေပဲ)။ ‌နောက်ပိုင်းမှာ စတာလင် ဉီးဆောင်တဲ့ ကွန်မြူနစ်ပါတီ ဗျူရိုကရေစီက အလွန်အကျွံ လွှမ်းမိုးခြယ်လှယ်လာခဲ့တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ၂၀ရာစုနှစ်အတွင်း “ကွန်မြူနစ်” နာမည်ခံ တိုင်းပြည်တွေမှာ ဖြစ်ခဲ့တာတွေကနေ ဆိုရှယ် လစ်စနစ်အောက် လူ့အဖွဲ့အစည်း ဖွံဖြိုးတိုးတက်လာနိုင်တဲ့ ပုံရိပ်အချို့ကို မြင်တွေ့ခဲ့ရတယ်။ ဆိုဗီယက် ပြည် ထောင်စုမှာ ဗျူရိုကရေစီရဲ့ လည်မြိုညစ်ထားမှု၊ အတိုက်အခံတွေကို ရက်ရက်စက်စက် နှိပ်ကွပ်မှု နဲ့ နိုင်ငံရေး လမ်းကြောင်း အလှည့်အပြောင်းတွေ ရှိခဲ့ပေမယ့်၊ ကုန်ထုတ်ပစ္စည်းတွေကို ပြည်သူပိုင်ပြုထားတဲ့ စီးပွားရေးစနစ် က အရင်းရှင်စနစ်ထက် အဆပေါင်းများစွာ စွမ်းဆောင်ရည် ပိုမြင့်ကြောင်း ကမ္ဘာကို သက်သေပြနိုင်ခဲ့တယ်။ စီမံ ကိန်းချ စီးပွားရေးစနစ်နဲ့ လူထု လိုအပ်ချက် ကုန်ပစ္စည်းတွေကို ထုတ်ပေးနိုင်ခဲ့တယ်။

ဒါတောင် ၁၉၁၇ မှာ ရုရှားက ပဒေသရာဇ်စနစ်ကနေ ရုန်းထွက်ခါစပဲ ရှိတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ဖြစ်ရပ်တွေ ကြောင့် နောင်လာမယ့် နှစ်တွေမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရတယ်။ နို့ပေမယ့် ပြည်သူပိုင် စီမံကိန်းချ စီးပွား ရေးစနစ် အကျိုးကျေးဇူးနဲ့ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာရဲ့ နာဇီတပ်တွေကို ချေမှုန်းနိုင်ခဲ့တယ်။ စစ်ကြီးပြီး ချိန်မှာလည်း အမေရိကနိုင်ငံရဲ့ မာရှယ်အကူအညီ (Marshall Aid) တောင်မယူဘဲ အရှေ့ဥရောပ စက်မှုလုပ်ငန်း တခုလုံးကို နှစ်အနည်းငယ်နဲ့ ပြန်ထူထောင်နိုင်ခဲ့တယ်။ ၁၉၅၀မှာ စတာလင်နစ်(စ်) တိုင်းပြည်တွေမှာ စက်မှု လုပ်ငန်း ထွန်းကားလာခဲ့တယ်။ သိပ္ပံနဲ့ ယဉ်ကျေးမှု နယ်ပယ်မှာလည်း တဟုန်ထိုး တိုးတက်မှုတွေ ရှိခဲ့တယ်။ လူ သား အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို အာကာသဆီ ပထမဆုံး ပို့လွှတ်နိုင်ခဲ့တဲ့ တိုင်းပြည်က ဆို ဗီယက် ပြည်ထောင်စုပဲ။

စီမံကိန်းချ စီးပွားရေးစနစ်ဟာ စတာလင်ရဲ့ ရရှား၊ ကက်စ်ထရိုရဲ့ ကျူးဘားမှာတောင် လူတိုင်းကို အလုပ်အကိုင် အပြည့်အဝ ပေးနိုင်ခဲ့တယ်၊ အခြေခံကနေ တက္ကသိုလ် အဆင့်အထိ အခမဲ့ပညာရေးကို ဖော်ဆောင်ပေးနိုင်ခဲ့တယ်။ နည်းပညာတွေ တဟုန်ထိုး တိုးတက်လာအောင် ဘဏ္ဍာငွေအလုံးအရင်း သုံးစွဲခဲ့တယ်။ အရင်းရှင် တိုင်းပြည်ကြီး တွေ စီးပွားရေး ပျက်ကပ် (၂၉၂၉-၃၀ တဝိုက်က Great Depression ကို ရည်ညွှန်း) ရိုက်ခတ်မှုနဲ့ ကြိုးတန်းပေါ် လမ်းလျှောက်နေရချိန်မှာ စီမံကိန်းချ စီးပွားရေးစနစ် ကျင့်သုံးတဲ့ ဆိုဗီယက် ပြည်ထောင်စုမှာတော့ စီးပွားရေး ဖွံ့ဖြိုးမှု နှစ်စဉ် ၂၀%ကျော် ပုံမှန် တိုးတက်လာခဲ့တယ်။ ဒီကာလမှာပဲ အကြီးစား စက်ရုံလုပ်ငန်း ၄၀၀%ကျော် ချဲ့ထွင်နိုင်ခဲ့တယ်။

ဒီလို တိုးတက်မှုတွေ အများအပြား ရှိလာတယ်ဆိုပေမယ့် လူတွေ အမြောက်အမြား စတေးခဲ့ရတယ်၊ စတာလင် ဝါဒ တရားသေ သဘောတရားတွေကြောင့် ယဉ်ကျေးမှုဆိုင်ရာ၊ သိပ္ပံဆိုင်ရာ စမ်းသပ်ချက်တွေ ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရတယ်၊ ဒီအချက်တွေကိုတော့ မေ့ပစ်လိုက်လို့ မရဘူး။

ဆိုဗီယက် နမူနာကနေ အလေးမထားမိတဲ့ အချက်က သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု လွတ်လွတ်လပ်လပ် ရှိပြီး၊ ဒီမိုကရေစီနည်းကျ အလုပ်သမားထု ထိန်းချုပ်မှုအောက်က ဒေါင်ဒေါင်မြည် စီမံကိန်းချ စီးပွားရေးစနစ်နဲ့ သာဆိုရင် လူ့အဖွံ့အစည်းအဖို့ ဘယ်လောက်တောင် အကျိုးဖြစ်ထွန်းလိုက်မလဲ။ အခုလို ဆိုဗီယက် ပြည်ထောင်စု လို ဗျူရိုကရေစီ လှိုက်စားသွားသော ဆိုရှယ်လစ်စနစ် ပုံစံမှာ အမှားတွေ တသီကြီး ရှိခဲ့တာတောင် အံ့မခန်း ဖွံဖြိုး တိုးတက်လာအောင် စွမ်း‌ဆောင်နိုင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ပြီး၊ ‌ဒေါင်ဒေါင်မြည် အလုပ်သမား ဒီမိုကရေစီ ကိုသာ ထူထောင်နိုင်ခဲ့ရင် ဒိထက်အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာမယ့် အလားအလာတွေ ရှိနေတာ မြင်ဖို့ သိပ်မခက်ပါဘူး။

အခုလို အခြေအနေတွေကို အရင်းရှင်စနစ်အောက် ထုနဲ့ထည်နဲ့ လေလွင့် ဆုံးရှုံးနေရတာတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ အရင်းရှင်စနစ်ရဲ့ ဆိုကျိုးတွေကို တတိယ ကမ္ဘာက နင့်နေအောင် ခံရတယ်။ သဘာ၀ ကျောက်မီးသွေး/လောင်စာ စွမ်းအင် သုံးစွဲမှုတွေကြောင့် ကမ္ဘာ့လေထု ပျက်စီးလာတယ်။ စစ်တပ်ယန္တရားမှာ ငွေကြေး အမြောက်အမြား သုံးစွဲ တဲ့အတွက် ပြည်သူ့ဘဏ္ဍာ ပြုန်းတီးနေရတယ်။

စျေးကွက်ကို ကြိုးကိုင်မောင်းနှင်နေတဲ့ “ကိုယ်ပျောက်လက်” က အရင်းအမြစ်တွေကို ခွဲတမ်းချရာမှာ စွမ်းဆောင် ရည် အကောင်းဆုံးပဲလို့ ပြောကြတယ်။ နို့ပေမယ့် ကျနော်တို့ဟာ အရင်းရှင်စနစ်ရဲ့ သမိုင်းတလျှောက် အဆိုး ရွားဆုံး အကြပ်အတည်းကာလမှာ ရှင်သန်နေထိုင်နေရတယ်။ အင်္ဂလန်နဲ့ အမေရိကန်က အကြီးဆုံး ကုမ္ပဏီကြီး တွေရဲ့ ဘဏ်အကောင့်တွေမှာ စုစုပေါင်း အသားတင်ငွေသား စတာလင်ပေါင် ၈၀၀ ဘီလီယံနဲ့ ‌ဒေါ်လာ ၂ ထရီ လီယံ အသီးသီး ရှိနေတဲ့ အကြပ်အတည်း တခုဖြစ်တယ်။ လက်ဝါးကြီး အရင်းရှင်ကြီးတွေက အဲဒီငွေတွေကို ကုန် ထုတ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မှာ မဟုတ်ဘူး၊ အရင်းရှင်စနစ် အကြပ်အတည်းကာလမှာ အမြတ်ရမှာ မဟုတ်လို့ ရင်းနှီးမြှုပ်နှံတာမျိုး သူတို့ မလုပ်နိုင်ဘူး။

ဒီအချက်တွေအရ အရင်းရှင်စနစ်ဟာ ဘယ်လိုများ စွမ်းဆောင်ရည် မြင့်မားနေသလဲ။ လူမနေတဲ့ အိမ်တွေ ဟောင်း လောင်းရှိနေပေမယ့် အိမ်ခြေယာမဲ့တွေ တပုံတပင် ရှိနေတယ်၊ လူ့အဖွဲ့အစည်းက လိုအပ်နေတာတွေ အမြောက် အမြား ရှိနေချိန်မှာ စက်ရုံတွေ အလုပ်ခွင်တွေကို ရပ်နားထားရတယ်၊ အလုပ်လက်မဲ့တွေ သန်းပေါင်းများစွာ ရှိသ လို စားဝတ်နေရေး အဆင်ပြေဖို့ အလုပ်နှစ်ခုမက လုပ်နေရသူတွေလည်း သန်းပေါင်းများစွာ ရှိနေတယ်၊ ဒီလို အနေအထားမှာ အရင်းရှင်စနစ်က ဘယ်လိုများ အကျိုးဖြစ်ထွန်းနေရတာလဲ? ဒီပဋိပက္ခတွေက အရင်းရှင်စနစ်ရဲ့ လော့ဂျစ်ပဲ။

လူသားတိုင်း နေအိမ်ရဖို့ ၊ လူသားတိုင်း အလုပ်တခုရဖို့ စတဲ့ တောင်းဆိုချက်တွေက ရသင့်ရထိုက်တဲ့ အရာတွေ မဟုတ်ဘူးလား? အခမဲ့ ပညာရေး နှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အကောင်အထည် မဖော်နိုင်အောင် တားဆီးနေတဲ့ အရာအားလုံးကို ဖြိုချပစ်ဖို့က လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေပဲ မဟုတ်ဘူးလား? ဒီတောင်းဆို ချက်တွေနဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားနေတဲ့ အဓိက တရားခံက အရင်းရှင်စနစ်ပဲ၊ တကယ် သုံးစားမရကြောင်း သက်သေပြနေတဲ့ စနစ်တခုပဲ။

“လူ့သဘာဝအရဆို ဘာဖြစ်မလဲ၊ ငါတို့အားလုံးက လောဘသားတွေ မဟုတ်လား”

ဆိုရှယ်လစ်စနစ်ကို အများဆုံး ဝေဖန်တိုက်ခိုက်မှုတွေထဲမှာ “လူ့သဘာဝ”နဲ့ သွေဖီနေတယ်ဆိုတဲ့ အချက်လည်း ပါဝင်တယ်။ နို့ပေမယ့် ဒီအချက်က ဝေဖန် တိုက်ခိုက်မှုတွေကို ပြန်ချေပရာမှာ၊ ဖြေရှင်းလို့ အလွယ်ကူဆုံး အ ကြောင်းအရာတွေထဲက တခုလည်း ဖြစ်တယ်။

လူအများစုက လူသားတွေရဲ့ တွေးခေါ်တဲ့ ပုံစံကို အမြဲတမ်း တသမတ်တည်း ရှိနေတယ်လို့ ယုံကြည်ကြတယ်။ ကနေ့ခေတ် ကျနော်တို့ တွေးခေါ်သလို နောင်လည်းတပုံစံတည်း တွေးခေါ်ကြမယ်လို့ မှတ်ယူကြတယ်။ နို့ပေမယ့် ဒါတွေတခုမှ မမှန်ကြောင်း သာဓကနည်းနည်းလောက် ထုတ်ပြရင် ရပါတယ်။ တကယ်က သဘာဝလောကထဲက အရာခပ်သိမ်းလိုပဲ လူသားရဲ့ သိစိတ် နဲ့ လူ့အဖွဲ့အစည်းကလည်း အမြဲ ပြောင်းလဲနေကြတယ်။ မာ့က်စ်ရှင်းပြခဲ့သ လိုပဲ “ဘဝကသာ အသိကို ပြဌာန်းပေးတယ်”။ နောက်တနည်းပြောရရင် ကျနော်တို့ ကျင်လည်ဖြတ်သန်းနေတဲ့ လူမှုပတ်ဝန်းကျင်ကကျနော်တို့ ဘယ်လို တွေးခေါ်မလဲဆိုတာကို သိသိသာသာ ဆုံးဖြတ်ပေးတယ်။ နမူနာပေး ရရင်ကျနော်တို့သာ တရုတ်ပြည်မှာ လယ်သမားတွေအနေနဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက မွေးဖွားခဲ့ တယ်ဆိုပါတော့၊ ကျနော်တို့ရဲ့ လောကအမြင်ဟာ ကနေ့အချိန်နဲ့ အတော်ကွာခြားသွားလိမ့်မယ်။ အဲ့ဒီခေတ်မှာပဲ

တရုတ်ပြည်ရဲ့ မှူးမတ်တော်ဝင်မျိုးနွယ်မှာ မွေးဖွားခဲ့ရင်တော့ ကျနော်တို့ရဲ့အမြင်က လယ်သမားဘဝ အမြင်မျိုးနဲ့ တခြားစီ ဖြစ်သွားလိမ့်မယ်။

လူသားတွေအနေနဲ့ အစာကွင်းဆက်ရဲ့ ထိပ်ဆုံးကို ရောက်လာတာက တယောက်နဲ့ တယောက်ဆန့်ကျင်ယှဉ် ပြိုင်ခဲ့လို့ မဟုတ်ဘူး။ တပါးသူတွေရဲ့ ဘဝကို ဖျက်စီးပြီး ကိုယ့်ဘဝ တိုးတက်အောင် လုပ်ခဲ့လို့ မဟုတ်ဘူး။ တ ယောက် နဲ့ တယောက် အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့လို့သာ လူသားသမိုင်း အခုလို တိုးတက်လာတာ ဖြစ် တယ်။ လူသားတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့လို့သာ တယောက်ချင်းစီရဲ့ အစွမ်းအစတွေကို ပေါင်းစည်းပြီး အမဲလိုက်နိုင်ခဲ့ကြတယ်။ နေအိမ်တွေကို ဆောက်လုပ်နိုင်ခဲ့တယ်။ အဲ့ဒီကမှတဆင့် ကောက်ပဲသီးနှံတွေကို စိုက်ပျိုး နိုင်ခဲ့တယ်။ တိရစ္ဆာန်တွေကို မွေးမြူလာနိုင်ခဲ့ကြတယ်။ ဒီလိုနဲ့တဆင့်ပြီး တဆင့် တိုးတက်လာခဲ့တယ်။

နမူနာအနေနဲ့ လူသားကလေးငယ် တယောက်ကိုပဲ လေ့လာကြည့်ပါ။ မွေးပြီးပြီးချင်း မိနစ်ပိုင်းအတွင်း မတ်တပ် ရပ် ပြေးလွှားနိုင်တဲ့ ဒရယ်တကောင်နဲ့ နှိုင်းယှဉ်ကြည့်ရင် လူသားကလေးငယ်ဟာ နှစ်အတော်အတန် ကြာအောင် ကိုယ်ထူကိုယ်ထ မရပ်တည်နိုင်သေးဘူး။ တခြားသူတွေရဲ့ အကူအညီသာမရခဲ့ရင် လူသားကလေးငယ်ဟာ ရက်အ နည်းငယ်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒီလိုပဲ ရှေးဦးလူသားတွေအနေနဲ့ တောရိုင်းတိရစ္ဆာန်၊ သဘာဝ အန္တရာယ်တွေကြားမှာ အသက်ရှင်ရပ်တည်နိုင်ရေး၊ အစာရေစာ လုံလုံလောက်လောက် ရှာဖွေနိုင်ရေးတို့အတွက် တယောက်နဲ့ တယောက် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်။ လူသားဖြစ်တည်လာတဲ့ သမိုင်းတလျှောက် လုံးနီးပါး လူတန်းစား ကွဲပြားမှု မရှိခဲ့ဘူး။ လူသားတွေဟာ မျိုးနွှယ်စုလိုက် စုပေါင်းနေထိုင်ခဲ့ကြတယ်။ လူ့သမဂ္ဂ ဝင်အားလုံး အကျိုးဖြစ်ထွန်းအောင် လုပ်စရာရှိတာ ခွဲဝေလုပ်၊ ရလာတာကို ခွဲဝေသုံးခဲ့ကြတယ်။

ကနေ့ခေတ်ကို အပေါ်ယံကြည့်ရင်တော့ ကျနော်တို့ အားလုံးက တသီးပုဂ္ဂလ  သီးခြားစီ ရပ်တည်နေကြတယ်လို့ ထင်ကောင်း ထင်နိုင်တယ်။ နို့ပေမယ့်တကယ့်လက်တွေ့မှာ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ တယောက်နဲ့ တယောက် အရင်ကထက်တောင် ပိုပြီး မှီခိုနေရတယ်။ ကားဒီဇိုင်းဆွဲ၊ သတ္တုတူး၊ သံရည်ကျို၊ ကားစက်ရုံဆောက်၊ ကားပစ္စည်းတပ်ဆင် စတဲ့ အလုပ်တွေအားလုံးကို လူတယောက်ထဲနဲ့ လုပ်လို့ ရမလား။ ဒီလို မေးခွန်းမျိုးမေးတာ ကိုက ဘယ်လောက် ကြောင်တောင်တောင်နိုင်တဲ့ အယူအဆလဲ ပေါ်လွင်နေပြီ။ ဒါ့အပြင် ကားမောင်းဖို့ လောင်စာ ဆီကိုကော လူတယောက်တည်းက ထုတ်နိုင်သလား။ ကားမောင်းဖို့ လမ်းတွေကိုရော ဘယ်လို ဖောက်လုပ်မှာလဲ။ ဒီလိုပဲ ကျနော်တို့ စားသောက်နေတဲ့ အစားအစာတွေကရော ဘယ်လို ရလာတာလဲ။ တခြား နမူနာတွေကိုလည်း ဆက်စပ်ပြီး ကိုယ်တိုင်တွေးကြည့်ပါ။ နမူနာပေးလို့ ကုန်မှာ မဟုတ်ဘူး။ အရင်းရှင်စနစ်အောက်မှာ ကမ္ဘာ့စျေး ကွက်ရယ် ရောင်းကုန် ဖလှယ်မှုရယ်ကနေ လူသားအားလုံးနီးပါးက တယောက်နဲ့ တယောက် သွယ်ဝိုက်နည်းနဲ့ ပတ်သက် ယှက်နွှယ်နေကြတယ်ဆိုတာ မြင်သာပါတယ်။

ကျနော်တို့ဟာ အလုပ် အတူတူလုပ်ပြီး ယှဉ်တွဲ နေထိုင်နေကြတယ်။ နို့ပေမယ့် ကျနော်တို့ တယောက် နဲ့ တ ယောက် မသတ်ဖြတ်အောင်ဆိုပြီး ၂၄ နာရီ ၇ရက်ပတ်လုံး ရဲတွေ အချိန်ပြည့် ရှိနေသလား။ ကျနော်တို့က ကိုယ့်ဘဝ ကြီးပွားတိုးတက်ဖို့ တယောက်နဲ့ တယောက် သတ်ဖြတ်ရင်း အချိန်ကုန် နေကြသလား။ ဒီလိုသာဆို ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် မပြီးဘဲ ရက်နည်းနည်းလောက် ကြာရင်ကျနော်တို့အားလုံး ငတ်သေဖို့ပဲရှိ တယ်။

ဒါဆိုရင် ဘာကြောင့်များ “ငါတို့အားလုံးက တသီးပုဂ္ဂလ လူသားတွေ (individuals)” ဆိုတဲ့ ကြောင်တောင်တောင် အတွေးအခေါ်မျိုး လူတွေမှာ ရှိနေရတာလဲ။ အပေါ်မှာ ပြောခဲ့တာကို ထပ်ပြောရရင် ဘဝက အသိကို ပြဌာန်း ပေးလို့ပဲ။ မာ့က်စ်နဲ့ အိန်ဂျယ် ရှင်းပြခဲ့သလို ဘယ်ခေတ် လူ့အဖွဲ့အစည်းမှာမဆို လူ့အဖွဲ့အစည်းကို လွှမ်းမိုးထား တဲ့ အတွေးအခေါ်ဟာ အုပ်စိုးသူ လူတန်းစားရဲ့ အတွေးအခေါ်သာ ဖြစ်တယ်။ ကနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အရင်းရှင် လူတန်းစားရဲ့ အတွေးအခေါ်က လွှမ်းမိုးနေသော အတွေးအခေါ် ဖြစ်တယ်။ လောဘဇောနဲ့ ယှဉ်ပြိုင်မှု ကို ဇောင်းပေးတဲ့ အတွေးအခေါ် ဖြစ်နေတယ်။

အရင်းရှင် လူတန်းစားက သူတို့လက်ဝယ် ပိုင်ဆိုင်ထားတဲ့ အာဏာအစွမ်းကုန် သုံးပြီး ကျနော့်တို့ရဲ့ အတွေးအခေါ် ကို ပုံသွင်းဖို့ လုပ်ဆောင်ကြတယ်။ ပညာရေး၊ မီဒီယာ၊ ဘာသာတရား အစရှိတဲ့ လက်နက်အစုံ သုံးပြီး အရင်းရှင် စနစ်ရဲ့ စံနှုန်းတွေကို ကျနော်တို့ လက်ခံသဘောကျလာအောင် ဝါဒဖြန့်ကြတယ်။ “ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဆိုတဲ့ခံယူချက်နဲ့ကိုယ်တိုးတက်ကြီးပွားဖို့ ပြိုင်ဘက်ကို အနိုင်ယူ အလဲထိုးရမယ်ဆိုတဲ့ တကိုယ်ကောင်း စိတ် အတွေးအခေါ်မျိုးကို ရိုက်သွင်းပေးတယ်။ အိမ်ခြေယာမဲ့တွေ၊ ငတ်မွတ်ဆာလောင် ဒုက္ခရောက်နေတဲ့သူတွေ၊ စစ်ပွဲမှာ အသတ်ခံရတဲ့ အပြစ်မဲ့ ပြည်သူတွေကို မြင်တွေ့ရင်တောင် မျက်နှာလွှဲ လစ်လျူရှုတတ်လာအောင် ပုံသွင်း ထားကြတယ်။ အလွန်ဆုံးမှ ကျနော်တို့ရဲ့ လိပ်ပြာလုံအောင် သေဆုံးသွားတဲ့ သူတွေအတွက် ဆုတောင်းပေးတာ မျိုး၊ ဒုက္ခရောက်နေတဲ့ သူတွေအတွက် နည်းနည်းပါးပါး “စွန့်ကြဲ ပေးကမ်းတာမျိုး” လောက်ပဲ ရှိတယ်။

ဒီ“စံနှုန်းတွေ”က အလျှံပယ် ချမ်းသာနေတဲ့ လက်တစုပ်စာ အရင်းရှင်တွေကိုပဲ အကျိုးဖြစ်ထွန်းစေတယ်။ အများစု သော ကျန်လူထုအဖို့ နေ့စဉ်ဘဝမှာ လောဘဇောင်းပေး အတွေးအခေါ်ကနေ ဘာအကျိုးအမြတ်မှ မရဘူး။ လူအ များစုကတော့ ငြိမ်းချမ်းရေး၊ ဘဝအာမခံချက်၊ ကောင်းမွန်တဲ့ အလုပ်အကိုင်တခု၊ အရည်အသွေး ပြည့်မီတဲ့ ပညာရေး နဲ့ကျန်းမာရေး စောင့်ရှောက်မှု၊ ချစ်ခင်ရသူတွေနဲ့ မိသားစုအတွက် အချိန်ပေးနိုင်ရေး စတဲ့ အချက်တွေ ကိုသာ လိုလားကြတယ်။ ကုမ္ပဏီတခုနဲ့ တခုကြား အလုအယက် ယှဉ်ပြိုင်ခြင်းကနေ အကျိုးဖြစ်ထွန်းသွားတာ အရင်းရှင်လူတန်းစားပဲ ရှိတယ်။

အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ ပင်မ ပဋိပက္ခ တခုက အများစုပေါင်း ကုန်ထုတ်လုပ်ခြင်း နဲ့ ထုတ်လိုက်တဲ့ ပိုလျှံဓန ဥစ္စာတွေကို ပုဂ္ဂလိကပိုင် သိမ်းယူခြင်းကြားက ပဋိပက္ခပဲ။ အပေါ်မှာ နမူနာပေးခဲ့တဲ့ ကားဥပမာလိုပဲ၊ ကုန်ပစ္စည်း တွေကို လူအများက စုပေါင်း ထုတ်လုပ်ကြရတယ်။ ဒီတော့ ကုန်ပစ္စည်းတွေကို အများစုပေါင်း ထုတ်လုပ်ရပေမယ့် အမြတ်မှန်သမျှက လက်တဆုပ်စာရဲ့ လက်ထဲ ရောက်သွားတယ်။ စက်ရုံတရုံမှာ ကားတွေ ဘယ်လိုထုတ်ရမယ် တကယ်သိနားလည်တဲ့ ထောင်ပေါင်းများစွာသော အလုပ်သမားတွေက ဘာကို ထုတ်မယ် ဘယ်လို ထုတ်မယ် ဆုံးဖြတ်ပိုင်ခွင့် လုံးဝမရှိဘူး။ ပိုလျှံလာတဲ့ ဓနဥစ္စာတွေကို ဘယ်လိုလုပ်ကြမလဲ ပြောပိုင်ခွင့် မရှိဘူး။ အရင်းရှင် လူ တန်းစားကပဲ ပြဌာန်းတယ်။

ဆိုရှယ်လစ်ဝါဒီတွေဟာ လူ့အဖွဲ့အစည်းက ထုတ်လုပ်လိုက်တဲ့ ချမ်းသာကြွယ်ဝမှုကို လူ့အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှု အောက်မှာ ထားပြီး ဒီပဋိပက္ခကို အဆုံးသတ် ပစ်လိုတယ်။ လုပ်အား စိုက်ထုတ်သူတွေ ဖန်တီးပေးတဲ့ ချမ်းသာ ကြွယ်ဝမှုကို လူတိုင်း လုပ်ခလစာ ကောင်းကောင်းရရေး၊ လူမှုဘဝ ဖူလုံရေး၊ အဆင့်အတန်း ပြည့်မီတဲ့ ပညာရေး နဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုး ရရှိရေး၊ ဘဝလုံခြုံရေး၊ အလုပ်လုပ်ရက် လျှော့ချပေးမယ့် နည်းပညာအသစ် တွေ ပေါ်ထွက်လာရေးတို့မှာ အသုံးပြုနိုင်တယ်။

ဒါဟာ စိတ်ကူးယဉ် အတွေးအခေါ်တခု မဟုတ်ဘူး။ လူတိုင်း လူတန်းစေ့ နေနိုင်ဖို့ ရုပ်ဝတ္ထု အခြေအနေတွေက အဆင်သင့် ဖြစ်နေပြီ။ အရင်းရှင် လူတန်းစားက နိုင်ငံရေးနဲ့ စီးပွားရေး အာဏာကို ဆုပ်ကိုင်ထားလို့သာ ဖြစ်မလာ သေးတာ။ တကမ္ဘာလုံးက အလုပ်သမား လူတန်းစားရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီအခြေအနေကို အဆုံးသတ်နိုင် တယ်၊ အနိဌာရုံတွေ၊ ယိုယွင်းပျက်စီးမှုတွေ၊ ဆင်းရဲမွဲပြာကျမှုတွေနဲ့ ယိုင်နဲ့နေသော အရင်းရှင်စနစ်ကိုပါအပြီး တိုင် ချုပ်ငြိမ်းစေနိုင်တယ်။ အဲ့ဒီအခါ ကျနော်တို့ လိုလားတောင့်တတဲ့ ကမ္ဘာသစ်တခု ပေါ်ပေါက်လာလိမ့်မယ်။

ဆာလောင် မွတ်သိပ်မှုမရှိ၊ ဆင်းရဲမွဲတေမှုမရှိ၊ အလုပ်လက်မဲ့မရှိ၊ လူတိုင်း လူတန်းစေ့ နေနိုင်တဲ့ ကမ္ဘာတခုမှာ မွေးဖွားလာတဲ့ ကလေးငယ် တယောက်ကို စိတ်ကူးပုံဖော် ကြည့်ပါ။ အဲသလို လုံးလုံးလျားလျား ပြောင်းလဲသွားတဲ့ အခြေအနေမျိုးမှာ မျိုးဆက်သစ်တွေရဲ့ အသိအမြင်ဟာလည်း လုံး၀ ခြားနားသွားမယ်။ ဆိုလိုတာက သူတို့ရဲ့ လောကအမြင်ဟာ ကနေ့ခေတ် ကျနော်တို့ တွေးခေါ်ပုံနဲ့ လုံးဝ ကွာခြားသွားလိမ့်မယ်။ ဆိုရှယ်လစ်စနစ်အောက် မှာ လူသားတွေဟာ လူကို လူလို ဆက်ဆံကြလိမ့်မယ်။ လူလူချင်း ရောင်းဝယ်ဖောက်ကားတဲ့ ကုန်ပစ္စည်းတွေလို သဘောထား ဆက်ဆံကြမှာ မဟုတ်ဘူး။

အရင်းရှင်စနစ်အောက် အင်မတန် များမြောင်လှတဲ့ ပြဿနာတွေကို ကျနော်တို့ ရင်ဆိုင်နေရခြင်းဟာ ရှားပါးပြတ် လပ်မှု ရှိနေလို့ပဲ။ အရင်းရှင်တွေကချည်း အမြတ်တွေ သဲ့ယူသွားတဲ့အခါ လုပ်အားစိုက်ထုတ် အလုပ်လုပ်နေရသူ တွေအဖို့ လုံလုံလောက်လောက် မကျန်တော့ဘူး။ သဘာဝတရားကနေ နမူနာတခု ပေးရရင် - ကြွက်အကောင် တရာကို လှောင်အိမ်တခုထဲမှာ အစာရေဆာ လုံလုံလောက်လောက်၊ ပိုပိုလျှံလျှံကျွေးပြီး ထည့်ထားမယ်ဆိုပါတော့၊ ဖော်ရွေ နှစ်လိုဖွယ်ကောင်းပြီး ယဉ်ကျေးသိမ်မွေ့တဲ့ သတ္တဝါတွေကို ရလာလိမ့်မယ်။ အဲလိုမဟုတ်ဘဲ ဒီကြွက်အ ကောင်တရာကို အကောင် ငါးဆယ်စာ အစာရေစာလောက်နဲ့ လှောင်အိမ်တခုထဲမှာ ထည့်ထားရင်တော့ ဝရုန်း သုန်းကား ဖြစ်လာတဲ့ အခြေအနေကိုပဲ မကြာခင် တွေ့ရလိမ့်မယ်။ တကောင်နဲ့တကောင် ရန်လိုသွေးဆာနေတဲ့၊ လောဘဇောတက်နေတဲ့ ကိုယ့်ကိုယ်ကျိုးသာသိတဲ့ အရိုင်းအစိုင်း သတ္တဝါအုပ်ကိုပဲ တွေ့ရလိမ့်မယ်။ ဟုတ်ပါတယ်၊ လူသားတွေနဲ့ လူ့အဖွဲ့အစည်းက စမ်းသပ်ခန်းထဲက ကြွက်အကောင်တရာထက် အဆမတန် ပိုရှုပ်ထွေးတယ်၊ အဆင့်အတန်းလည်း ကွာခြားတယ်။ နို့ပေမယ့် ပေးထားတဲ့ နမူနာက အဓိက ဆိုလိုရင်းကို မီးမောင်းထိုးပြနိုင် တယ်။

အားလုံး သိကြသလိုပဲ၊ လက်ရှိကြုံတွေ့နေရတဲ့ အစာရေစာ ရှားပါးမှု ပြဿနာတွေကို လူသားတွေပဲ ဖန်တီးထား ခြင်း ဖြစ်တယ်။ အရင်းရှင်စနစ်အောက် ရင်ဆိုင်နေရတဲ့ ပြဿနာက ကုန်စည် အနည်းအကျဉ်းပဲ ထုတ်လုပ်နေလို့ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းက ကျနော်တို့ ဝယ်ယူနိုင်စွမ်းထက် ပိုများနေလို့၊ ကုန်ထုတ် စွမ်းအားစုတွေက စျေးကွက်ရဲ့ အကန့်အသတ် ဘောင်ကို ကျော်သွားပြီ၊ ဂိုထောင်တွေမှာ ကုန်ပစ္စည်းတွေ စုပုံလာ တယ်၊ စက်ရုံတွေကို ရပ်ထားရတယ်၊ အကြောင်းကတော့ ဒီကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ လူတွေမှာ ဝယ် စရာငွေမရှိ ဖြစ်နေလို့ပဲ။ မာ့က်စ်ပြောခဲ့သလိုပဲ၊ အရင်းရှင် စနစ်အောက် အလျှံပယ် ပေါကြွယ်ဝမှုတွေ ရှိပါရက် ငတ် ပြတ်နေရတဲ့ ပြဿနာ ဖြစ်တယ်။

အရာအားလုံးလိုပဲ “လူ့သဘာဝ” ကလည်း အဆက်မပြတ် ပြောင်းလဲနေတယ်။ အရိုးရှင်းဆုံး ဆန်းစစ်သုံးသပ် ချက် လုပ်ကြည့်ရင်တောင် လူ့သဘာဝကို ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ အရာလို့ လက်ခံနိုင်မှာ မဟုတ်ဘူး။ လူ သားတွေဟာ ရင်သပ်ရှုမောဖွယ် အလွမ်းပြဇာတ်ကြီးတွေ၊ ဟာသဇာတ်လမ်းတွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ပန်းချီ တွေ၊ ပန်းပုတွေနဲ့ မရေမတွက်နိုင်သော အနုပညာ ဖန်တီးမှုတွေကို ဖန်တီးထုတ်လုပ်ခဲ့ကြတယ်။ ဒီဖန်တီးမှုတွေ ဟာ ခေတ်ကာလအလိုက် ပြောင်းလဲနေတဲ့ လူ့လောကအမြင်ကို ထင်ဟပ် ဖော်ထုတ်ထားခြင်း ဖြစ်တယ်။ အနုပ ညာ၊ သိပ္ပံပညာ၊ ဒါမှမဟုတ် သမိုင်းပြတိုက်တခုခုမှာ လှည့်ပတ် လေ့လာလိုက်ရုံနဲ့ ပြောင်းလဲလာတဲ့ လူသားရဲ့ သိစိတ်ကို ကွင်းကွင်းကွက်ကွက် ပုံဖော်ထားတာ တွေ့ရလိမ့်မယ်။ မာ့က်စ်ရှင်းပြခဲ့သလို “ဒဿနပညာရှင်တွေက ကမ္ဘာကြီးကို နည်းလမ်း အသွယ်သွယ်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြတယ်၊ ဒါပေမယ့် အရေးအကြီးဆုံးက ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ပဲ။” ပြောင်းလဲသွားတဲ့ ကမ္ဘာနဲ့အတူ၊ ကျနော်တို့ တွေးခေါ်မှု ပုံစံလည်း ပြောင်းလဲသွားလိမ့်မယ်။

မျိုးခန့်ကျော် ( ဘာသာပြန်သည်)