ပဋိပက္ခကို အရှိန်မြှင့်တင်လိုက်တဲ့ ပူတင်

Jorge Martin and Fred Weston တို့ရေးတဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆောင်းပါး “Ukraine: Putin ups the ante by recognising the Donbas republics and sending in troops” ကို ဘာသာပြန် ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ရေးစဉ်က ယူကရိန်း တပြည်လုံးကို ရုရှားစစ်တပ်တွေ ဝင်ရောက်ကျူးကျော်ခြင်း မရှိသေးပါဘူး၊ ဒွန်းဘတ်(စ်)ဒေသကိုပဲ ရုရှား စစ်တပ်တွေ ဝင်ရောက်ထားသေးချိန် ဖြစ်ပါတယ်။ ဖြစ်ရပ်တွေက အချိန်တိုအတွင်း တဟုန်ထိုး ဖြစ်ပေါ်သွားခဲ့တယ်။ ဒါပေမယ့် ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အကျိုးစီးပွားတွေကို နားလည်ဖို့၊ ဘာ့ကြောင့် ဒီအခြေဆိုက်ခဲ့သလဲ ဆန်းစစ်နိုင်ဖို့ဆိုရင် အခုဆောင်းပါးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆပြီး ဘာသာပြန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အယ်ဒီတာ့မှတ်ချက်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်း အရှေ့တောင်ပိုင်းမှာရှိတဲ့ ဒွန်ညက် ပြည်သူ့သမ္မတနိုင်ငံ (DPR) နဲ့ လူဟန့်(စ်) ပြည်သူ့သမ္မတနိုင်ငံ (LPR)တို့ရဲ့ သီးခြား လွတ်လပ်ခွင့်ကို အသိအမှတ်ပြုလိုက်ပြီး အဲဒီဒေသနှစ်ခုလုံးဆီ “ငြိမ်းချမ်းရေး ထိန်းသိမ်းရေး” တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်။ ဒီအရွေ့ဟာ ရုရှားနဲ့ အနောက် အရင်းရှင်နယ်ချဲ့ ဂိုဏ်းကြားက ပဋိပက္ခကို သိသိသာသာ ကြီးထွားသွားစေတယ်။ ဒီပဋိပက္ခနောက်ကွယ်မှာ ဘယ်လိုအကျိုးစီးပွားတွေ ရှိနေသလဲ၊ နိုင်ငံတကာ လေဘာ လှုပ်ရှားမှုရဲ့ ရပ်တည်ချက်က ဘယ်လို ဖြစ်သင့်သလဲ။

အနောက်အုပ်စုကတော့ အရင်ခြိမ်းခြောက်ထားပြီးသား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ ကြေညာထားတယ်။ အမေရိကန် အရင်းရှင်နယ်ချဲ့၊ နေတိုး စစ်မဟာမိတ်အုပ်စု၊ ဥရောပ သမဂ္ဂနဲ့ အင်္ဂလန်တို့ အားလုံးကတော့ ပူတင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ “ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုကို ချိုးဖောက်ခြင်း” ဖြစ်တယ်၊ “နိုင်ငံတကာ စံနှုန်းတွေနဲ့ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်တာပဲ”လို့ အော်နေကြ တယ်။ လုံးဝ ကြောင်သူတော်ဆန်တဲ့ စကားတွေပဲ။ အခု ရုရှားရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချနေကြတဲ့ နိုင်ငံတွေကိုယ်တိုင် အရင်က ဒီလိုမျိုး လုပ်ရပ်တွေ တထပ်တည်း လုပ်လာခဲ့ကြသူတွေချည်း။

၁၉၉၂ တုန်းက ယူဂိုဆလပ်ဗီးယားကို ဖြိုခွဲဖို့ တွန်းဆော်ခဲ့သူဟာ အနောက် အရင်းရှင်နယ်ချဲ့ ဂိုဏ်းဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့သင့်ဘူး။ အဲဒီတုန်းက ‘နေရှင်နယ် အချုပ်အခြာ အာဏာပိုင်စိုးမှု’ဆိုတဲ့ စကားကို မပြောခဲ့ကြဘူး၊ အကြောင်းပြချက်က ရှင်းပါတယ်၊ ဩဇာခံ နယ်မြေဟောင်းတွေ ပြန်ရရှိဖို့ ယူဂိုဆလပ်ဗီးယားကို ဖြိုခွဲပစ်ရေးဟာ သူတို့ အကျိုးစီးပွား ဖြစ်ခဲ့တယ်။ ဒီလို ဖြိုခွဲပစ်ခြင်းဟာ အလုံးစုံ ဖောက်ပြန်တဲ့ အရွေ့တခု ဖြစ်ခဲ့တယ်၊ ဥရောပရဲ့ နှလုံးသည်းပွတ်နေရာမှာ ပြည်တွင်းစစ် ဖြစ်စေခဲ့တယ်၊ လူမျိုးတုန်း ရှင်းလင်းရေး ဖြစ်စေခဲ့တယ်။

ကြောင်သူတော်ဆန်မှု

အမေရိကန် အရင်းရှင်နယ်ချဲ့နဲ့ ဥရောပ ဂျူနီယာ ပါတနာလေးတွေက ရုရှားအနေနဲ့ ‘နေရှင်နယ် အချုပ်အခြာ အာဏာပိုင်စိုးမှု’ကို လေးစားသမှုရှိဖို့ လိုအပ်ကြောင်း အခုတော့ ပြောနေကြပြီ။ သူတို့ကိုယ်သူတို့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်သူတွေအဖြစ် ပုံဖော်ထားကြတယ်။ အချုပ်အခြာ အာဏာပိုင် တိုင်းပြည်တွေကို ဗုံးကြဲပြီး ကျူးကျော်ဝင်ရောက်ခဲ့တုန်းက သူတို့တတွေ နည်းနည်းလေးမှ တွေဝေမနေခဲ့ဘူးဆိုတဲ့ အချက်ကို ကျနော်တို့ မေ့သွားပြီ ထင်နေသလား။ အမေရိကန် အရင်းရှင်နယ်ချဲ့ဂိုဏ်းက စစ်အာဏာသိမ်းပွဲတွေ ဖန်တီးပြီး တခြားတိုင်းပြည်တွေရဲ့ အရေးကို ဝင်ရောက်စွက်ဖက်တဲ့နေရာမှာ ဆရာတဆူ ကျွမ်းကျင်သူတွေ ဖြစ်တယ်၊ သူတို့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့အခါတိုင်း ဒီလိုဝင်စွက်ဖက်ခဲ့ကြတယ်။ အီရတ်ကနေ အာဖဂန်၊ ဟွန်ဒူးရပ်(စ်)ကနေ ဗင်နီဇွဲလား၊ လစ်ဗျားကနေ ဆိုမာလီယာအထိ၊ သူတို့ဝင်စွက်ဖက်ခဲ့တဲ့ တိုင်းပြည်စာရင်း အရှည်ကြီး ရှိခဲ့ပြီးသားပါ။ သူတို့အကျိုးစီးပွားနဲ့ မကိုက်ဘူးဆိုရင် မမြင်ချင်ယောင်ဆောင်ထားကြတာပဲ။ ယီမင်မှာ ကျနော်တို့ တွေ့ခဲ့ရပြီးပြီ။ ဆော်ဒီအာရေးဗျကို ယီမင် တနိုင်ငံလုံး ချေမွဖျက်ဆီးခွင့် ပေးထားတယ်၊ သန်းပေါင်းများစွာသော ပြည်သူတွေ ငတ်ပြတ်နေခဲ့တယ်။ ဆော်ဒီအာရေးဗျက အနောက်အရင်းရှင်နယ်ချဲ့ဂိုဏ်းအဖို့ မိတ်ဆွေဖြစ်နေလို့ပဲ၊ ရုရှားကတော့ သူတို့မိတ်ဆွေ မဟုတ်တဲ့အတွက် အခုလို အော်နေခြင်း ဖြစ်တယ်။

နိုင်ငံအားလုံးက အလုပ်သမား လူတန်းစားရဲ့ အကျိုးစီးပွား ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် “ဘယ်သူက စသလဲ” ဒါမှမဟုတ် လက်ရှိ ပဋိပက္ခအတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတဲ့ မေးခွန်းမျိုးနဲ့ အရူးလုပ်ခံလို့ မဖြစ်ဘူး။ နှစ်ဖက်စလုံးမှာ အရင်းရှင်နယ်ချဲ့ လိုအင်ဆန္ဒတွေ ရှိနေတယ်။ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကျပြီးကတည်းက အမေရိကန် အရင်းရှင်နယ်ချဲ့နဲ့ သူ့ရဲ့ ဥရောပ နေတိုး စစ်မဟာမိတ်တွေဟာ ရုရှား ဩဇာခံဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေအပေါ် တစထက်တစ လောင်းရိပ်မိုးလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ အရှေ့ဥရောပ တိုင်းပြည်တွေကို သူတို့ မဟာမိတ်အုပ်စုအတွင်း ဆွဲသွင်းလာခဲ့တယ်။

ယူကရိန်းက အမေရိကန် ခေါင်းဆောင်တဲ့ နေတိုး မဟာမိတ်အုပ်စုဝင် ဖြစ်လာဖို့ လျာထားခံနေရသူ ဖြစ်တယ်။ နေတိုး စစ်မဟာမိတ်အုပ်စု အခုလို ချဲ့ထွင်လာခြင်းဟာ ရုရှားရဲ့ ဒေသတွင်း အရင်းရှင်နယ်ချဲ့ မျှော်မှန်းချက်တွေကို ကန့်သတ်ထိန်းချုပ်ဖို့ ရည်ရွယ်ထားကြောင်း မျက်လုံးပါသူတိုင်း အထင်အရှား မြင်နိုင်ပါတယ်။ တနည်းဆိုရရင် ရုရှား အရင်းရှင် လူတန်းစားကို ကန့်သတ်ထားပြီး အနောက် အရင်းရှင်နယ်ချဲ့ အကျိုးစီးပွားတွေကို မြှင့်တင်ပေးဖို့ ဖြစ်တယ်။ နေတိုး စစ်မဟာမိတ်အုပ်စုကသာ အရှေ့ဘက်ကို ချဲ့ထွင်မလာဘူးဆိုရင် ဥရောပမှာ နောက်ထပ် စစ်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေကို ငါတို့ရင်ဆိုင်နေရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ ‘နေတိုး မဟာမိတ် စစ်အုပ်စုက အရင်းရှင် နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးဖို့ ဖွဲ့စည်းထားတဲ့ အရင်းရှင် ပါဝါကြီးတွေရဲ့ မဟာမိတ်အုပ်စု မဖြစ်ခဲ့ရင် အခုလို အခြေအနေမျိုး ငါတို့ကြုံနေရမှာ မဟုတ်ဘူး’လို့ ပြောတာနဲ့ အတူတူပဲ။ အရင်းရှင်စနစ်ဟာ တိကျတဲ့ အချိန်တခုရောက်လာရင် စစ်ပွဲကို မလွဲမသွေ ဖန်တီးပေးတဲ့ စနစ်တခု ဖြစ်တယ်။ “ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်ပြိုင်ခြင်း”နည်းနဲ့ တိုင်းပြည်အသီးသီးက အုပ်စိုးသူ လူတန်းစားတွေရဲ့ အကျိုးစီးပွားတွေကို မဖြည့်ဆည်းပေးနိုင်တော့တဲ့အခါ သာမန် ဆက်ဆံရေးတွေနဲ့ မလုံလောက်တော့တဲ့အခါ စစ်ပွဲက ရွေးစရာတခု ဖြစ်လာတယ်။

၁၉၈၉-၉၁ နှစ်တွေကတည်းက အရှေ့ဥရောပ တိုင်းပြည်တွေမှာ တွေ့ခဲ့ရတဲ့ “အရောင် တော်လှန်ရေး” အမျိုးမျိုး ဟာ အဲဒီတိုင်းပြည်တွေက လူထုရဲ့ လိုအင်ဆန္ဒ ဖော်ထုတ်ချက်တွေ မဟုတ်ဘူး။ ကျန်နေသေးတဲ့ နိုင်ငံတော်ပိုင် ထုတ်လုပ်ရေး ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် ပြောင်းလဲပစ်ရေး၊ ဒေသတွင်း ဈေးကွက်တွေကို ထိန်းချုပ်နိုင်ရေး၊ အနောက် အရင်းရှင်နယ်ချဲ့ ဩဇာခံနယ်မြေတွေ ချဲ့ထွင်ပြီး ရုရှား ဩဇာကို သေးကျုံ့သွားစေရေး အထောက်အကူ ဖြစ်စေမယ့် အစိုးရတွေ ပေါ်ပေါက်လာအောင် အနောက်အုပ်စုက ကြိုးကိုင်ကစားခဲ့လို့ အရောင် တော်လှန်ရေးတွေ ဖြစ်လာခဲ့ရတယ်။ ဒီတော့ ဒါဟာ ‘ဒီမိုကရက်တစ်’ အနောက်အုပ်စု နဲ့ ‘အာဏာရှင်’ ပူတင် တို့ကြားက ပဋိပက္ခတခု မဟုတ်ပါဘူး။ ဒေသတွင်း ထိန်းချုပ်နိုင်ရေး ဆန့်ကျင်ဖက် အရင်းရှင်နယ်ချဲ့ ပါဝါတွေကြားက တိုက်ပွဲတခု သာဖြစ်တယ်။ အနောက် အရင်းရှင်နယ်ချဲ့ဂိုဏ်းက ရန်စကျူးကျော်တဲ့အခါတိုင်း တခြားသူကို အပြစ်ပုံချဖို့ အမြဲ ကြိုးစားတယ်၊ သူ့ကိုယ်သူ ‘ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ’အတွက် တိုက်ပွဲဝင်နေသူလို ပုံဖော်ထားတယ်။

လက်ရှိအခြေအနေရဲ့ အိုင်းရနီက ဒီရွှေ့ကွက်ကို သုံးတဲ့နေရာမှာ ပူတင်က ဝါရှင်တန် ရေးထားတဲ့ နည်းပရိယာယ် စည်းမျဉ်းစာအုပ်အတိုင်း ကျင့်သုံးနေပုံပဲ။ ဒွန်းဘတ်(စ်) ဒေသကို စေလွှတ်လိုက်တဲ့ ရုရှားစစ်တပ်ကို “ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေ”အဖြစ် ဖော်ပြတဲ့နေရာမှာပါ အသေးစိတ် လိုက်တုထားတယ်။ ရုရှားရဲ့ မဟာမိတ် ဆားဘီးယားကို ဗုံးကြဲတုန်းက ကိုဆိုဗို အယ်(လ်)ဘေးနီးယန်းတွေ ဒုက္ခပင်လယ်ဝေနေတဲ့ အခြေအနေကို အမေရိကန်က ယုတ်ယုတ်မာမာ အသုံးချခဲ့သလို ပူတင်က အတုလိုက်ခိုးနေပုံရတယ်။ လက်ရှိအချိန်မှာ ယူကရိန်းနဲ့ အနောက်အုပ်စုကို ပြန်ထိုးနှက်ဖို့ ဒွန်းဘတ်(စ်)ဒေသရဲ့ ရုရှားစကားပြော လူထု ဒုက္ခပင်လယ်ဝေနေတဲ့ အခြေအနေကို ပူတင်က ယုတ်ယုတ်မာမာ အသုံးချနေပြီ။ အမေရိကန်နဲ့ ဥရောပ ပါဝါတွေကတော့ ‘နိုင်ငံတကာ ဥပဒေ’ကို ချိုးဖောက်နေလို့ မိကျောင်းမျက်ရည် ကျပြနေကြတယ် (‘နိုင်ငံတကာ ဥပဒေ’ ဆိုတာ မြေပြင်မှာ ဘာအဓိပ္ပါယ်မှ မရှိတဲ့ အယူအဆတခုပဲ)။ အရင်းရှင်နယ်ချဲ့စနစ် ခေတ်ရဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေကို ဥပဒေနဲ့ စိုးမိုးထားတာ မဟုတ်ဘူး၊ စီးပွားရေး နဲ့ စစ်အင်အားက စိုးမိုးနေခြင်း ဖြစ်တယ်။

DPR နဲ့ LPR ကို သီးခြား လွတ်လပ်ရေး အသိအမှတ်ပြုရခြင်း တရားထူထောင်နေတဲ့ မိန့်ခွန်းရှည်ကြီးထဲမှာ ဒီလို ဝင်ရောက်ခြယ်လှယ်ခြင်းရဲ့ နောက်ကွယ်က ဖောက်ပြန်သော မဟာလူမျိုးကြီးဝါဒကို ပူတင်က ရှင်းရှင်းလင်းလင်း ထုတ်ပြသွားတယ်။ ယူကရိန်းဆိုတာ ရုရှား မိခင်ကိုယ်ထည်ကြီးကနေ လီနင်နဲ့ ဘော်ရှီဗစ်တွေ ဖြတ်ထုတ်ခဲ့လို့ ပေါ်လာရတဲ့ လူလုပ်တိုင်းပြည်တခုအဖြစ် ပူတင် ပြောသွားခဲ့တယ်။ “ခေတ်သစ် ယူကရိန်းကို ရုရှားက ဖန်တီးပေးခဲ့တာ၊ ဒီထက်တိတိကျကျ ဆိုရရင် ဘော်ရှီဗစ် ကွန်မြူနစ် ရုရှားက ဖန်တီးပေးခဲ့တာ”လို့ ပူတင် ပြောခဲ့တယ်။ “လီနင်နဲ့ သူ့ထောက်ခံသူတွေက အရိုင်းနည်းနဲ့ ဒီလို ဖဲ့ထုတ်ခဲ့ကြတာ၊ ရုရှားရဲ့ သမိုင်းဝင် နယ်မြေတွေကို သီးခြား ခွဲပစ်ခဲ့ကြတယ်။ အဲဒီဒေသတွေမှာ နေထိုင်ကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ သဘောဆန္ဒကိုတောင် မမေးခဲ့ကြဘူး”လို့ ဆိုထားတယ်။ ပူတင်က ဆက်ပြောတယ် “အခုတော့ ကျေးဇူးသိတတ်တဲ့ နောက်မျိုးဆက်တွေက ယူကရိန်းမှာရှိတဲ့ လီနင်ရုပ်တုတွေကို ဖြိုချထားကြပြီ။ သူတို့အခေါ် ဒီကွန်မြူနစ်(စ်)တိုင်ဇေးရှင်းပေါ့။ ဒီကွန်မြူနစ်(စ်)တိုင်ဇေးရှင်းကို ခင်ဗျားတို့ အလိုရှိသလား။ ကောင်းတယ်၊ ကျနော်တို့လည်း သဘောတူတယ်။ ဒါပေမယ့် မစို့မပို့တော့ လုပ်လို့မဖြစ်ဘူး။ ယူကရိန်းအတွက် ဒီကွန်မြူနစ်(စ်)တိုင်ဇေးရှင်း အစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲပြဖို့ ကျနော်တို့ အဆင်သင့်ပဲ”။ ဒီနေရာမှာ ပူတင်က အင်ပီရီယယ် ရုရှားကို စံနမူနာအဖြစ် ယူထားကြောင်း ရှင်းရှင်းလင်းလင်း ပြောသွားတယ်။ ဒီလိုလုပ်ရင်း ယူကရိန်းရဲ့ တည်ရှိမှုကိုတောင် ပူတင်က မေးခွန်းထုတ်နေပြီ။ ယူကရိန်းဆိုတာ “လီနင်ရဲ့ ဖန်တီးမှု”အဖြစ် ပူတင်က စဉ်းစားနေတယ်။

ပူတင် အခုလို လုပ်နေတာက ယူကရိန်းမှာ ရှိနေတဲ့ ရုရှား လူမျိုးစုတွေ ဒုက္ခအတိရောက်နေတာ စာနာလို့ မဟုတ်သလို ဒွန်းဘတ်(စ်) လူထု ဒုက္ခပင်လယ်ဝေနေလို့လည်း မဟုတ်ပေ၊ ရုရှား အရင်းရှင် လူတန်းစားရဲ့ အကျိုးစီးပွားကို ကာကွယ်တိုးမြှင့်ဖို့သာ ဖြစ်တယ်။ ရုရှား အရင်းရှင် လူတန်းစားက ရုရှားရဲ့ အခန်းကဏ္ဍကို အင်အားကြီး နိုင်ငံတခုအဖြစ် ပြန်လည်ဖော်ထုတ်ဖို့ အသည်းအသန် လိုလားနေကြတယ်။ ပူတင်ဘက်က ပဋိပက္ခအရှိန်မြှင့်တင်ခြင်းဟာ အရင်းရှင် ရုရှားရဲ့ နေရှင်နယ် လုံခြုံရေး အကျိုးစီးပွားတွေကို ထင်ဟပ်နေတယ် - အရင်းရှင် ရုရှားဟာ ဒေသတွင်း နယ်ချဲ့ ရည်မှန်းချက်တွေနဲ့ ရန်လိုနေသော ဖောက်ပြန်ရေး ပါဝါတခုဖြစ်တယ်၊ သူ့ရဲ့ အရင်းရှင် နယ်ချဲ့ ရည်မှန်းချက်တွေကို ဂျော်ဂျာမှာ၊ အာမေးနီးယား-အဇာဘိုင်ဂျန် ပဋိပက္ခမှာ၊ ဘယ်လာရပ်(စ်)နဲ့ ကာဇက်စတန်မှာ၊ ဒါ့အပြင် ဆီးရီးယားပြည်တွင်း ဝင်ရောက်စွက်ဖက်မှုမှာ ဖော်ထုတ်ပြခဲ့ပြီး ဖြစ်တယ်။ ရုရှားပြည်တွင်းမှာ ဆင်းရဲမွဲတေမှု မြင့်မားလာခြင်း၊ လူမှုစီးပွား ပြဿနာတွေ ကြီးထွားလာခြင်း အကျိုးဆက်အနေနဲ့ ကျဆင်းလာသော ပူတင်ရဲ့ ပေါ်ပြူလာဖြစ်မှုကို ကျားကန်ပေးထားဖို့ မဟာရုရှား လူမျိုးကြီးဝါဒ အလံထူပြီး ရန်စကျူးကျော်လာခြင်း ဖြစ်တယ်။

ပူတင် ဘာ့ကြောင့် ဒီလိုလုပ်သလဲ

ပူတင်ရဲ့ ရည်မှန်းချက်တွေ၊ စေ့ဆော်မှုတွေကို သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်တယ်၊ ဗြောင် ကြေညာထားပြီး ဖြစ်တယ်။ နေတိုး စစ်မဟာမိတ်အုပ်စုဆီ ပူတင်ရဲ့ပေးစာမှာ ဥရောပအတွင်း ရုရှားအတွက် လုံခြုံ ရေး အာမခံချက်တွေပေးဖို့ တောင်းဆိုထားတယ်။ ဒီထဲမှာ ယူကရိန်းက နေတိုး စစ်မဟာမိတ်အုပ်စုထဲ ဘယ်တော့မှ မဝင်ပါဘူးဆိုတဲ့ အာမခံချက်လည်း တောင်းဆိုထားတယ်။ ရုရှား နယ်စပ်မှာ စစ်ရေး လေ့ကျင်မှုတွေ ကန့်သတ် ပေးဖို့နဲ့ တာလတ်ပစ် ဒုံးတွေ ချထားခြင်း မပြုဖို့ တောင်းဆိုထားတယ်။ နှစ် ၃၀ အလွန်က စတာလင်နစ်ဇင် ပြိုကျပြီးတဲ့နောက် နေတိုး စစ်မဟာမိတ်အုပ်စုရဲ့ အရှေ့ဘက် တိုးချဲ့ရေးမူဝါဒကို တုံ့ပြန်ချက်တခု ဖြစ်ပါတယ်။ အဲဒီကာ လတုန်းက ရုရှား စီးပွားရေး ဖရိုဖရဲဖြစ်သွားခဲ့တယ်၊ အမေရိကန် အရင်းရှင်နယ်ချဲ့က ဒီအခြေအနေကို အမြတ်ထုတ်ပြီး အရှေ့ဥရောပမှာ သူ့အာဏာစက် အခြေခိုင်အောင် လုပ်ခဲ့တယ်။ ဝါရှင်တန်ရဲ့ ပါဝါ အရင်နဲ့စာရင် ကျဆင်းသွားမှန်း ခံစားမိလာတဲ့ ရုရှားက ဒီကနေ့အချိန်မှာ သူ့ဩဇာပြန်ချဲ့ဖို့ အမေရိကန် အရင်းရှင်နယ်ချဲ့ကို ပြန်တွန်းထုတ်လာတယ်။

အရင်ကနဲ့စာရင် အမေရိကန် အားပျော့လာတဲ့အချက်ကို ဒီပဋိပက္ခ စတင်ချိန်ကတည်းက လှစ်ဟပြခဲ့တယ်။ “သိပ်မကြာခင် ကျူးကျော်ဝင်ရောက်တော့မယ်”လို့ တောက်လျှောက်ပြောနေပေမယ့် အမေရိကန် တပ်တွေကို ယူကရိန်းဆီ ပို့မှာမဟုတ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ၂၀၁၄ တုန်းက ခရိုင်းမီးယားကို ရုရှား ကျူးကျော်သိမ်းပိုက်တုန်းကလည်း အနောက် အရင်းရှင်နယ်ချဲ့ဂိုဏ်း ဘာမှမလုပ် နိုင်ခဲ့ဘူး။ အခုလည်း ဒီအတိုင်းပဲ။ ပူတင်က အနောက်နယ်ချဲ့ အုပ်စုဆီကနေ သတင်းစကားတခုကို ရှင်းရှင်းလင်းလင်းနဲ့ ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ် - ယူကရိန်းနဲ့ပတ်သက်လို့ ပူတင်စိတ်ကြိုက် လုပ်နိုင်တယ်၊ နောက်ဆက်တွဲ သက်ရောက်မှု သိပ်မကြီးမားနိုင်ဘူး၊ စီးပွားရေး ဒဏ်ခတ်အရေးယူတာတွေပဲ ရှိမယ်၊ စစ်ရေးအရ လက်တုံ့ပြန်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းစကား။

ဒါ့ကြောင့် ဒါဟာ ပါဝါကြီး နှစ်ခုကြားက အခြေခံအားဖြင့် ဖောက်ပြန်လှတဲ့ ပဋိပက္ခဖြစ်တယ်။ တဖက်မှာ အမေရိကန် အရင်းရှင်နယ်ချဲ့ (ဒီကနေ့အချိန်အထိ ဂြိုဟ်ပေါ်မှာ ပါဝါအကြီးဆုံးနဲ့ အဖောက်ပြန်ဆုံး အင်အားဖြစ်နေဆဲ) နဲ့ သူ့မဟာမိတ်တွေ၊ ကျန်တဖက်မှာက ဖောက်ပြန်သော ဒေသတွင်း အရင်းရှင်နယ်ချဲ့ ရည်မှန်းချက်တွေနဲ့ ရုရှား။ ကမ္ဘာ့ အလုပ်သမား လူတန်းစားအဖို့ ဘယ်ဘက်ကိုပဲ ထောက်ခံထောက်ခံ ဘာအကျိုးကျေးဇူးမှ မရနိုင်ဘူး။

ကနဦးစကတည်းက ပူတင်က သူ့ရည်မှန်းချက်တွေကို ရုရှားရဲ့ စစ်အင်အားပြပြီး အရယူဖို့ ကြိုးစားခဲ့တယ်၊ နယ်စပ်မှာ ရုရှားတပ်တွေ အလုံးအရင်းချထားခဲ့တယ်၊ ဘယ်လာရပ်(စ်)နဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပူးတွဲလုပ်ခဲ့တယ်၊ ရုရှား ဒုံးတွေ စမ်းသပ်ပြတယ်။ တချိန်တည်းမှာပဲ အမေရိကန်ကို ဘာလင်နဲ့ ပါရီက ဥရောပ မဟာမိတ်တွေနဲ့ အကွဲအပြဲ ပိုဆိုးသွားအောင် အတိုင်းအတာတခုအထိ လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးအရွေ့မှာ ပူတင်က ပြင်သစ် သမ္မတ အီမန်နျူရယ် မာခရွန်နဲ့ ဂျာမန် အဓိပတိ အိုလာ့(ဖ်)ရှော(ဇ်)တို့ကို ကြိုတင် သတိပေးခဲ့ပေမယ့် ဘိုင်ဒန်ကို သတိမပေးခဲ့ပါဘူး။ ဒီအချက်က မှတ်သားဖို့ ကောင်းတယ်။

သူ့ဘက်က ပြဌာန်းချက်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုကို အလိုရှိကြောင်း ပူတင် တလျှောက်လုံး တောင်းဆိုခဲ့တယ်၊ အနောက် နယ်ချဲ့ဂိုဏ်းက ယူကရိန်း သမ္မတ ဇယ်လင်စကီးကို ၂၀၁၄-၁၅ ကာလမှာ ညှိနှိုင်းထားခဲ့တဲ့ မင့်(စ်) သဘောတူညီချက်တွေ အကောင်အထည်ဖော်လာအောင် ဖိအားပေးဖို့ ပူတင် တစိုက်မတ်မတ် ပြောခဲ့တယ်။ မင့်(စ်)သဘောတူညီချက်တွေထဲမှာ ဒွန်ညက်နဲ့ လူဟန့်(စ်) ပြည်သူ့သမ္မတနိုင်ငံတွေကို ယူကရိန်းရဲ့ အစိတ်အပိုင်း ဆက်ဖြစ်ခွင့်ပေးပြီး အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အနေအထား အပ်နှင်းဖို့ ပါဝင်တယ်။ ဒီသဘောတူညီမှုက ပူတင်ကို ယူကရိန်း နိုင်ငံအတွင်း အမြဲတမ်း လွှမ်းမိုးခြယ်လှယ်ခွင့် ပေးထားလိမ့်မယ်။ (အရင်ယူကရိန်း သမ္မတ Poroshenko ဒွန်ဘတ်စ်ဒေသကို ထိုးစစ်ဆင်ရာမှာ အရေးနိမ့်သွားခဲ့လို့ သဘောတူ လက်မှတ်ရေးထိုးထားခဲ့တဲ့) အဲဒီအချက်တွေကို လက်ရှိ ယူကရိန်း သမ္မတ ဇယ်လင်စကီးသာ သဘောတူခဲ့ရင် ယူကရိန်းပြည်တွင်းက လက်ယာစွန်း အမျိုးသားရေးဝါဒီတွေနဲ့ လက်ယာစွန်းအုပ်စု ကြိုးကိုင်ထားသော စစ်တပ်တွေက ယူကရိန်း သမ္မတကို ဒေါသတကြီး တုံ့ပြန်လာကြလိမ့်မယ်၊ ယူကရိန်း အစိုးရကိုတောင် ဖြတ်ချပစ်နိုင်ချေရှိတယ်လို့ ပူတင် တွက်ချက်ထားနိုင်တယ်။

ဒီမှာလည်း ပူတင်အဖို့ ပြည်သူ့ သမ္မတနိုင်ငံတွေဟာ ဘာမှအရေးမပါဘူး၊ အရင်းရှင်နယ်ချဲ့ ရည်မှန်းချက်တွေ အထမြောက်ဖို့ဆိုရင် စတေးဖို့ ပြင်ဆင်ထားကြောင်း သက်သေပဲ။ ၂၀၁၄ တုန်းက ဒွန်းဘတ်(စ်)ဒေသ အုံကြွမှုဟာ ကြီးမားကျယ်ပြန့်တဲ့ လူထု လှုပ်ရှားမှုကြီးရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပေ။ နာဇီလက်သစ် လက်နက်ကိုင် အဖွဲ့အစည်းတွေ ကျားကန်ပေးထားတဲ့ ယူကရိန်း အစိုးရ အာဏာရလာခြင်းကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုကြီး ၂၀၁၄ မှာ ဖြစ်ပွားခဲ့တယ်။ နာဇီလက်သစ်တွေ ကျားကန်ပေးထားတဲ့ အဲဒီယူကရိန်း အစိုးရက အင်မတန် ဖောက်ပြန်တဲ့ ယူကရိန်း အမျိုးသားရေးဝါဒတမျိုးကို ရေလောင်းပေါင်းသင်ပေးခဲ့တယ်။ ဒီအမျိုးသားရေးဝါဒက ရုရှား လူမျိုးရေး ဆန့်ကျင်မှုကြီးမားပြီး ဒုတိယကမ္ဘာစစ်ကာလ နာဇီ ထောက်ခံသူတွေရဲ့ အစဉ်အလာကို ပြန်လည်ဖော်ထုတ်ခဲ့ကြတယ်။

အဲဒီကာလတုန်းက ယူကရိန်း အရှေ့ပိုင်း သမ္မတနိုင်ငံ ၂ခုလုံးမှာ အင်အားစု မျိုးစုံ ပူးပေါင်းခဲ့ကြတယ်၊ ကွန်မြူနစ်လို့ ဗြောင်ကြေညာထားတဲ့ သူတွေကနေ နာဇီဆန့်ကျင်ရေး ဆိုဗီယက် ခုခံမှုကို အမှတ်လက္ခဏာ အခြေခံထားတဲ့ သူတွေအထိ၊ ရုရှား အင်ပိုင်ယာခေတ်ကို ပြန်လွမ်းနေတဲ့ ဖောက်ပြန်ရေးသမား မဟာရုရှား လူမျိုးကြီးဝါဒီတွေအထိ ပါဝင်တယ်။

သို့သော်လည်း အချိန်ကြာလာတာနဲ့အမျှ သမ္မတနိုင်ငံတွေဟာ မော်စကိုအပေါ် လုံးလုံးလျားလျား မှီခိုလာရတယ်။ စီးပွားရေးအရသာမက စစ်ရေးအရပါ မှီခိုထားကြရတယ်၊ ဒွန်ညက်နဲ့ လူဟန့်(စ်) သမ္မတနိုင်ငံတွေရဲ့ ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေက ပိုပြီးလွတ်လပ်တဲ့၊ အောက်ခြေ ပြည်သူအစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ခဲ့တယ်။ အဲဒီလို ဖယ်ရှားပေးဖို့ ပူတင်က တောင်းဆိုလာတဲ့အခါသမ္မတနိုင်ငံ ၂ခုရဲ့ ခေါင်းဆောင်တွေက အရပ်သားပြည်သူတွေကို မောင်းထုတ်ဖို့ အမိန့်ထုတ်ခဲ့တယ်၊ တိုက်ခိုက်နိုင်တဲ့ အရွယ်ရှိသူ အမျိုးသားအားလုံးကို တပ်လှန့်ပြင်ဆင်တယ်၊ ဒီနောက် အသိအမှတ်ပြုပေးဖို့ မော်စကိုဆီ ပြေးသွားခဲ့တယ်၊ ပူတင်က တလေးတစားနဲ့ လိုက်လျောပေးခဲ့တယ်။

ဒီသမ္မတနိုင်ငံ ၂ခုလုံးက မော်စကိုအပေါ် လုံးလုံးလျားလျား မှီခိုထားနေပြီးဖြစ်လို့ ရုရှားက သူတို့ရဲ့ ‘သီးခြား လွတ်လပ်ရေး’ အသိအမှတ်ပြုကြောင်း ကြေညာတာဟာ ဘာအဓိပ္ပါယ်မှ မရှိဘူး။ တခုတည်းသော အပြောင်းအလဲက ဒီဒေသတွေဟာ ယူကရိန်းရဲ့ အစိတ်အပိုင်း မဟုတ်တော့ဘူးလို့ ပူတင်က လူသိရှင်ကြား ထုတ်ပြန်လိုက်တဲ့ အချက်ပဲ။

ဘာပြောင်းသွားသလဲ

ပူတင်ရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ရာမှာ အမေရိကန်က စစ်လိုလားတဲ့ ရပ်တည်ချက်မျိုး ချထားခဲ့တယ်၊ ယူကရိန်းကို ရုရှားက “နေ့ချင်းညချင်း” ကျူးကျော်ဝင်ရောက်လာတော့မယ်လို့ တောက်လျှောက် ပြစ်တင်ရှုတ်ချလာ ခဲ့တယ်၊ ပူတင်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောချက် ဘာတခုမှ မပေးဘဲ ငြင်းဆန်လာခဲ့တယ်။ ကျောင်းကစားကွင်းမှာ ကလေးတိုင်းကို ဗိုလ်ကျနေတဲ့ အကောင်ကြီးတကောင်က သူ့မှာ အားနည်းချက်တစုံတရာ ရှိနေကြောင်း တခြားကလေးတွေ အမြင်မခံဝံ့ဘူး။ သူ့မှာ အားနည်းချက်ရှိနေမှန်း သိသွားကြရင် ကလေးတိုင်းက သူ့ကို စိန်ခေါ်လို့ရနိုင်မှန်း ခံစားမိလာလိမ့်မယ်။ ဒီလိုပဲ ဘိုင်ဒန်ဟာ ရုရှားကို ယူကရိန်းအရေးနဲ့ ပတ်သက်လို့ စစ်ရေးအရ ရင်မဆိုင်လိုဘူး၊ ရင်ဆိုင်နိုင်စွမ်း မရှိဘူးဆိုပေမယ့် သူ့ဘက်က အားနည်းနေလို့ လိုက်လျောချက်တွေ ပေးလိုက်ရတယ်ဆိုတာမျိုးလည်း အမြင်မခံနိုင်ဘူး။ အဲဒီလို ရှေ့တိုးတံပိုး နောက်ဆုတ် လှည်းထုပ်ဖြစ်နေတဲ့ အခြေအနေက လက်ရှိ ပဋိပက္ခကို ပိုမြင့်တက်သွားစေတာပဲ။

အနောက် အရင်းရှင်နယ်ချဲ့တွေက ပြင်းပြင်းထန်ထန် စကားလုံးတွေသုံးပြီး ရှုတ်ချနေပေမယ့်လည်း တကယ့် လက်တွေ့မှာ သူ့ကို ဟန့်တားနိုင်စွမ်း မရှိဘူးဆိုတဲ့အချက်ကို ပူတင်က ရှင်းရှင်းလင်းလင်း တွက်ချက်ထားတယ်။ ဒီကနေ့အချိန်အထိ အနောက်အုပ်စုရဲ့ တုံ့ပြန်မှုက ရုရှားအပေါ် ဒဏ်ခတ်အရေးယူခြင်းမျိုးစုံ ကြေညာထားတာပဲ ရှိသေးတယ်။ ဥရောပ သမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေက ခွဲထွက်သွားတဲ့ သမ္မတ ၂နိုင်ငံလုံးနဲ့ ကုန်သွယ်သူ ဘယ်သူ့မဆို ပစ်မှတ်ထား ပိတ်ဆို့တယ်။ တကယ့်ပြဿနာက ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံလုံးက တသဘောတည်း ဖြစ်ဖို့ လိုသေးတယ်၊ သူတို့ကြားထဲမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေတာလည်း အထင်အရှားပဲ၊ အီတလီ၊ ဩစထရီးယားနဲ့ ဂျာမနီတို့က ဓာတ်ငွေ့ တင်သွင်းမှု ပြတ်တောက်သွားမှာကို အထူးစိုးရိမ်နေကြတယ်။ ရုရှားက ဥရောပရဲ့ ဓာတ်ငွေ့ သုံးစွဲမှု စုစုပေါင်းရဲ့ ၄၀%ကို ထောက်ပံ့ပေးထားတာ။ ဥရောပတလွှား စွမ်းအင်ဈေးတွေ အလွန်အမင်း ထိုးတက်နေလို့ သန်းပေါင်းများစွာသော လူထုက မကျေမချမ်းနဲ့ ဒေါသထွက်နေကြချိန်လည်း ဖြစ်တယ်။ အခုနောက်ဆုံး ဖြစ်ထွန်းမှုတွေက ဓာတ်ငွေ့ဈေးတွေ ဒီထက် ပိုတက်သွားအောင် တွန်းပို့နေတယ်၊ ရေနံစိမ်းဈေးလည်း ဒီထက် ပိုတက်လာလိမ့်မယ်၊ ရုရှားက ရေနံစိမ်း အဓိက ထုတ်လုပ်သူ ဖြစ်တယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘိုးရစ်(စ်) ဂျွန်ဆန်က သူ့ပြည်တွင်းရေး ပြဿနာတွေကနေ လူထုကို အာရုံလွှဲဖို့ အရေးတကြီး လိုအပ်နေတယ်၊ လူထုရဲ့ မကျေနပ်ချက်တွေ တိုးသထက်တိုးလာနေတဲ့ အခြေအနေမှာ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဘိုးရစ်(စ်)ဂျွန်ဆန်ရဲ့ ပေါ်ပြူလာဖြစ်နှုန်း ထိုးကျနေတယ်။ ယူကရိန်းကို ကာကွယ်ဖို့ ကျယ်ကျယ်လောင်လောင် အော်နေတယ်၊ ရုရှား သူဌေးကြီး သုံးဦးရဲ့ ပိုင်ဆိုင်မှုတွေကို ဗြိတိန်က တားမြစ်ပိတ်ပင်လိုက်မယ်၊ ရုရှား ဘဏ်ကြီး ငါးခုကိုလည်း ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဦးမယ်လို့ ကြုံးဝါးထားတယ်။

ဘိုင်ဒန်ကလည်း ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ယူကရိန်း ဒေသတွေနဲ့ အမေရိကန် နိုင်ငံသားတွေ ကုန်သွယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အသစ်တွေလုပ်ခြင်း၊ ဘဏ္ဍာရေးကိစ္စတွေ လုပ်ဆောင်ခြင်းကို ပိတ်ဆို့အရေးယူသွားမယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် ဂျော့(ဂ်ျ) ဘွတ်(ရှ) လက်ထက် မှာ အိမ်ဖြူတော်က နိုင်ငံလုံခြုံရေး ကောင်စီရဲ့ ရုရှားနိုင်ငံဆိုင်ရာ ညွှန်မှူးလုပ်ခဲ့သူ ထောမတ်(စ်) ဂရေဟမ်က ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ရုရှား နောက်ထပ်ဘာလုပ်မလဲ ဆိုတဲ့အပေါ် “ဘာမှ ကြီးကြီးမားမား သက်ရောက်မှု ရှိမှာမဟုတ်ဘူး”လို့ ဆိုထားတယ်။ ၂၀၁၄ တုန်းက ခရိုင်းမီးယားကို ရုရှား သိမ်းပိုက်လိုက်တဲ့နောက် ရုရှားအပေါ် ချမှတ်လိုက်တဲ့ ဒဏ်ခတ်အရေးယူမှုတွေလိုပဲ ဖြစ်လိမ့်မယ်။ ပူတင်အပေါ် သက်ရောက်မှုကလည်း အဲဒီတုန်းကလိုပဲ ဖြစ်လိမ့်မယ်။

ယူကရိန်း အစိုးရ အားချိနေတာကိုလည်း ပူတင် သိတယ်။ အခုဆိုရင် သမ္မတနိုင်ငံ ၂ခုဆီ ရုရှား စစ်တပ်တွေ ပို့ထားပြီးပြီ၊ နောက်ဘာထပ်ဖြစ်မလဲ။ နောက်ထပ် ဘာတွေဆက်ဖြစ်မလဲ ပြောဖို့ခက်ပါတယ်။ စစ်ပွဲဆိုတာ အလွန် ရှုပ်ထွေးပါတယ်၊ စမိပြီဆိုတာနဲ့ နောက်ဆုံး ရလဒ်ဘာဖြစ်လိမ့်မလဲ ဘယ်သူမှ မပြောနိုင်ပါဘူး။ အချိုးအကွေ့တိုင်းမှာ ဖြစ်ထွန်းနေတဲ့ အခြေအနေတွေ ဘယ်ကိုဦးတည်ရွေ့လျားနေသလဲ ပူတင် အသေအချာ စဉ်းစားရလိမ့်မယ်၊ ဒီ အပေါ်မူတည်ပြီး သူ့နောက်ခြေလှမ်းကို ပြင်လိမ့်မယ်။

အရင်ဆောင်းပါးတွေတုန်းက ရုရှားနဲ့ ယူကရိန်းကြား ဒင်ပြည်ကျပ်ပြည့် စစ်ပွဲကြီးတခု ဖြစ်နိုင်ချေ အလွန်နည်းတယ်လို့ ကျနော်တို့ စဉ်းစားခဲ့တယ်။ ဆိုတော့ ဘာတွေ ပြောင်းသွားပြီလဲ။ အဲဒီတုန်းက ပူတင်ဟာ အမေရိကန်နဲ့ ဥရောပ မဟာမိတ်တွေက ဥရောပမှာ အလွန်ဆိုးရွား ပြင်းထန်တဲ့ စစ်ပွဲကြီးတခု ဖြစ်နိုင်ချေကို ရင်ဆိုင်မယ့်အစား သူ့တောင်းဆိုချက်တွေကို လိုက်လျောပေးလိမ့်မယ်လို့ တွက်ချက်ထားတယ်။ ပူတင်ဘက်က မင့်(စ်)သဘောတူညီချက်ကို အကောင်အထည်ဖော်ပေးဖို့ တွန်းအားပေးနေခဲ့တယ်။ ဒါပေမယ့် အမေရိကန် အရင်းရှင်နယ်ချဲ့ လွှမ်းမိုး ထားတဲ့ နေတိုး မဟာမိတ်စစ်အုပ်စုက နောက်ပြန်မဆုတ်နိုင်ဘူး၊ ပူတင်ရဲ့ တောင်းဆိုချက်တွေကို မပေးနိုင်ဘူးဆိုတာ တွေ့ခဲ့ရတယ်။ သူတို့အမြင်မှာ လိုက်လျောချက်တွေ ပေးလိုက်ရရင် ရုရှားကို ပိုအားကောင်းစေလိမ့်မယ်၊ ဒါမျိုး မဖြစ်ချင်ဆုံးပဲ။ အမေရိကန်က နေတိုး စစ်မဟာမိတ် ချဲ့ထွင်ခြင်း ပြဿနာမှာ သဘောထားပြောင်းလဲဖို့ လုံးဝ ငြင်းဆန်နေခဲ့တယ်။

ဒီအခါ ပူတင်အဖို့ သူခြိမ်းခြောက်ထားတဲ့အတိုင်း ဆက်လုပ်မလား ဒါမှမဟုတ် နောက်ပြန်ခေါက်မလား ရွေးရမယ့် အခြေဆိုက်သွားတယ်။ ပူတင်ရဲ့ အစောပိုင်း ခြိမ်းခြောက်မှုတွေ အရာမထင်ခဲ့ဘူး၊ ဒီတော့ သူ့ရဲ့တခုတည်းသော ရွေးလမ်းက လက်ရှိ ပဋိပက္ခကို အရှိန်ထပ်တင်ဖို့သာ ရှိတော့တယ်၊ ခွဲထွက်ရေး သမ္မတနိုင်ငံ ၂ခုဆီ စစ်တပ်တွေ ပို့ဖို့ရာ ရမယ်ရှာဖို့ ဖြစ်လာတယ်။ အဲဒီဒေသကို ရုရှား စစ်တပ်တွေ ပို့ရာမှာ ပူတင်အဖို့ အားသာချက်ရှိတဲ့အချက်က ဒေသခံ ပြည်သူ အတော်များများက ရုရှား တပ်တွေကို ကြိုဆိုလိမ့်မယ်။ ဒီဒေသတွေမှာ တပ်စွဲပြီးသွားရင် ပူတင်က အထက်စီးကနေ ညှိနှိုင်းရေး လုပ်နိုင်လာမယ်။ သို့သော်လည်း ပူတင်သာ ယူကရိန်း တပြည်လုံးကို ကျူးကျော် ဝင်ရောက်ခဲ့ရင် ပူတင်ရဲ့ ကျဆုံးခန်း ဖြစ်သွားနိုင်တယ်၊ ရုရှား အုပ်စိုးမှုကို ဆန့်ကျင်လာမယ့် ပြည်သူတရပ်လုံးကို ပူတင် ရင်ဆိုင်ရလိမ့်မယ်။

စစ်ပွဲအလိုမရှိ၊ အဓိကရန်သူက ကိုယ့်ပြည်တွင်းမှာ

ပူတင်က အနောက် အရင်းရှင်နယ်ချဲ့အုပ်စုကို စားပွဲဝိုင်း တွန်းပို့ပြီး သူတောင်းဆိုချက်တွေ လိုက်လျောလာအောင် လုပ်နေမှန်း ရှင်းပါတယ်။ ဒါပေမယ့် အနောက်အုပ်စုက လက်မခံနိုင်ဘူး။ ဒါ့ကြောင့် နောက်ဆုံးမှာ ပူတင်အနေနဲ့ ပဋိပက္ခကို ပိုမြှင့်တင်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ ခွဲထွက်ထားတဲ့ သမ္မတနိုင်ငံ ၂ခုကိုပဲ ပူတင် ဆက်ပြီး ခြေကုပ်ယူထားမလား၊ ဒါမှမဟုတ် ယူကရိန်းတပြည်လုံးကို ကျူးကျော်သိမ်းပိုက်ဖို့ ရှေ့ဆက်တိုးမလား။

ရုရှား ဒူးမား လွှတ်တော်ရဲ့ Commonwealth of Independent States ရေးရာ ကော်မတီ ဥက္ကဌ လီယိုနစ်(ဒ်) ကလတ်(ရှ)နစ်ကော့(ဗ်)က ဒွန်ညက်နဲ့ လူဟန့်(စ်) ပြည်သူ့ သမ္မတနိုင်ငံတွေကို ဒီနာမည်နဲ့ ဒေသတွေအတွင်း ကျ ရောက်နေတာ အသိအမှတ်ပြုထားပြီး ဖြစ်ကြောင်း ထောက်ပြခဲ့တယ် (ခွဲထွက်ရေးသမားတွေက ဒီဒေသတွေရဲ့ အစိတ်အပိုင်းတခုကိုပဲ ထိန်းချုပ်ထားတာ)။ ဒါ့ကြောင့် သူတို့ရဲ့ နိုင်ငံဖြစ်မှုကို ကျန်နေသေးတဲ့ ဒေသတွေအထိ တိုးချဲ့သွားဖို့ တောင်းဆိုနိုင်တယ်။ “ဒီနယ်နိမိတ်တွေကို ဘယ်လိုမျိုး ပြန်သတ်မှတ်မလဲဆိုတာတော့ ဒီသဘောတူညီချက်ထဲ မပါဘူး။ LPR နဲ့ DPR တို့က ဒီကိစ္စကို ဘာဆက်လုပ်မလဲ ဆိုတာက ငါတို့တတ်နိုင်တဲ့အရာ မဟုတ်ဘူး”လို့ ကလတ်(ရှ)နစ်ကော့(ဗ်)က ဆိုထားတယ်။

ဒါဟာ လက်ရှိ ခွဲထွက်ထားတဲ့ နယ်မြေတွေကို ကျော်ပြီး ယူကရိန်းနဲ့ ရုရှား စစ်တပ်တွေ တိုက်ရိုက် စစ်ပွဲဖြစ်လာနိုင်တဲ့ အခင်းအကျင်းကို တံခါးဖွင့်ပေးထားတာပဲ။ အနောက်အုပ်စုက ဒဏ်ခတ်အရေးယူမှုတွေ စလုပ်နေပြီ၊ ပူတင်သာ ယူကရိန်းထဲ ကျူးကျော်ပြီး လက်ရှိအစိုးရကို ဖြုတ်ချဖို့ လုပ်လာရင် နေတိုး စစ်မဟာမိတ်အုပ်စုက တခြား ဘာလုပ်နိုင်မလဲ။ စစ်ရေးရှုထောင့်သက်သက်က ကြည့်မယ်ဆိုရင် ရုရှားက ယူကရိန်းကို လွယ်လွယ်လေး အနိုင်ယူနိုင်တယ်၊ ဘယ်ဥရောပ ပါဝါတွေကမှ စစ်မြေပြင်မှာ သူတို့တပ်တွေထုတ်သုံးပြီး ဝင်မပါချင်ဘူး။ ခွဲထွက်ထားတဲ့ သမ္မတနိုင်ငံတွေမှာသာ ရုရှား တပ်တွေကို လိုလားကြောင်းပြတဲ့ ဒေသခံ ပြည်သူတွေ ရှိပေမယ့် ယူကရိန်းရဲ့ နှလုံးသည်းပွတ်နေရာတွေကို ပူတင် ကျူးကျော်ဝင်ရောက်သွားရင် အခင်းအကျင်းက လုံးဝခြားနားသွားမယ်၊ ကျယ်ပြန့်တဲ့ လူထု ဆန့်ကျင်တွန်းလှန်မှုတွေ ရင်ဆိုင်ရလိမ့်မယ်။ ဒီအခါ နယ်မြေသိမ်းပိုက်ရေးဟာ အလွန်ခက်ခဲသွားမယ်၊ ရေရှည်ထိန်းထားနိုင်ဖို့ဆိုရင် အရင်းအနှီး အလွန်များမှာပဲ။

ခေးယစ်(ဗ်) အစိုးရဟာ အလွန်ကြီးမားတဲ့ ဖိအားတွေ ကြုံနေရပြီ။ ခေးယစ်(ဗ်)အစိုးရ ရှုထောင့်ကကြည့်ရင် ယူကရိန်းရဲ့ နယ်မြေတွေကို တရားဝင်သဘောအရ ကျူးကျော်ခံထားရပြီ။ ဒါပေမယ့် သူလုပ်နိုင်တာ ဘာမှမရှိလှဘူး။ ပြီးခဲ့တဲ့ ရှစ်နှစ်တုန်းက ခရိုင်းမီးယား ဝင်သိမ်းခံခဲ့ရတယ်၊ ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ရှိပေမယ့် အခုထိ ရုရှား ဖက်ဒရေးရှင်းရဲ့ အစိတ်အပိုင်း ဖြစ်နေဆဲ။ ဒွန်းဘတ်(စ်)ဒေသကို ခေးယစ်(ဗ်) အစိုးရ နောက်ဆုံးအကြိမ် ထိုးစစ်ဆင်တုန်းကလည်း အရေးနိမ့်ခဲ့တယ်၊ သူ့ဘက်ကနေ ဘယ်သူမှ ဝင်မကူခဲ့ဘူး။ ယူကရိန်းက ကုလ လုံခြုံရေး ကောင်စီကို အရေးပေါ် အစည်းအဝေး ကျင်းပပေးဖို့ တောင်းဆိုထားတယ်၊ ဒါပေမယ့် ကုလ လုံခြုံရေး ကောင်စီက ရုရှားရဲ့ လုပ်ရပ်တွေကို ရှုတ်ချတဲ့ ထုတ်ပြန်ချက်လောက်မှ ထုတ်နိုင်ပါ့မလား သံသယဝင်စရာပဲ။ ကုလ လုံခြုံရေး ကောင်စီထဲမှာ ရုရှားက ဗီတိုကိုင်ထားတယ်။ ဇယ်လင်စကီး အစိုးရအဖို့ ဘာမှမတတ်နိုင်တဲ့အဆုံး ပြုတ်ကျသွားနိုင်တယ်။

အမေရိကန်ရဲ့ ပထမဆုံး လက်တွေ့တုံ့ပြန်ချက်က ယူကရိန်းကနေ State Department ဝန်ထမ်းတွေအားလုံး ကယ်ထုတ်တယ်၊ ယူကရိန်းမှာ ရှိနေတဲ့ အမေရိကန် သံရုံးကို နေရာရွှေ့တယ်။ ဒီအချက်က အရင်နဲ့စာရင် အမေရိကန် အရင်းရှင်နယ်ချဲ့ အားချိနေခြင်းကို မီးမောင်းထပ်ထိုးပြလိုက်တာပဲ။ ဒီမတိုင်ခင်ကတည်းက အမေရိကန် သံရုံးကို ခေးယစ်(ဗ်)ကနေ လေးယစ်(ဗ်)ကို ရွှေ့ထားပြီးသား၊ အခုတော့ ပိုလန်(ဒ်)အထိ ရွှေ့သွားပြီ။ ဇယ်လင်စကီးအနေနဲ့ ဝါရှင်တန်က ကြိုးကိုင်အရှင်ကြီးက ယူကရိန်းကို ရုရှားရန်ကနေ ကာကွယ်ပေးဖို့ ဘယ့်ကလောက် ပြင်ဆင်ထားသလဲ အထင်အရှား မြင်နေရပြီ။

ပူတင်ရဲ့ ရည်မှန်းချက်က အဆုံးမတော့ နဂိုအတိုင်းပဲဆိုတာ ထင်ရှားတယ် - ရုရှားကို ဒေသတွင်း ပါဝါအဖြစ် အသိအမှတ်ပြုခံချင်တာ၊ “သူ့အိမ်နီးချင်း”က သူ့အကျိုးစီးပွားတွေအတွက် အန္တရာယ် ဖြစ်မလာနိုင်မယ့် အာမခံချက် ရထားချင်တာ။ သူဝင်ရောက်ထားပြီးသား ဒွန်ညက်နဲ့ လူဟန့်(စ်) ဒေသတွေကို ပူတင်စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဆက်ချဲ့သွားနိုင်တယ်။ ဒါကတော့ ကျနော်တို့ နီးနီးကပ်ကပ် စောင့်ကြည့်သွားရမယ့် အခြေအနေတခုပဲ။

ယူကရိန်းနဲ့ ရုရှားက အလုပ်သမား လူတန်းစား ရှုထောင့်ကကြည့်ရင် ဘာတခုမှ ပြေလည်မသွားသလို ဘာအကျိုးမှ မခံစားရဘူး။ ယူကရိန်းက လီနင်ရဲ့ ဖန်တီးချက်လို့ ပူတင်ပြောတာဟာ မမှန်ပါဘူး၊ ယူကရိန်းရဲ့ ရှုပ်ထွေးလှတဲ့ နေရှင်နယ် ပြဿနာဟာ ၁၉၁၇ မတိုင်ခင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် လူမျိုးစု တိုင်းပြည်တွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အပေါ် လီနင်ရဲ့ အလေးအနက်ထားတဲ့ ပေါ်လစီ (စတာလင်နဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ပြဿနာတခု) ကြောင့် ဆိုဗီယက် ယူကရိန်းနဲ့ ဆိုဗီယက် ရုရှားတို့ဟာ မိမိတို့ဆန္ဒအလျှောက် တန်းတူရည်တူ စုပေါင်းနိုင်ခဲ့တယ်၊ လွန်ခဲ့တဲ့ နှစ် ၁၀၀ တိတိ ၁၉၂၂ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စု ထူထောင်တော့ ဒီလို တန်းတူရည်တူ ပေါင်းစည်းမှုကို အသိအမှတ်ပြုခဲ့တယ်။ ဒီအဓိပ္ပါယ်နဲ့သာ ယူကရိန်းကို လီနင် ဖန်တီးခဲ့တယ်လို့ ပြောနိုင်တယ်၊ Euromaidan လှုပ်ရှားမှုကနေ အာဏာရလာတဲ့ ဖောက်ပြန်သော ယူကရိန်း အမျိုးသားရေးဝါဒီတွေက အဲဒီအခြေအနေကို ဖျက်ဆီးပစ်လိုက်ပြီ။

ယူကရိန်း နဲ့ ရုရှားက အလုပ်သမားထုဟာ ခိုင်မာတဲ့ သမိုင်းကြိုးတွေနဲ့ တွယ်နှောင်ထားကြတယ်။ ဒီချိတ်ဆက်မှုကို ဖောက်ပြန်သော ယူကရိန်း အမျိုးသားရေးဝါဒနဲ့ မဟာရုရှား လူမျိုးကြီးဝါဒ အဆိပ်တွေက အားနည်းသွားစေခဲ့တယ်၊ အထူးသဖြင့် ၂၀၁၄ နောက်ပိုင်းမှာ။ ယူကရိန်းဟာ ပြည်တွင်းစစ်ထဲ နစ်မွန်းနေခဲ့တယ်၊ စီးပွားရေး အကျပ်အတည်းကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေ ပြည်ပရွှေ့ပြောင်းသွားကြရတယ်။

အလုပ်သမား လူတန်းစားအဖို့ တခုတည်းသော လွတ်မြောက်ရာ လမ်းက ကပ်ပါးကောင် အရင်းရှင် အုပ်စိုးသူ လူတန်းစားကို ဖြိုချပစ်ရေးပဲ။ ဒီကပ်ပါးကောင် အရင်းရှင်လူတန်းစားက ပြီးခဲ့တဲ့ အနှစ် ၃၀ လုံးလုံး တိုင်းပြည်ကို မင်းမူအုပ်စိုးလာခဲ့ကြတယ်။ လူ့အဖွဲ့အစည်းရဲ့ ဓနဥစ္စာတွေကို မောင်ပိုင်စီးထားခဲ့ကြတယ်။ အလုပ်သမား လူတန်းစား အာဏာရလာမှသာ ယူကရိန်း အမှန်တကယ် လွတ်လပ်သွားမယ်၊ အလုပ်သမား လူတန်းစားက ဘာသာစကားနဲ့ နေရှင်နယ် အမှတ်လက္ခဏာ ကွဲပြားမှုတွေကို ဖြတ်ကျော်ပြီး မိမိတို့သဘောဆန္ဒအလျောက် ပေါင်းစည်းသွားကြမယ်။

အနောက် နိုင်ငံတွေက အလုပ်သမားထုရဲ့ အဓိကတာဝန်ကတော့ ကိုယ့်တိုင်းပြည်အတွင်းက ဖောက်ပြန်သော အရင်းရှင်နယ်ချဲ့ အုပ်စိုးသူ လူတန်းစားအသီးသီးကို ဆန့်ကျင်ကြဖို့ပဲ။ ရုရှားပြည်တွင်းက အလုပ်သမားထုရဲ့ အဓိက တာဝန်က ဖောက်ပြန်သော ရုရှား အုပ်စိုးသူ လူတန်းစားကို ဆန့်ကျင်ရေး ဖြစ်တယ်၊ ပူတင်ရဲ့ ဒေသတွင်း နယ်ချဲ့ပါဝါ ရည်မှန်းချက်တွေကို ရုရှား အုပ်စိုးသူ လူတန်းစားက မောင်းနှင်ပေးနေတာ ဖြစ်တယ်။ ယူကရိန်း အလုပ်သမားထုရဲ့ အဓိက တာဝန်က ယူကရိန်း အရင်းရှင် အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးဖြစ်တယ်၊ ဒီအုပ်စိုးသူ လူတန်းစားက ယူကရိန်းကို ပြည်တွင်းစစ် ပဋိပက္ခထဲ ဆွဲနှစ်ထားခဲ့ကြတယ်၊ ယူကရိန်း အုပ်စိုးသူ လူတန်းစားက သူတို့မောင်ပိုင်စီးထားတဲ့ ဓနဥစ္စာတွေကို ပြည်ပမှာ လျှို့ဝှက်သိမ်းဆည်းထားကြတယ်။

War on the palaces, peace on the huts!

မေဆန် ဘာသာပြန်သည်

၂၄.၂.၂၀၂၂