“လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု - တော်လှန်ရေးတရပ်ကို ဘယ်လိုစုရုံး ပြင်ဆင်ကြမလဲ” Share Tweetအရင်းရှင်စနစ်ကို တော်လှန်ရေးနည်းနဲ့ ဖြိုချပစ်လိုသူတွေ ပိုပိုများလာတယ်။ ဒါပေမယ့် အလုပ်သမား လူတန်းစားက ဒါကို ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ။ ငါတို့က ဆိုရှယ်လစ် တော်လှန်ရေးတရပ်ကို ဘယ်လို စည်းရုံးဦးဆောင်နိုင်မလဲ။၂၀၂၀ ခုနှစ်ဟာ ကမ္ဘာကို ကပြောင်းကပြန် ဖြစ်စေခဲ့တယ်။ ကိုဗစ်-၁၉ကပ်ကြောင့် အရင်းရှင်စနစ်ဟာ လုံးဝ သုံးစားမရကြောင်း သန်းပေါင်းများစွာသော လူထုကြီး ကောင်းကောင်း မြင်တွေ့ခဲ့ရတယ်။ “ငါတို့အားလုံးဟာ တလှေတည်းစီး၊ တခရီးတည်းသွားကြသူတွေ” ဆိုတဲ့ ဂါထာဟာ မုသားတရပ်သာ ဖြစ်ကြောင်း ရုပ်လုံးပေါ်သွားခဲ့ပြီ။ ကမ္ဘာတဝှမ်းမှာ လူသားတွေရဲ့ လိုအပ်ချက်ထက် အကျိုးအမြတ်ကိုသာ ရှေ့တန်းတင်ထားကြတယ်။ လူသန်းပေါင်းများစွာက အလုပ်လက်မဲ့ဖြစ်သွားပေမယ့်၊ လူချမ်းသာတွေက ချမ်းသာပြီးရင်း ချမ်းသာလာတယ်။ လူ့သမိုင်းမှာ အချမ်းသာဆုံး တိုင်းပြည်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ၊ လူသန်းပေါင်းများစွာ ငတ်မွတ်နေရတယ်။ကိုဗစ်-၁၉ ကပ်ဘေးက အစပျိုးပေးလိုက်တဲ့ စီးပွားပျက်ကပ်ဟာ နဂိုကတည်းက နာလန်မထူဖြစ်နေတဲ့ ဆယ်စုနှစ်ကို ပိုဆိုးသထက် ဆိုးစေခဲ့တယ်။ ၂၀၀၈ စီးပွားပျက်ကပ်ဖြစ်ကတည်းက အများပြည်သူနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အတင်းအကြပ် ခြိုးခြံချွေတာရေး ပေါ်လစီတွေ ချမှတ်ကျင့်သုံးလာခဲ့တယ်၊ အလုပ်သမားတွေရဲ့ လုပ်ခလစာတွေ တိုးမလာတော့ဘဲ တန့်သွားတယ်၊ ကျသွားတာလည်း ရှိတယ်။ လူငယ်တွေဟာ (ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း) သူတို့မိဘတွေထက် ပိုဆင်းရဲ ပိုမွဲလာတဲ့ ပထမဆုံး မျိုးဆက် ဖြစ်လာတယ်။ဒီအနေအထားမှာ၊ ဆိုရှယ်လစ် အယူအဆတွေ တခေတ်ဆန်းလာတယ်။ ဒီနှစ်ထဲမှာ Victims of Communism Foundation က တနှစ်တာ စစ်တမ်းတခု ထုတ်ပြန်ထားတယ်။ ဒီစစ်တမ်းအရ၊ ၁၆နှစ်နဲ့ ၂၃နှစ်ကြား လူငယ်တွေ (ဂျန်ဇီးတွေ)ရဲ့ ၄၉% က ဆိုရှယ်လစ်စနစ်ကို လိုလားတဲ့ အမြင်ရှိကြတယ်။ ၂၀၁၉ ခုနှစ်စာရင် ၉% တိုးလာတာပဲ။ အမေရိကန် လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့ဆိုရင် တနှစ်တာအတွင်း ၃၆% ကနေ ၄၀% အထိ တိုးလာတယ်။ MacCarthyism ကျင့်သုံးခဲ့တဲ့ တိုင်းပြည်မှာ ဂျန်ဇီးတွေရဲ့ ၁၈% က ကွန်မြူနစ်စနစ်ဟာ အရင်းရှင်စနစ်ထက် ပိုပြီး တရားမျှတမှုရှိတဲ့ စနစ်တခုလို့ ယူဆလာကြတယ်။ဒီကိန်းဂဏန်းတွေက ထင်သလောက် အံ့အားသင့်စရာ မကောင်းပါဘူး။ မျိုးဆက်သစ် လူငယ်တွေအဖို့ ကောင်းတာ ဘာတခုမှ မကြုံခဲ့ရဘူး၊ အတင်းအကြပ် ခြိုးခြံချွေတာရေး ပေါ်လစီတွေ၊ နိမ့်ကျပြီးရင်း နိမ့်ကျလာတဲ့ လူနေမှုအဆင့်အတန်းတွေ၊ အကြမ်းဖက် လုပ်ကြံရေးဝါဒ၊ နယ်ချဲ့တိုင်းပြည်ကြီးတွေရဲ့ ကြားဝင်ခြေရှုပ်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေပဲ တွေ့ကြုံခဲ့ရတယ်။ ၁၉၆၀-၇၀ ခုနှစ်တွေဆီက အရင်းရှင်စနစ်ရဲ့ ရွှေရောင် နေ့ရက်တွေ သေဆုံးသွားခဲ့ပြီ။ ဒါ့ကြောင့် လူတွေဟာ အရင်တုန်းကထက် ဒီကနေ့ခေတ်မှာ အရင်းရှင်စနစ်ကို တော်လှန်ဖြိုဖျက်ပစ်လိုကြခြင်း ဖြစ်တယ်။ရုပ်အခြေအနေတွေက ရင့်မှည့်နေပြီတကယ့်တကယ်တော့ အရင်းရှင်စနစ်ဟာ လူသားတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ဘရိတ်အုတ်ထားခဲ့တာ ကြာခဲ့ပြီ။ ဟိုးအရင်ကတည်းက အရင်းရှင်စနစ်ကို အလုပ်သမား လူတန်းစား ဦးဆောင်တဲ့ တော်လှန်ရေးဆင်နွှဲပြီး ဖြိုဖျက်ပစ်နိုင်တယ်။ ဒါဖြင့် ဘာလို့ အခုထိ ပြိုမသွားသေးတာလဲ။ပကတိဘာဝ ရုပ်အခြေအနေတွေ မရင့်မှည့်သေးလို့ မဟုတ်တာ သေချာတယ်။ ဘောဂဗေဒ ရှုထောင့်အရဆိုရင်၊ လူသားတွေရဲ့ လိုအင်တွေ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်တဲ့ ရုပ်အခြေအနေတွေ အားလုံး ပြည့်စုံနေပြီ။ လူသား မျိုးနွယ်တခုလုံးကို လောက်ငအောင် ကျွေးထားနိုင်တဲ့ ပစ္စည်း ကိရိယာတွေ ငါတို့လက်ဝယ် ရှိနေပြီ။ ဘဝရှင်သန်တည်မြဲရေး လိုအပ်ချက်အားလုံးကို သဘာဝလောကတခုလုံးနဲ့ သဟဇာတဖြစ်ဖြစ် ထုတ်ယူနိုင်တဲ့ နည်းပညာနဲ့ အသိပညာတွေ ရှိနေပြီ။ ကုန်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကို တကမ္ဘာလုံးအတိုင်းအတာနဲ့ စနစ်တကျ စုစည်း လုပ်ကိုင်နိုင်ကြောင်း အမေဇုန်နဲ့ ဝေါ(လ်)မာ့(ထ်) တို့လို ကုမ္ပဏီကြီးတွေက သက်သေထူနေတယ်။ ခက်ခက်ခဲခဲလုပ်ရတဲ့ (သို့) အန္တရာယ်များလှတဲ့ အလုပ်တွေကို လူအစား စက်ယန္တယားတွေ အသုံးပြု လုပ်နိုင်နေပြီ။အရင်းရှင်စနစ်ဟာ အလုပ်သမား လူတန်းစားကို မွေးထုတ်ပေးလိုက်ခြင်းအားဖြင့် “သူ့ကိုမြေမြှုပ်ပစ်မယ့်သူတွေ” ကို ဖန်တီးပေးလိုက်တာပဲလို့ မာ့(က်စ်)က ရှင်းပြခဲ့တယ်။ အလုပ်သမား လူတန်းစားဆိုတာကို ဝေးဝေးမှာ ရှာကြည့်နေဖို့ မလိုပါဘူး၊ ငါတို့နေထိုင်တဲ့ အဆောက်အဦတွေ ဆောက်လုပ်ပေးနေတာ၊ ငါတို့ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ပေးနေတာ၊ ငါတို့လိုအပ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဖြန့်ဖြူးပေးနေတာ အလုပ်သမား လူတန်းစားပဲ။ ဆိုရှယ်လစ်စနစ်ဆိုတာ တွေးခေါ်ပညာရှင်ကြီးတွေရဲ့ ခေါင်းထဲ ထွက်ပေါ်လာတဲ့ အယူအဆကောင်း တခုသာ မဟုတ်ဘူးလို့ မာ့က်စ်က ရှင်းပြခဲ့သေးတယ်။ အရင်းရှင်စနစ်အတွင်းကနေ လူတန်းစား တိုက်ပွဲကို ဦးဆောင်ပြီး ဆိုရှယ်လစ် လူ့အဖွဲ့အစည်းကို ထူထောင်နိုင်တာ အလုပ်သမား လူတန်းစားပဲ လို့ မာ့(က်စ်) က အခိုင်အမာ ရှင်းပြခဲ့တယ်။ အလုပ်သမား လူတန်းစားက ကုန်ထုတ်ပစ္စည်းတွေကို အရင်းရှင် လူတန်းစားလက်ဝယ်ကနေ ပြန်လည်သိမ်းပိုက်ပြီး ဆိုရှယ်လစ် လူ့အဖွဲ့အစည်းကို ထူထောင်နိုင်တယ်။ အလုပ်သမား လူတန်းစားဟာ အရင်းရှင်ကြီးတွေ၊ ဘဏ်လုပ်ငန်းရှင်ကြီးတွေ၊ စီအီးအိုတွေ၊ ဒင်းတို့ ကိုယ်စားလှယ် နိုင်ငံရေးသမားတွေရဲ့ တန်ပြန်ခုခံမှုကို ရင်ဆိုင်ကျော်လွှားနိုင်အောင် စုဖွဲ့ပြင်ဆင်ထားကြရမယ်လို့ မာ့(က်စ်)က ရှင်းပြခဲ့တယ်။ (မာ့က်စ် ခေတ်နဲ့စာရင်) ဒီကနေ့ခေတ်မှာ အလုပ်သမား လူတန်းစားက လူ့အဖွဲ့အစည်းမှာ လူဦးရေ အများဆုံး လူတန်းစား ဖြစ်လာတယ်။ ရုန်းကန်လှုပ်ရှားလာပြီး အရင်းရှင်စနစ်ကို ဖြိုချပစ်ဖို့ ပိုင်းဖြတ်ထားပြီဆိုရင် အလုပ်သမား လူတန်းစားကို ဘယ်အရာနဲ့မှ လာတားလို့ မရနိုင်ဘူး။ဒါဆို အလုပ်သမား လူတန်းစားက အရင်းရှင်စနစ်ကို ဘာ့ကြောင့် အခုထိ တော်လှန်ရေးဆင်နွှဲပြီး မဖြိုနိုင်သေးတာလဲ။အလုပ်သမားတွေကို အပြစ်ဖို့မှာလားလီနင်နဲ့အတူ ရပ်ရှားတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ လီယွန် ထရော့စကီး မဆုံးခင်လေးမှာ အင်မတန် ကောင်းတဲ့ အက်ဆေးတပုဒ် ရေးခဲ့တယ်။ အက်ဆေးခေါင်းစဉ်က “လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု - စပိန် ပစ္စည်းမဲ့ လူတန်းစား ဘာ့ကြောင့် အရေးနိမ့်ခဲ့သလဲ”။ခေါင်းစဉ်မှာ ရည်ညွှန်းထားသလိုပဲ၊ ၁၉၃၁ ကနေ ၁၉၃၉ အထိ ဖြစ်ပွားခဲ့တဲ့ စပိန်တော်လှန်ရေးကို ဆန်းစစ်ကြည့်တယ်၊ ဒီတော်လှန်ရေး အရေးနိမ့်ရခြင်း အကြောင်းတရားတွေကို ခွဲခြမ်းစိတ်ဖြာပြတယ်။ အုံကြွမှုတွေ အမြောက်အမြား ရှိခဲ့တယ်၊ အလုပ်သမားတွေက စက်ရုံတွေကို သိမ်းပိုက်ဖို့ အလိုအလျောက် ကြိုးပမ်းချက်တွေ ရှိခဲ့တယ်၊ လယ်သမားတွေက မြေယာတွေ သိမ်းပိုက်ဖို့ လုပ်ခဲ့တယ်၊ ဒါ့အပြင် အားကောင်းလှတဲ့ အလုပ်သမား သမဂ္ဂတွေရှိသလို တိုက်ပွဲဝင် အစဉ်အလာတွေလည်း အများအပြား ရှိထားတယ်၊ ဒါပေမယ့်လည်း စပိန် အလုပ်သမား လူတန်းစားဟာ အာဏာမသိမ်းနိုင်ခဲ့ဘူး။ စပိန်တော်လှန်ရေးနဲ့ ပတ်သက်လို့ လောလောဆယ် ဒီလောက်ပဲ အနှစ်ချုပ် တင်ပြထားရင် လုံလောက်ပါပြီ။ ဒီတော်လှန်ရေးအကြောင်း အသေးစိတ်ကို နောက်ပိုင်းမှာ ရေးသွားပါမယ်။ ၁၉၃၉ မှာ ဖရန်စစ်(စ်)ကို ဖရန်ကို ခေါင်းဆောင်တဲ့ ဖက်ဆစ် အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့တယ်၊ ၁၉၇၀ ခုနှစ်တွေအထိ သက်ဆိုးရှည်ခဲ့တယ်။(ဒီအက်ဆေးကို ပြီးအောင် မရေးနိုင်ခင်မှာပဲ ထရော့စကီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်)၊ ထရော့စကီးရဲ့ စာဟာ တိုပေမယ့် တော်လှန်ရေး အရေးနိမ့်ခြင်းတွေ ဘာလို့ ဖြစ်ခဲ့သလဲ ရှင်းပြဖို့ရာ အဖိုးတန် သင်ခန်းစာတွေ အမြောက်အမြား ပါဝင်နေတယ်၊ အောင်ပွဲတွေဆင်နိုင်အောင် ဘယ်လို ပြင်ဆင်ထားရမလဲ လမ်းညွှန်ပြနေတယ်။ ဒီကနေ့ခေတ် ဆိုရှယ်လစ်ဝါဒီအားလုံး ဒီအက်ဆေးကို ဖတ်သင့်တယ်။“လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု” အက်ဆေးကို Que faire? ဆိုတဲ့ မာ့(က်စ်)ဝါဒီယောင်ယောင် ဂျာနယ်လေးတခုကို ဆန့်ကျင်ဝေဖန်ခြင်းနဲ့ အစပြုထားတယ်။ စပိန် တော်လှန်ရေး အရေးနိမ့်ခြင်းဟာ အလုပ်သမား လူတန်းစား “မရင့်ကျက်သေးလို့” ဖြစ်ကြောင်း Que faire? ဂျာနယ်က ဆောင်းပါးတပုဒ်မှာ ရေးသားထားတယ်။ စပိန်တော်လှန်ရေး ရှုံးသွားခြင်းဟာ လုပ်သားထုကိုယ်တိုင်ရဲ့ အားနည်းချက်ကြောင့်ပဲလို့ နိဂုံးချုပ်တယ်။လူထုကို အပြစ်ဖို့တဲ့ အယူအဆဟာ ဒီကနေ့ အလုပ်သမား လှုပ်ရှားမှုအတွင်း အတွေ့ရများတဲ့ အယူအဆတခုပဲ။ လက်ဝဲသမား တော်တော်များများ ပြောလာကြတာက အရင်းရှင်စနစ်ကို မဖြိုချနိုင်သေးတာဟာ အလုပ်သမား လူတန်းစား ကိုယ်တိုင် အားနည်းချို့ယွင်းနေလို့ ဖြစ်တယ်။အလုပ်သမား လူတန်းစားဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်လောက်အောင် “အားမရှိဘူး” လို့ ဆိုတတ်ကြတယ်။ ဒီသဘောတရားဟာ ၂၀၀၀ ခုနှစ်တွေကတည်းက ဖြစ်ပွားနေတဲ့ ဗင်နီဇွဲလား တော်လှန်ရေးအတွင်း လက်ဝဲသမားတချို့ ပေးနေကျ ရှင်းလင်းချက် တမျိုးလည်း ဖြစ်တယ်။ ၂၀၀၂ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ဗင်နီဇွဲလား လူထုရဲ့ သမိုင်းဝင် ဆန့်ကျင်လှုပ်ရှားမှု ရှိခဲ့တယ်၊ ဟူးဂိုး ရှာဗေးရဲ့ ဆိုရှယ်လစ်ပါတီ (PSUV) ကိုပဲ အကြိမ်ကြိမ် မဲထည့်ခဲ့ကြတယ်၊ အလုပ်သမားထုက အလုပ်ခွင်တွေကို သိမ်းယူခဲ့ကြတယ်၊ ၂၀၁၉ နောက်ပိုင်း အာဏာသိမ်းမှုတွေကိုလည်း လူထုက ဆန့်ကျင်တော်လှန်ခဲ့ကြတယ်၊ ဒါပေမယ့်လည်း အလုပ်သမား လူတန်းစားက အားနည်းလွန်းတယ်လို့ ပြောတဲ့သူတွေ ရှိနေတုန်းပဲ။ဥပမာ၊ PSUV ရဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဂျီးဆပ်(စ်) ဖာရီးယပ်(စ်)က “ဆိုရှယ်လစ်စနစ်ဆီ ကူးပြောင်းခြင်းဆိုင်ရာ နိုင်ငံရေးဘောဂဗေဒ” စာတမ်းထဲမှာ အခုလို ဆိုထားတယ်၊ “တိုင်းပြည်အတွင်း လူမှုစီးပွား အပြောင်းအလဲတွေ ဒီထက် အရှိန်မြှင့်သွားဖို့ရာ အဓိက အခက်အခဲဖြစ်နေတဲ့ အရာတခုက အလုပ်သမား လူတန်းစားရဲ့ နိုင်ငံရေး၊ သဘောတရားရေးနဲ့ စုဖွဲ့မှုဆိုင်ရာ အားနည်းချက် ရှိနေခြင်းဖြစ်တယ်၊ အလုပ်သမား လူတန်းစားက လူ့အဖွဲ့အစည်း တိုးတက်မှုရဲ့ အဓိက မောင်းနှင်အားအဖြစ် မစွမ်းဆောင်နိုင်ဘူး။”၂၀၁၅ ဆီရစ်ဇာ အစိုးရအဖွဲ့အတွင်းက ဂရိ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ယာနစ်(စ်) ဗရိုဖကစ်(စ်)ဟာလည်း ဒီ ရေစီးလမ်းကြောင်းရဲ့ နောက်ထပ် နမူနာတခု ဖြစ်တယ်။ ခပ်ကြွကြွလေး ခေါင်းစဉ်တပ်ထားတဲ့ “ခန့်မှန်းလို့ မရနိုင်သော မာ့က်စ်ဝါဒီ တယောက်ရဲ့ ဖွင့်ဟဝန်ခံချက်များ” ဆိုတဲ့ ၂၀၁၃ က ဆောင်းပါးတပုဒ်မှာ သူက အခုလို ရှင်းပြခဲ့တယ်၊ “ဥရောပ အကြပ်အတည်းဟာ တိုးတက်သော အင်အားစုအသစ်တခုကို သန္ဓေလွယ်ထားရတာ မဟုတ်ဘူး၊ လုံးဝ နောက်ပြန်သွားနေတဲ့ အင်အားစုတွေကို ဝမ်းထဲထည့်လွယ်ထားရတယ်” တဲ့။ ၂၀၀၈ ကနေစလို့ ဂရိအလုပ်သမား လူတန်းစားက အထွေထွေသပိတ်ပေါင်း ၃၀ ဆင်နွှဲထားချိန်မှာ ဝန်ကြီးက အခုလို ပြောနေခြင်း ဖြစ်တယ်။ အလုပ်သမား လူတန်းစားရဲ့ စွမ်းပကားကို အယုံအကြည် ကင်းမဲ့ပြီး နောက်ပြန်ခေါက်သွားနိုင်စွမ်းကိုပဲ မြင်နေတဲ့အခါ ရွေးစရာတခုပဲ ရှိတော့တယ်လို့ ဘဏ္ဍာရေး ဝန်ကြီးက ဆိုခဲ့တယ်။ ဥရောပ သမဂ္ဂကို ကယ်တင်ဖို့၊ အရင်းရှင်စနစ် ပြိုလဲမသွားအောင် ကယ်တင်ဖို့ တခုတည်းသော လမ်းက “လက်ယာအင်အားစုတွေ” အပါအဝင် ကျယ်ပြန့်သော ညွှန့်ပေါင်းတခု ဖွဲ့စည်းရေးပဲလို့ အခိုင်အမာ ဆိုခဲ့တယ်။တခြား ဂျာနယ်လစ်တွေ၊ ပညာရှင်တွေနဲ့ လက်ဝဲသမားဆိုသူတွေကလည်း အလုပ်သမား လူတန်းစားဟာ အပြောင်းအလဲကို မလိုလားဘူး၊ “လက်ဝဲ” လုပ်ငန်းစဉ်နဲ့ဆို စည်းရုံးလို့ မရဘူးလို့ ပြောကြတယ်။ နာမည်ကျော် ဘရစ်တစ်(ရှ်) လက်ဝဲ ဂျာနယ်လစ် ပေါ(လ်) မေဆန်ကလည်း ဒါမျိုး အမြဲပြောတယ်။ဆိုရှယ်လစ် နာမည်ခံထားသော ဂျယ်ရမီကိုဘင် ပါတီ ခေါင်းဆောင်ဖြစ်လာတဲ့ ၂၀၁၅ ခုနှစ်ကစလို့ သိန်းနဲ့ချီတဲ့ လူတွေ လေဘာပါတီထဲကို အားတက်သရော ဝင်လာကြတယ်။ ၂၀၁၉ ဘရစ်တိန် ရွေးကောက်ပွဲမှာ ကိုဘင် ရှုံးခဲ့တယ်၊ ဒီနောက် ကိုဘင်လည်း ပါတီ ခေါင်းဆောင်နေရာမှာ မရှိတော့ဘူး။ လေဘာပါတီ လက်ယာဂိုဏ်းက ဆာ ကိုင်ယာ စတားမား ကိုခေါင်းဆောင်ထားပြီး နေရာပြန်ယူခဲ့တယ်။ စတားမားက ပါတီရဲ့ လက်ဝဲအင်အားစုကို ဖယ်ထုတ်ရှင်းပစ်ခဲ့တယ်။ကိုဘင်ရှုံးသွားတဲ့နောက်၊ မေဆန်က အခုလို ငြင်းချက်ထုတ်တယ်၊ ဘရစ်တိန်က “အစဉ်အလာ အလုပ်သမား လူတန်းစား” အဖို့ တချို့သော လက်ဝဲ အာဂျန်ဒါတွေကို လက်မခံကြတော့ဘူး - ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ တံခါးဖွင့် ပေါ်လစီတွေ၊ လူ့အခွင့်အရေး ကာကွယ်ခြင်း၊ လူထုတရပ်လုံး လူမှုဖူလုံရေး ပေါ်လစီတွေ၊ ဒါ့အပြင် အရေးအကြီးဆုံး စစ်ဝါဒဆန့်ကျင်ရေး နဲ့ နယ်ချဲ့ဆန့်ကျင်ရေး ပေါ်လစီတွေ”။ လူထုတရပ်လုံး လူမှုဖူလုံရေး ပေါ်လစီတွေကို အစဉ်အလာ အလုပ်သမား လူတန်းစားက လက်မခံတော့ဘူး ဆိုထားပါလား၊ ဘယ်လောက် ရက်စက်လိုက်သလဲ။ မေဆန်က ဆက်ပြောသေးတယ် “ဒါဟာ အပြောင်းအလဲကို ကြောက်ရွံ့လာတဲ့ မဲဆန္ဒရှင်တွေကို မျှော်လင့်ချက် ပုံပြင်တပုဒ် ကူပြောပေးနိုင်ရဲ့လား”။ဒါဆိုရင် ဒီမှာ ပြဿနာက အလုပ်သမားထုက အပြောင်းအလဲကို မလိုလားတာ၊ အပြောင်းအလဲ ဖြစ်သွားမှာကို ကြောက်ရွံ့တုန်လှုပ်နေတာ။ ဒီလိုမြင်ထားတဲ့ မေဆန်အဖို့ လော့ဂျစ်ကျလှတဲ့ နိဂုံးချုပ်ချက် ထွက်ပေါ်လာတယ်၊ ဘရစ်တစ်(ရှ်) လေဘာပါတီရဲ့ အလယ်အလတ်သမား စတားမားကို ထောက်ခံပေးဖို့ပဲ။ အလုပ်သမား လူတန်းစားမှာ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်လို့ မေဆန် လုံးဝ အယုံအကြည် မရှိတော့ဘူး။ (တချိန်က အဲသလို ယုံကြည်မှု ရှိခဲ့ရင် ပြောပါတယ်)။ဒီအယူအဆ အားလုံးမှာ ဘုံတူနေတဲ့အချက်က အလုပ်သမားထုကိုယ်တိုင်က လူ့အဖွဲ့အစည်းကို ပြောင်းလဲလိုခြင်း မရှိတာ (ဒါမှမဟုတ်) ပြောင်းလဲနိုင်စွမ်း မရှိတာ။ဒီအယူအဆတွေကို ကြည့်လိုက်ရင် အလုပ်သမား လူတန်းစားက လူ့အဖွဲ့အစည်းကို တော်လှန်ပြောင်းလဲနိုင်တယ် အလုပ်သမားတွေကိုယ်တိုင် လူ့အဖွဲ့အစည်းကို ပဲ့ကိုင်မောင်းနှင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု ဒီလူတွေမှာ လုံးဝမရှိတာ သွားတွေ့ရတယ်။ ဒီသဘောတရားတွေကို ဂျာနယ်လစ်တွေ၊ လစ်ဘရယ်တွေနဲ့ ပညာတတ်တွေက အမျိုးမျိုးအဖုံဖုံ ပွဲထုတ်ပေးကြတယ်။ အလုပ်သမားသမဂ္ဂ ဗျူရိုကရေစီကနေပါ လေဘာလှုပ်ရှားမှုအတွင်း ဒီအယူအဆတွေ ထိုးဖောက်ဝင်ရောက်လာတယ်။ သမဂ္ဂခေါင်းဆောင်တွေက အလုပ်သမားတွေကို အပြစ်ဖို့ကြတယ်။ အကြောင်းက ဒီခေါင်းဆောင်တွေဟာ တကယ် မတိုက်ချင်လို့ပဲ။ ခေါင်းဆောင်မှုအကြပ်အတည်း ဒီငြင်းချက်တွေကို မာ့(က်စ်)ဝါဒီတွေက ဘယ်လိုတုံ့ပြန်သလဲ။ အလုပ်သမား လူတန်းစားက အရင်းရှင်စနစ်ကို ဘာ့ကြောင့် မဖြိုနိုင်သေးတာလဲ။မာ့(က်စ်)ဝါဒီတွေအဖို့ စမှတ်က လူ့အဖွဲ့အစည်းကို ပြောင်းလဲရာမှာ အလုပ်သမား လူတန်းစားက အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ရှိနေတဲ့အချက်ပဲ။ အလုပ်သမား လူတန်းစားကို အထင်သေးအမြင်သေးတဲ့ ဂျာနယ်လစ်တွေ၊ ပညာရှင်တွေရဲ့ အဆိုးမြင်ဝါဒနဲ့ အရှုံးသမားဝါဒမျိုး မာ့(က်စ်)ဝါဒီတွေမှာ မရှိဘူး။ အရင်းရှင်စနစ်ကို ဖြိုချဖို့ အလုပ်သမား လူတန်းစား “အားနည်းလွန်းတယ်” ဆိုတာ မမှန်ပါဘူး။ ပြီးခဲ့တဲ့ နှစ်တရာ သမိုင်းတလျှောက်လုံး သွေးစုပ်သူတွေကို ဖြိုချပစ်ပြီး၊ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ဖို့ အလုပ်သမားတွေ အုံကြွခဲ့တာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ ဒီလို တော်လှန်ပြောင်းလဲဖို့ရာ သူတို့ လုပ်နိုင်တာ မှန်သမျှ အစွမ်းကုန် လုပ်"ခဲ့ကြတာလည်း ကြိမ်ဖန်များစွာ ရှိခဲ့တယ်။ဒါပေမယ့် အကြိမ်တိုင်းလိုလို အလုပ်သမား လှုပ်ရှားမှုကို ရပ်တန့်သွားအောင် လုပ်ခဲ့တာလည်း အလုပ်သမား လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေပဲ၊ သမဂ္ဂခေါင်းဆောင်တွေ ရှိသလို အလုပ်သမား ပါတီတွေက ခေါင်းဆောင်တွေလည်း ပါဝင်တယ်။ အာဏာသိမ်းနိုင်အောင် ကြိုးစားရမယ့်အစား၊ အရင်းရှင်တွေနဲ့ စေ့စပ်ရေး လုပ်တယ်။ တော်လှန်ရေး အမြောက်အမြားကို ခေါင်းဆောင်ပိုင်း ဒီလိုနည်းနဲ့ ပြန်ဆွဲချခဲ့တယ်။ ထရော့စကီးက “Transitional Program” ထဲမှာ အခုလို ရှင်းပြထားတယ်၊ “လူသားမျိုးနွယ်ရဲ့ သမိုင်းရေး အကြပ်အတည်းဟာ တော်လှန်ရေး ခေါင်းဆောင်မှု အကြပ်အတည်း ဖြစ်လာတယ်”။ဒါပေမယ့် ဒီသဘောထားကို ပုံဖျက်သလို မဖြစ်အောင် သတိထားရမယ်။ အလုပ်သမားတွေဟာ တော်လှန်ရေး ဆင်နွှဲဖို့ အမြဲအသင့်ဖြစ်နေတယ်၊ ဆိုရှယ်လစ် ခေါင်းဆောင်တွေက လမ်းညွှန်ပြဖို့ အသင့်စောင့်နေကြတယ် ဆိုတဲ့ အယူအဆမျိုးကို မာ့(က်စ်)ဝါဒီတွေ လက်မခံပါဘူး။ အလုပ်သမား လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ပိုင်းက လှုပ်ရှားမှုကို ပြန်ထိန်းထားကြတယ် ပြောလို့ သမဂ္ဂခေါင်းဆောင်တွေသာ ဆိုရှယ်လစ်တွေ ဖြစ်နေရင်၊ အလုပ်သမား လှုပ်ရှားမှုရဲ့ တပ်ဦးမှာ တော်လှန်ရေး အဖွဲ့အစည်းတခု ရှိနေရင် တော်လှန်ရေးတရပ် ချက်ချင်းထဖြစ်ပြီး အရင်းရှင်စနစ်ကို အော်တို ဖြိုချပစ်နိုင်လိမ့်မယ်လို့ မဆိုလိုဘူး။အလုပ်သမားတွေက တိုက်ပွဲဝင်ဖို့ အမြဲအသင့်ဖြစ်နေတယ်၊ ခေါင်းဆောင်ကောင်းတွေကို စောင့်နေတယ် ဆိုတာ မမှန်ပါဘူး။ (ခေါင်းဆောင်ကောင်းတွေက) လက်ဖျောက်တချက်တီး အချက်ပေးလိုက်တာနဲ့ လူထုလှုပ်ရှားမှုတခု ဖြစ်မလာနိုင်ဘူး။ ဒါပေမယ့် သမိုင်းကို ကြည့်လိုက်ရင် လူထုကိုယ်တိုင် တိုက်ပွဲထဲ ပါလာတဲ့ အချိုးအကွေ့ ကာလတွေ ရှိတာ တွေ့ရလိမ့်မယ်၊ အဲဒါ တော်လှန်ရေးတွေပဲ။ ကမ္ဘာကြီးကို ပြောင်းလဲလိုတဲ့ တက်ကြွ လှုပ်ရှားသူတိုင်း မေးရမယ့် အရေးကြီး မေးခွန်းတွေက “အရင်းရှင်စနစ်ကို ဖြိုချပစ်ဖို့ ငါတို့ အလုပ်သမား လူတန်းစားကို ဘယ်လို စုစည်းနိုင်သလဲ၊ ဒီလို အထမြောက်အောင် လုပ်ဖို့ ဆိုရှယ်လစ်တွေရဲ့ အခန်းကဏ္ဍက ဘာလဲ၊ ဒီအတွက် ငါတို့ ဘာတွေ ပြင်ထားနိုင်သလဲ”။လူတန်းစားအသိအလုပ်သမားတွေရဲ့ လူတန်းစား အသိဟာ တဖြောင့်တည်း ဖြစ်ပေါ်နေတာ မဟုတ်ဘူး။ငါတို့ စုစည်းထားကြဖို့ လိုအပ်ပြီလို့ အလုပ်သမားတွေကိုယ်တိုင် နားလည်သဘောပေါက်ဖို့ရာ ရှည်လျားလှတဲ့ သမိုင်းဖြစ်စဉ်တခုကို ဖြတ်သန်းလာရတယ်။ အလုပ်ရှင်တွေကို ရင်ဆိုင်တိုက်ပွဲဝင်ရာမှာ အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ရာ အလုပ်သမား သမဂ္ဂတွေ ထူထောင်လာကြတယ်။ တစတစနဲ့ သူတို့ရဲ့ နိုင်ငံရေး လိုလားချက်တွေကို ထင်ဟပ်ဖော်ထုတ်နိုင်မယ့် အဖွဲ့အစည်းတွေ၊ ပါတီတွေကို ဖန်တီးလာကြတယ်။ အဖွဲ့အစည်း မရှိရင် အလုပ်သမား လူတန်းစားဆိုတာ သွေးစုပ်ခံဖို့ရာ ကုန်ကြမ်းမျှသာဖြစ်တယ်လို့ မာ့(က်စ်)ကရှင်းပြခဲ့တယ်။ တိုက်ပွဲဝင်သမိုင်း ဖြတ်သန်းမှုကနေ အလုပ်သမား လူတန်းစားဟာ နိုင်ငံရေးထဲ ပါဝင်လာတယ်၊ သမဂ္ဂတွေ (သို့) တခြားအဖွဲ့အစည်းတွေကတဆင့် ပါဝင်လာခြင်း ဖြစ်တယ်။ ဒီသမိုင်းဖြစ်စဉ်ဟာ တိုင်းပြည်တခုနဲ့တခု မတူဘူး၊ တပြေးတည်း ဖြစ်မနေဘူး။စုစည်းကြဖို့ လိုပြီလို့ သဘောပေါက်လာတာက သက်သက်၊ အရင်းရှင်စနစ်ကို ဖြိုချပစ်ဖို့ တော်လှန်ရေးတခု လိုအပ်တယ် ဆိုတဲ့ ကောက်ချက်ချလာနိုင်ဖို့က သက်သက်ဖြစ်တယ်။ အလုပ်သမား လူတန်းစားက တိုက်ပွဲထဲ ဝင်လိုက်တာနဲ့ တော်လှန်ရေး နိဂုံးချုပ်ချက်တွေကို အော်တိုရရှိသွားတာ မဟုတ်ဘူး။တကယ်တမ်းကျ၊ အသိစိတ်ရဲ့သဘောက တော်လှန်ရေးမဆန်ဘူး။ အသိစိတ်ဟာ ယေဘုယျအားဖြင့် အင်မတန် ကွန်ဆာဗေးတစ်ဆန်တယ်။ လူတွေဟာ ရှေးရိုးအယူအဆတွေ၊ အစဉ်အလာတွေ၊ ကိုယ်နဲ့သိကျွမ်းပြီးသား အရာတွေကိုပဲ ဖက်တွယ်ထားကြတယ်။ သာယာတဲ့အခြေအနေတွေမှာ အေးအေးချမ်းချမ်းပဲ နေလိုကြတယ်။ ဒီလို တွေးလို့ အလုပ်သမားတွေကို ဘယ်သူ အပြစ်ဖို့လိုသလဲ။ ဘဝမှာ အေးအေးချမ်းချမ်း မနေရဘဲ တအုန်းအုန်း တဒိုင်းဒိုင်း အချိုးအကွေ့တွေချည်း ဖြစ်နေရတာကို ဘယ်သူမှ မလိုလားဘူး။ အလုပ်သမားတွေ အလုပ်ဝင်သွားတာ သပိတ်မှောက်ဖို့မှ မဟုတ်ဘဲ။တော်လှန်ရေးဆိုတာ သမိုင်းဖြစ်စဉ်အတွင်း မလွဲမသွေ ထွက်ပေါ်လာရတဲ့ ခြွင်းချက်တွေ ဖြစ်တယ်။ အလုပ်သမားတွေက အမြဲ တိုက်ပွဲဝင်နေကြတာ မဟုတ်ဘူး။ ဒါနဲ့ ဆန့်ကျင်ဘက်ပဲ။ဒါပေမယ့်လည်း လက်ရှိတည်ဆဲ အခြေအနေအတိုင်း ဘယ်လိုမှ ဆက်သွားလို့ မရတဲ့ ကာလတွေ ရှိလာတယ်။ သန်းပေါင်းများစွာသော ပြည်သူတွေ ဆက်သည်းခံလို့ မရတော့ဘူး။ အလုပ်သမားတွေအပေါ် အတင်းအကြပ် ခြိုးခြံချွေတာခြင်းတွေ လုပ်လာတယ် (အစိုးရက အလုပ်သမားတွေရဲ့ လူမှုဖူလုံရေး ရန်ပုံငွေတွေ ဖြတ်တောက်တာ ပြည်သူ့ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တွေ ဖြတ်တောက်တာ၊ အများပြည်သူသုံး ဆက်သွယ်ရေး ပို့ဆောင်ရေး အသုံးစရိတ်တွေ ဖြတ်တောက်ပစ်တာ အစရှိတဲ့ Austerity Policies ကိုရည်ညွှန်းခြင်း ဖြစ်ပါတယ်)။ လုပ်ခလစာတွေ တိုးမလာဘဲ လူနေမှုစရိတ်တွေ ထောင်တက်လာတယ်။ အများပြည်သူ ဝန်ဆောင်မှုကဏ္ဍတွေကို ပုဂ္ဂလိက အရင်းရှင်တွေလက်ထဲ ထိုးအပ်လာတယ်။ သူဌေးတွေက ထားစရာမရှိအောင် ချမ်းသာလာတယ်။တော်လှန်ရေးကို ဖန်တီးတာ ဆိုရှယ်လစ်တွေ/ တော်လှန်ရေးသမားတွေ မဟုတ်ဘူး။ သန်းပေါင်းများစွာသော ပြည်သူတွေ အုံကြွပုန်ကန်လာစေမယ့် အခြေအနေတွေကို ဖန်တီးထုတ်လုပ်ပေးလိုက်တာ အရင်းရှင်စနစ်ပဲ။ ဒီနေ့မှာ ဘာမှမလှုပ်မရှားလိုတဲ့ သန်းပေါင်းများစွာသော အလုပ်သမားတွေ နောက်တနေ့ကျ လမ်းမပေါ်ထွက် တိုက်ပွဲဝင်နေကြတာမျိုး။ ဖြစ်ရပ်တွေနောက် တရွတ်တိုက် ကျန်ရစ်တဲ့ မနေ့က အသိစိတ်ဟာ တကယ့် အရှိတရားနဲ့ တသားတည်း ဖြစ်ဖို့ တဟုန်ထိုး ခုန်ကူးပြောင်းလဲလာတယ်။ တော်လှန်ရေးကာလမှာ အဲသလို ဖြစ်တာပဲ။မကြာခဏဆိုသလိုပဲ “မတော်တဆ ဖြစ်ရပ်လေး” တခုက တော်လှန်ရေးကို အစပြုပေးတတ်တယ်။ လမ်းဘေးဈေးသည် လူငယ်လေးတယောက် ပြည်သူ့ရင်ပြင်မှာ သူ့ကိုယ်သူ မီးရှို့သတ်သေရာက (၂၀၁၁) အာရပ်တော်လှန်ရေး စတင်ပေါက်ဖွားခဲ့တယ်။ ဒီဖြစ်ရပ်လေးဟာ တော်လှန်ရေး မီးတဟုန်းဟုန်း တောက်စေမယ့် မီးပွားလေး ဖြစ်ခဲ့တယ်။ ဒီကစလို့ လူထုလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့ပြီး တူနီးရှား အာဏာရှင်စနစ် ပြိုကျသွားခဲ့တယ်။ ဒီတော်လှန်ရေးမီးတောက်ဟာ အီဂျစ်အထိ ကူးစက်သွားပြီး အာရပ်ကမ္ဘာတခုလုံး တောက်လောင်ခဲ့တယ်။ ဆယ်စုနှစ်ပေါင်းများစွာ အုံလိုက်ကျင်းလိုက် စုပြုံလာတဲ့ ဒေါသတွေ တောက်လောင်သွားဖို့ မီးပွားလေးတခုပဲ လိုနေခဲ့တာ။ တော်လှန်ရေးအားလုံးနီးပါးမှာ ဒီလို အလားတူ ဖြစ်ရပ်လေးတွေ တွေ့ရလိမ့်မယ်။တော်လှန်ရေးဆိုတာ ဘာလဲ။ “History of the Russian Revolution” စာအုပ်ထဲမှာ ထရော့စကီးက အခုလို ရှင်းပြခဲ့တယ်။“တော်လှန်ရေးတရပ်မှာ မလွဲမသွေတွေ့ရမယ့် ဝိသေသက လူထုကိုယ်တိုင် သမိုင်းဖြစ်ရပ်တွေထဲ တိုက်ရိုက် ဝင်ပါလာခြင်း ဖြစ်တယ်။ သာမန်အချိန်တွေမှာ နိုင်ငံတော်ဟာ (ဘုရင်စနစ်ဖြစ်စေ/ ဒီမိုကရေစီစနစ်ဖြစ်စေ) လူ့အဖွဲ့အစည်းရဲ့ အထက်မှာ ရှိနေတယ်၊ စီမံအုပ်ချုပ်ရေးအလုပ်မှာ အထူးကျွမ်းကျင်သူတွေကပဲ သမိုင်းကို ဖန်တီးကြတယ်၊ ဘုရင်တွေ၊ ဝန်ကြီးတွေ၊ ဗျူရိုကရက်တွေ၊ ပါလီမန်အမတ်တွေ၊ ဂျာနယ်လစ်တွေ စသဖြင့်။ ဒါပေမယ့် လူထုအဖို့ စနစ်ဟောင်းကို ဆက်ပြီး လက်ခံလို့မရတော့တဲ့ အရေးကြီး အချိုးအကွေ့ကာလတွေမှာ သူတို့ကို နိုင်ငံရေးနယ်ပယ်ကနေ ဖယ်ထုတ်ထားတဲ့ အတားအဆီးတွေကို လူထုကိုယ်တိုင် ချိုးဖျက်ပြီး အစဉ်အလာ ကိုယ်စားလှယ်တွေကို တွန်းထုတ်ပစ်လိုက်တယ်၊ လူထုကိုယ်တိုင် ဝင်ပါပြီး စနစ်အသစ်အတွက် အခင်းအကျင်း အသစ်ကို ဖောက်လုပ်လိုက်တယ်။ ဒီလို သမိုင်းကို ထုဆစ်ရာမှာ လူထုကိုယ်တိုင် ဝင်ပါလာတာ ကောင်းသလား/ ဆိုးသလား အကဲဖြတ်တဲ့ကိစ္စ ကိုယ်ကျင့်ပညာသမားတွေပဲ လုပ်ကြပါစေ။ ငါတို့ကတော့ ပကတိဘာဝ သမိုင်းဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ တွေ့ရတဲ့အတိုင်း အခိုင်အမာ အချက်အလက်ကိုပဲ ဆွဲကိုင်ပြောရလိမ့်မယ်။ တော်လှန်ရေး သမိုင်းဆိုတာ သူတို့ကြမ္မာကို အုပ်စိုးထားတဲ့ နယ်ပယ်အတွင်း လူထုကိုယ်တိုင် အင်တိုက်အားတိုက် ဝင်ရောက်လာတဲ့ သမိုင်းပဲ”။ဒီကောက်စာဟာ တော်လှန်ရေးတရပ်ရဲ့ အနှစ်သာရကို ပြည့်ပြည့်စုံစုံ အနှစ်ချုပ်ပေးထားတာပဲ။ လူထုလို့ ဆိုလိုက်ရင် ဒီကနေ့ကာလမှာ အလုပ်သမား အများစုပါဝင်နေတာ တွေ့ရလိမ့်မယ်။ တော်လှန်ရေးဆိုတာ အဲဒီ လူထုကိုယ်တိုင် သမိုင်းဇာတ်ခုံပေါ် ချဉ်းနင်းဝင်ရောက်လာခြင်း ဖြစ်တယ်။ပြီးခဲ့တဲ့ နှစ်တရာသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် တော်လှန်ရေးတွေ ပြတ်တောက်ခဲ့တာ မရှိဘူး။ ကြီးမားတဲ့ တော်လှန်ရေးတခု မဖြစ်ပွားဘဲ ကုန်ဆုံးသွားတဲ့ ဆယ်စုနှစ်ဆိုတာ မရှိခဲ့ဘူး။၁၉၀၅ နဲ့ ၁၉၁၇ ရပ်ရှားတော်လှန်ရေးတွေ၊ ၁၉၁၉-၁၉၂၃ ဂျာမနီတော်လှန်ရေး၊ ၁၉၂၅-၂၇ တရုတ်တော်လှန်ရေး၊ ၁၉၃၁-၃၇ စပိန်တော်လှန်ရေး၊ ၁၉၃၆ ပြင်သစ် သပိတ်တိုက်ပွဲများ၊ ၁၉၄၃-၄၅ ကာလတဝိုက်က ပြင်သစ်၊ အီတလီနဲ့ ဂရိက တော်လှန်ရေးလှိုင်းတွေ၊ ၁၉၄၉ တရုတ်ပြည် တော်လှန်ရေး၊ ၁၉၅၆ ဟန်ဂေရီ တော်လှန်ရေး၊ မေ ၆၈ ပြင်သစ်တော်လှန်ရေး၊ ၁၉၇၀-၇၃ ချီလီတော်လှန်ရေး၊ ၁၉၇၄ ပေါ်တူဂီ တော်လှန်ရေး၊ ၁၉၈၀-၈၃ နီကာရဂူယာ နိုင်ငံက ဆန်ဒီနစ်(စ်)တာ တော်လှန်ရေး၊ ၁၉၈၃-၈၇ ဘာကီနာ ဖာဆို တော်လှန်ရေး၊ ၁၉၉၈ အင်ဒိုနီးရှားက အာဏာရှင်စနစ်ကို ဖြိုချပစ်ခဲ့တဲ့ တော်လှန်ရေး၊ ၂၀၀၀ခုနှစ်တွေက ဟူးဂိုးရှာဗေး ခေါင်းဆောင်မှုအောက်က ဗင်နီဇွဲလား တော်လှန်ရေး၊ ၂၀၁၁ အာရပ်တော်လှန်ရေးတွေ။ဒီစာရင်းက နမူနာပဲရှိသေးတယ်၊ အများကြီး ကျန်သေးတယ်။ လူထုက နဂိုအတိုင်း ဆက်နေလို့မရတဲ့အခါ လမ်းပေါ်ထွက်ပြီး သူတို့ကြမ္မာကိုယ် သူတို့လက်နဲ့ ထုဆစ်ခဲ့တဲ့ ကာလတွေ ရှိတယ်။ သမိုင်းဖြစ်စဉ်ကို အဲဒီကာလတွေနဲ့ ကြားဝင်ဖြတ်တောက်ထားတယ်။တော်လှန်ရေးကို ငလျင်တွေနဲ့ နှိုင်းယှဉ်ကြည့်လို့ ရနိုင်တယ်။ ငလျင်တခု ဘယ်အချိန် ထလှုပ်မယ်လို့ ဘယ်သူမှ အတိအကျ ကြိုမပြောနိုင်ဘူး။ ဘယ်ငလျင်မှလည်း ခဏခဏ ထလှုပ်မနေဘူး။ ဒါပေမယ့် ကမ္ဘာမြေကို ဖွဲ့တည်ပေးထားတဲ့ ကျောက်ဖြာကြီးတွေရဲ့ လှုပ်ရှားမှုကို လေ့လာလို့ရတယ်၊ ငလျင်တခု ဖြစ်ပွားနိုင်တဲ့ အခြေအနေတွေကို သိရှိနိုင်တယ်။ ငလျင်တွေဟာ အချိန်တိုင်းတော့ ဖြစ်မနေဘူး၊ ဒါပေမယ့် နောက်ဆုံးမှာ မလွဲမသွေ ဖြစ်လာတာပဲ။တော်လှန်ရေးတွေလည်း ဒီသဘောပဲ။ တော်လှန်ရေးတရပ် ဘယ်အချိန် ထဖြစ်မယ်လို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ ဒါပေမယ့် စီးပွားရေး အခြေအနေတွေကို လေ့လာကြည့်လို့ ရတယ်၊ အလုပ်သမားတွေကြား ဒေါသတွေ မကျေမချမ်းဖြစ်တာတွေ မြင့်တာလာတာတွေ တွေ့နိုင်တယ်၊ ဒီနောက် တော်လှန်ရေးခေတ်တခုကို ကြိုတွက်ဆလို့ ရတယ်။မတူတဲ့အချက်က တော်လှန်ရေးဆိုတာ လူတွေကိုယ်တိုင် တိုက်ပွဲဆင်တဲ့ သမိုင်းအချိုးအကွေ့ကာလ ဖြစ်တယ်။ ဒါ့ကြောင့် ငါတို့ ကြိုပြင်ထားလို့ ရတယ်၊ သေချာပေါက် အောင်ပွဲခံ အဆုံးသတ်နိုင်အောင် ငါတို့ကိုယ်တိုင် ကြားဝင် ဆောင်ရွက်နိုင်တယ်။ ဒါကို ဘယ်လိုလုပ်နိုင်သလဲ။အလိုအလျောက်ဖြစ်ပေါ်မှုလား (Spontaneity?)တကယ့်လက်တွေ့မှာ၊ တော်လှန်ရေးတွေကို ဘယ်လို ဆင်နွှဲကြသလဲ။ အလုပ်သမားတွေကသာ အရင်းရှင်စနစ်ကို တချီတည်းနဲ့ အပြီးသတ် ဖြိုနိုင်တယ်ဆိုရင် တော်လှန်ရေး သဘောတရားတွေ ပြောနေစရာကို မလိုဘူး။ အယူအဆတွေ၊ လုပ်ငန်းစဉ်တွေ၊ အလုပ်သမား လှုပ်ရှားမှုတွေအတွင်းက အခိုင်အမာ ကိစ္စရပ်တွေအကြောင်း ဆွေးနွေးငြင်းခုံနေစရာ မလိုတော့ဘူး။ လုပ်ငန်းစဉ်တခုခုကို ရပ်ခံကာကွယ်ထားတဲ့ အဖွဲ့အစည်းတွေ ထူထောင်ဖို့လည်း လိုအပ်မှာ မဟုတ်ဘူး။လူထုလှုပ်ရှားမှုတွေ အလိုအလျောက် ဖြစ်ပေါ်လာခြင်း အကြောင်း အနားခစ်(စ်)တွေက အတော်လေး ပြောကြတယ်။ အနားခစ်(စ်) သဘောတရား အားလုံးနီးပါးဟာ ‘လူထုက အလိုအလျောက် လှုပ်ရှားမှုတွေကနေ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းဆီ ရောက်ရှိသွားနိုင်တယ်’ ဆိုတဲ့ အယူအဆဆီပဲ ပြန်ရောက်သွားကြတယ်။ ဥပမာ၊ ခရိုပေါ့ကင်းရဲ့ နာမည်ကျော် အနားခစ်(စ်) ဆောင်းပါးထဲမှာ အခုလို ရှင်းပြထားတယ်၊ သူ့ရဲ့ အခန်းကဏ္ဍက ‘တော်လှန်ရေးကာလမှာ မြို့ကြီးတမြို့အနေနဲ့ လွတ်လပ်သော ကွန်မြူနစ်စနစ် အခြေခံပေါ်မှာ သူ့ဘာသာ ဘယ်လို စုစည်းထူထောင်နိုင်ကြောင်း ညွှန်ပြဖို့ဖြစ်တယ် (အဲဒီမြို့မှာ နေထိုင်ကြသူတွေက ဒီသဘောတရားကို လက်ခံထားခဲ့ရင်ပေါ့)။’ ဒီတော့ အလုပ်သမားတွေက အလိုအလျောက် တိုက်ပွဲဝင်ပြီး အရင်းရှင်စနစ်ကို ဖြိုချနိုင်တယ်လို့ အနက်သက်ရောက်နေတယ်။ ဒါပေမယ့် အဲဒီမြို့မှာ နေထိုင်ကြသူတွေက ကွန်မြူနစ် အယူအဆကို ဘယ်လို လက်ခံလာကြသလဲ ဆိုတဲ့အချက်ကို ခရိုပေါ့ကင်းက ရှင်းပြမထားဘူး။လူထုလှုပ်ရှားမှု အားလုံး၊ တော်လှန်ရေးအားလုံးမှာ အလိုအလျောက် ဖြစ်ပေါ်ခြင်း ရှိနေတာ ငြင်းစရာ မရှိပါဘူး။ ဒီအချက်ဟာ အစောပိုင်းမှာ အားသာချက်တောင် ဖြစ်နေသေးတယ်။ နိုင်ငံရေးထဲမှာ ဝင်မပါခဲ့တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ အလိုအလျောက် လမ်းပေါ်ထွက်လာကြတယ်၊ အုပ်စိုးသူ လူတန်းစားကို အငိုက်မိသွားစေတယ်။ မာပါတယ်ဆိုတဲ့ တော်လှန်ရေးသမားတွေတောင် ထင်မှတ်မထားဘဲ တော်လှန်ရေးတရပ် ထပေါက်ကွဲသွားတာမျိုး ခဏခဏ ဖြစ်ခဲ့တယ်။ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးကာလမှာ ပီထရိုဂရက်(ဒ်)က ဘော်ရှီဗစ်တွေဟာ ဖြစ်ရပ်တွေနောက် အတော်လေး ပြတ်ကျန်ခဲ့တယ်၊ ဒါ့ကြောင့်လည်း လူထုလှုပ်ရှားမှု ပထမနေ့မှာ လူထုကို လမ်းပေါ်မထွက်ကြဖို့ တိုက်တွန်းခဲ့ကြသေးတယ်။ဒါပေမယ့် ပြဿနာက အလိုအလျောက် လှုပ်ရှားမှုနဲ့ အရင်းရှင်စနစ်ကို ဖြိုချပစ်နိုင်သလား။ သမိုင်း အတွေ့အကြုံက မဖြိုနိုင်ကြောင်း အခိုင်အမာ သက်သေထူနေတယ်။တကယ်တမ်းကျ လှုပ်ရှားမှုတိုင်း၊ တိုက်ပွဲတိုင်း၊ တော်လှန်ရေးတိုင်းမှာ ဘယ်လောက်ပဲ အလိုအလျောက် ဖြစ်ပေါ်လာတယ် ထင်ရထင်ရ ခေါင်းဆောင်မှု နေရာကိုယူထားတဲ့ လူပုဂ္ဂိုလ်တွေ (သို့) အုပ်စုတွေ ရှိကြတာချည်း။ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ အလုပ်သမားထုဟာ အဖွဲ့အစည်းတွေကနေပဲ သူတို့လိုလားချက်တွေကို ထုတ်ဖော်ကြတယ် (ဒါမှမဟုတ်) အနည်းဆုံးတော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယုံကြည်မှုကို ရထားလို့ ခေါင်းဆောင်ဖြစ်လာတဲ့ လူပုဂ္ဂိုလ်တွေကနေတဆင့် ထုတ်ဖော်ကြတယ်။အလိုအလျောက် ဖြစ်ပေါ်လာတယ်လို့ ထင်ရတဲ့ လှုပ်ရှားမှုတခုမှာလည်း လုပ်ဖော်ကိုင်ဖက်တွေကို သပိတ်ဆက်မှောက်ကြဖို့ တစုံတယောက်က မိန့်ခွန်းတက်ပေးတာပဲ။ ဘာလို့ သပိတ်မှောက်ရသလဲ ဆိုတဲ့ ငြင်းခုံချက်တွေကို အဖွဲ့အစည်းတခု (သို့) လူပုဂ္ဂိုလ်တယောက်က လက်ကမ်းစာစောင် ရေးသားဖြန့်ဝေကြတယ်။ အဖွဲ့အစည်းတခု(သို့) လူပုဂ္ဂိုလ်တွေက ‘အလုပ်ခွင်တွေ ဝင်သိမ်းပိုက်ကြ’ဆိုတဲ့ အယူအဆကို တင်ပြလာကြတယ်။ ဒါတွေအားလုံး အလိုအလျောက် ထွက်ပေါ်လာတာ မဟုတ်ဘူး။ဆန့်ကျင်ဘက်အားဖြင့် အလုပ်သမား လှုပ်ရှားမှုတွေမှာ ဦးဆောင်အဖွဲ့အစည်းတွေ (သို့) လူပုဂ္ဂိုလ်တွေက သူတို့ရဲ့ ဩဇာကိုသုံးပြီး တိုက်ပွဲကို ဘရိတ်အုတ်ပေးကြတယ်။ အဖွဲ့အစည်းတွေ (သို့) လူပုဂ္ဂိုလ်တွေက သပိတ်ဘာ့ကြောင့် လှန်သင့်သလဲ ငြင်းခုံမှုတွေ တင်ပြလာကြတယ်။ တချို့လူတွေက ပြောလာကြလိမ့်မယ် “မင်းတို့ အလုပ်ခွင်ကို ဝင်သိမ်းပိုက်လို့ မဖြစ်ဘူး၊ ဒီလိုသွားလုပ်ရင် ဘော့စ်တွေရဲ့ ပိုင်ဆိုင်မှု အခွင့်အရေးတွေကို ချိုးဖောက်သလို ဖြစ်လိမ့်မယ်”။အဲဒီ သဘောတရားရေးနဲ့ နည်းနာပိုင်း တိုက်ပွဲကို တင်ကူး ဆုံးဖြတ်ထားတာ မဟုတ်ဘူး။ အလုပ်သမားတွေ အားလုံးက တူညီတဲ့ နိဂုံးချုပ်ချက်တွေကို တပြိုင်တည်း ရရှိသွားတာ မဟုတ်ဘူး။ စက်ရုံတွေ ဝင်သိမ်းဖို့၊ အထွေထွေ သပိတ်ဆင်နွှဲဖို့ လိုအပ်ကြောင်း လူနည်းစုက ကျန်လူအများစုထက် အရင်သဘောပေါက်လာလိမ့်မယ်။ တော်လှန်ရေးတခုမှာ၊ အလုပ်သမားထုက စီးပွားရေးဘဝကို သိမ်းပိုက်ထိန်းချုပ်နိုင်စွမ်း ရှိတယ်လို့ လူနည်းစုက အရင် နားလည်လာလိမ့်မယ်။ အဲဒီ ရှေ့တန်းရောက် အလုပ်သမား (အနည်းစု) က ကျန်အလုပ်သမားထုကို ဒီလို သဘောပေါက် လက်ခံလာအောင် စည်းရုံး စုစည်းပေးဖို့ တာဝန်ရှိတယ်။အလိုအလျောက် ဖြစ်ပေါ်လာတယ်လို့ ထင်ရတဲ့ လှုပ်ရှားမှုတခုမှာတောင်၊ အဖွဲ့အစည်းတွေက ဦးဆောင် အခန်းကဏ္ဍကို ယူလာလိမ့်မယ်။“လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု” အက်ဆေးထဲမှာ ထရော့စကီး ရှင်းပြခဲ့သလိုပဲ -“သမိုင်းဆိုတာ လူတန်းစား တိုက်ပွဲဖြစ်စဉ်တခုပဲ။ ဒါပေမယ့် လူတန်းစားတွေဟာ သူတို့အလေးချိန် တခုလုံးကို တချီတည်းနဲ့ အလိုအလျောက် ထမ်းသယ်လာနိုင်တာ မဟုတ်ဘူး။ တိုက်ပွဲဖြစ်စဉ်အတွင်းမှာ၊ လူတန်းစားတွေက အဖွဲ့အစည်း အမျိုးမျိုးကို တီထွင်လာကြတယ်၊ ဒီအဖွဲ့အစည်းတွေက အရေးကြီး အခန်းကဏ္ဍမှာ ပါဝင်လာတယ်၊ အမှီအခို ကင်းကင်းနဲ့ သီးခြားဖြစ်လာတယ်၊ ယိုယွင်းပျက်စီးသွားနိုင်တယ်။ အရေးအကြီးဆုံး သမိုင်းအချိုးအကွေ့ ကာလတွေမှာ နိုင်ငံရေး ခေါင်းဆောင်မှုဟာ စစ်ပွဲတပွဲရဲ့ အရေးအကြီးဆုံး ကာလအတွင်းက စစ်ဦးစီးချုပ်လိုပဲ အနိုင်အရှုံးကို အဆုံးအဖြတ်ပြုပေးနိုင်တဲ့ အကြောင်းအချက် ဖြစ်လာတယ်။ သမိုင်းဆိုတာ အလိုအလျောက် ဖြစ်စဉ်တခုမဟုတ်ဘူး။ အလိုအလျောက် သွားနေတဲ့ ဖြစ်စဉ်တခုဆိုရင် ခေါင်းဆောင်တွေ ဘာလို့ လိုနေမလဲ၊ ပါတီတွေ ဘာလို့ လိုနေမလဲ၊ လုပ်ငန်းစဉ်တွေ ဘာလို့ လိုနေမှာလဲ၊ သဘောတရားရေး တိုက်ပွဲတွေ ဘာလို့ လိုနေမလဲ။” အလုပ်သမား လှုပ်ရှားမှုရဲ့ အင်အားစုအသီးသီးဟာ မတူညီတဲ့ အဖွဲ့အစည်းတွေအဖြစ်နဲ့ သူတို့အမြင်၊ သူတို့လုပ်ငန်းစဉ်တွေကို ထုတ်ဖော်လာကြတယ်။ မာ့(က်စ်)ဝါဒီတွေကလည်း စုဖွဲ့လိုကြတယ်၊ တော်လှန်ရေး ပါတီတခုကို ထူထောင်လိုကြတယ်။ တော်လှန်ရေး ပါတီဆိုတာ ဘာလဲ “ပါတီ” ဆိုတဲ့ စကားဟာ အလှုပ်သမား လှုပ်ရှားမှုအတွင်းက တချို့အလွှာတွေနဲ့ လူငယ်တွေအဖို့ မနှစ်မြို့စရာ အနက်ထွက်နေတယ်။ ဒီလိုဖြစ်နေတာ အကြောင်းမဲ့ မဟုတ်ဘူး။ ရှိသမျှ နိုင်ငံရေးပါတီ အားလုံးက ဒီအလွှာတွေ အဝေးရောက်အောင် ကန်ထုတ်ထားတယ် မဟုတ်လား။ လက်ဝဲနာမည်ခံ ပါတီတွေတောင် အာဏာရလာရင် ဘဏ်ကြီးတွေ စေခိုင်းသမျှ လိုက်လုပ်ပေးရတယ်၊ အရင်းရှင်တွေ ကိုယ်စား ယုတ်မာတဲ့ အလုပ်တွေ လုပ်ပေးကြတယ်။ လက်ယာပါတီတွေထက်တောင် ပိုဆိုးနေသေးတယ်။ ၂၀၁၅ တုန်းက ဂရိမှာ ဖြစ်သွားတဲ့ ဆီရစ်ဇာ လက်ဝဲအစိုးရဟာ အနီးစပ်ဆုံး နမူနာပဲ။မာ့(က်စ်)ဝါဒီတွေက တော်လှန်ရေးပါတီတခု လိုအပ်တယ်လို့ ပြောတဲ့အခါ ပါလီမန်ဘောင်ထဲက ပါတီယန္တယား တခုကို ဆိုလိုခြင်း မဟုတ်ဘူး။ ပါတီတခုဆိုတာ ‘ပထမဆုံးနဲ့ အရေးအကြီးဆုံး’က အတွေးအခေါ် အယူအဆတွေ၊ ဒီအယူအဆတွေအပေါ် အခြေခံထားတဲ့ လုပ်ငန်းစဉ်တခု၊ အဲဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မယ့် နည်းလမ်းတွေပဲ။ ဒီလုပ်ငန်းစဉ်ကို လှုပ်ရှားမှုအတွင်း ဖြန့်ချိနိုင်ပြီး လူတွေ လက်ခံလာအောင် စည်းရုံးနိုင်တဲ့ အဖွဲ့အစည်းတခု ကိုယ်ထည်တခုက “ဒီနောက်မှသာ” လာရတယ်။အပေါ်မှာ ရှင်းပြခဲ့သလိုပဲ၊ စုဖွဲ့လိုတဲ့ တိမ်းညွှတ်မှုဟာ အလုပ်သမား လူတန်းစားကြား ရှိနှင့်ပြီးသား ဖြစ်တယ်။ ဒါ့ကြောင့်လဲ၊ သမဂ္ဂတွေ၊ ပါတီတွေ ဖွဲ့စည်းလာကြတာပဲ။ အလုပ်သမား လှုပ်ရှားမှုရဲ့ အင်အားစုအသီးသီးက မတူညီတဲ့ အဖွဲ့အစည်းတွေအဖြစ်နဲ့ သူတို့အမြင်၊ သူတို့လုပ်ငန်းစဉ်တွေကို ထုတ်ဖော်လာကြတယ်။အလုပ်သမား သမဂ္ဂတွေရဲ့ သဘောသဘာဝအရကို အလုပ်သမားတွေ များနိုင်သမျှ များများပါအောင် ရည်ရွယ် ဖွဲ့စည်းကြတယ်။ သမဂ္ဂတွေမှာ တော်လှန်ရေး အလုပ်သမားတွေပဲ ပါသင့်တယ်လို့ ဘယ်သူ အဆိုတင်လိမ့်မလဲ။ ဒီလိုသာဆို အားကောင်းတဲ့ သမဂ္ဂတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမယ့် တော်လှန်ရေးပါတီတခုကျ အလုပ်သမား သမဂ္ဂတွေနဲ့ စုဖွဲ့ပုံ ကွဲပြားတယ်။ထရော့စကီးက “A Letter to a French Syndicalist about the Communist Party” ထဲမှာ အခုလို ရှင်းပြထားတယ် -“ဒီကနဦး အင်အားစု (ပါတီ)ကို ဘယ်လို စုဖွဲ့သင့်သလဲ။ ပရော်ဖက်ရှင်အလိုက် (ဒါမှမဟုတ်) နယ်မြေအလိုက် စုဖွဲ့လို့ မရနိုင်တာ အထင်အရှားပဲ။ သတ္ထုအလုပ်သမားများ ပါတီ၊ မီးရထား အလုပ်သမားများ ပါတီ၊ ရှေ့တန်းရောက် ဆောက်လုပ်ရေး အလုပ်သမားများ ပါတီဆိုပြီး ဖွဲ့လို့မရဘူး၊ တပြည်လုံးက အလုပ်သမား လူတန်းစားထဲမှာ ရှေ့တန်းအရောက်ဆုံး၊ လူတန်းစား အသိစိတ် အထက်မြက်ဆုံး အလုပ်သမားတွေ စုဖွဲ့ထားတဲ့ ပါတီပဲဖြစ်ရမယ်။ လူတန်းစား အသိစိတ် အထက်မြက်ဆုံး အလုပ်သမားတွေ အတူတကွ စုရုံးလာကြရမယ်၊ တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တခုကို အကျယ်တဝင့် ဆွေးနွေးချမှတ်ထားရမယ်၊ သူတို့အချင်းချင်းကြား စည်းလုံးမှုကို တိကျပြင်းထန်တဲ့ ပါတီတွင်း စည်းမျဉ်းနဲ့ ခိုင်မြဲစေရမယ်၊ ဒီလိုစုဖွဲ့ထားတဲ့ ပါတီတခုက အလုပ်သမား လူတန်းစားရဲ့ ပြင်းထန်အားကောင်းသော လုပ်ရပ်တိုင်းမှာ ဩဇာလွှမ်း လမ်းညွှန်နိုင်စေရမယ်၊ အလုပ်သမား လူတန်းစားရဲ့ စုဖွဲ့မှုအားလုံးမှာ ပဲ့ကိုင်ပေးနိုင်ရမယ်၊ အထူးသဖြင့် သမဂ္ဂတွေအပေါ် ဩဇာညောင်းရမယ်။”အလုပ်သမား လူတန်းစားရဲ့ အလွှာအားလုံး၊ လူငယ်အားလုံးက တူညီသော နိဂုံးချုပ်ချက်တွေကို တချိန်တည်း ချမှတ်လာကြတာ မဟုတ်ဘူး။ အလုပ်သမား တချို့က အရင်းရှင်စနစ်ဟာ အကောင်းဆုံး စနစ်ပဲလို့ ယုံကြည်ထားကြတယ်။ တချို့အလုပ်သမားတွေကျ အရင်းရှင်စနစ်ကို မနှစ်မြို့ပေမယ့် ဖြိုချနိုင်မယ်လို့ မယုံဘူး။ တချို့ကျပြန်တော့ အရင်းရှင်စနစ် ကောင်းသလား ဆိုးသလား စိတ်ကိုမဝင်စားဘူး။ ဒါပေမယ့် တချို့ အလုပ်သမားတွေက ဆိုရှယ်လစ် တော်လှန်ရေး လိုအပ်တယ်ဆိုတဲ့ နိဂုံးချုပ်ချက် ပြုလာကြတယ်။ ဒီလိုနားလည် သဘောပေါက်ထားတဲ့သူတွေက အလုပ်သမား လှုပ်ရှားမှုကို အဲဒီဦးတည်ချက်အတိုင်း ပဲ့ကိုင်မောင်းနှင် သွားလိုကြတယ်။ထုံးစံအတိုင်းပဲ၊ ဒီဆိုရှယ်လစ် လူနည်းစု (ထရော့စကီးပြောတဲ့ “ကေဒါတွေ”) ရဲ့ အလုပ်က အလုပ်သမား လူတန်းစားထဲက တခြားအလွှာတွေပါဆိုရှယ်လစ် တိုက်ပွဲအပေါ် ယုံကြည်မှုရှိလာအောင် စည်းရုံးစုစည်းဖို့ပဲ။ ဒီလူနည်းစုက ဘုံလုပ်ငန်းစဉ်တခုအပေါ် အခြေခံပြီး အဖွဲ့အစည်းတခုအနေနဲ့ စုဖွဲ့ထားမယ်ဆိုရင် အဲဒီအလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်လိမ့်မယ်။“Discussion on the Transitional Program” ထဲမှာ ထရော့စကီးက အခုလို ရှင်းပြထားတယ် -“ပါတီဆိုတာ ဘာလဲ။ တလုံးတစည်းတည်းဖြစ်ခြင်းမှာ ဘာတွေ ပါဝင်နေသလဲ။ ပါတီတခုအဖြစ် တလုံးတစည်း ဖြစ်နေခြင်းဟာ ဖြစ်ရပ်တွေ၊ လုပ်ငန်းတွေကို ဘုံနားလည် သဘောပေါက်မှုတခု ရှိနေခြင်းပဲ။ အဲဒီ ဘုံနားလည် သဘောပေါက်မှုဆိုတာ အဲဒီပါတီရဲ့ လုပ်ငန်းစဉ်ပဲ။ ခေတ်သစ် အလုပ်သမားတွေဟာ လက်နက်ကိရိယာ မပါရင် အလုပ်မလုပ်နိုင်ဘူး၊ (ခေတ်သစ်အလုပ်သမားတွေက ဘာဘဲရီယန်တွေထက် လက်နက်ကိရိယာကို ပိုလိုအပ်တယ်) အဲသလိုပဲ၊ ပါတီတခုမှာ လုပ်ငန်းစဉ်ဆိုတာ လက်နက် ကိရိယာပဲ။ လုပ်ငန်းစဉ်မရှိရင် အလုပ်သမားတိုင်းက ကိုယ့်ကိရိယာကိုယ် ကောက်ကာငင်ကာ လုပ်ကြရတယ်၊ ကောက်ကာငင်ကာ လုပ်ထားတဲ့ ကိရိယာတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေရတယ်၊ ဒီအခါ ကိရိယာတခုနဲ့တခု သဟဇာတမဖြစ်ပဲ ပဋိပက္ခဖြစ်လာတယ်။အလုပ်သမား တယောက်ရဲ့ လက်နက်ကိရိယာဆိုတာ အလုပ်တခုခု မလုပ်ခင် ကြိုရှိနှင့်ထားရသလိုပဲ၊ လုပ်ငန်းစဉ်တခုနဲ့ အဖွဲ့အစည်းတခုကို တော်လှန်ရေး မဖြစ်ခင် ကြိုတည်ဆောက်ထားဖို့ လိုအပ်တယ်။”စပိန်တော်လှန်ရေး - ပါတီတခု (သို့) ခေါင်းဆောင်မှုတခု မရှိတဲ့ လူတန်းစားတရပ်တော်လှန်ရေး အဖွဲ့အစည်း မရှိတဲ့အခါ၊ တော်လှန်ရေး ခေါင်းဆောင်မှု ကင်းမဲ့နေတဲ့အခါ ဘာတွေ ဖြစ်သွားသလဲ။ ဒါမှမဟုတ်၊ ရှိနေတဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှုကို နောက်ပြန်ဆွဲထားတဲ့အခါ ဘာဖြစ်သွားသလဲ။ထရော့စကီးရဲ့ “လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု” အက်ဆေးထဲမှာ ၁၉၃၁-၃၉ စပိန်တော်လှန်ရေး ဘာလို့ အရေးနိမ့်သွားရသလဲ ရှင်းပြထားတယ်။ လူတန်းစားတရပ်က အရင်းရှင်စနစ်ကို ဖြိုချပစ်ဖို့ အစွမ်းကုန် လုပ်ခဲ့ပေမယ့် တော်လှန်ရေး ခေါင်းဆောင်မှု မရှိတဲ့အခါ (သို့) ရှိနေတဲ့ အဖွဲ့အစည်းတွေက အာဏာမသိမ်းရဲတဲ့အခါ ဘာဖြစ်သွားတတ်သလဲ ဆိုတာကို စပိန်တော်လှန်ရေးက ကြေကွဲစရာ အကောင်းဆုံး နမူနာဆောင်သွားတယ်။၁၉၃၀ ခုနှစ်များ တဝိုက် ဖြစ်ပွားခဲ့တဲ့ အကြပ်အတည်းဟာ စပိန်ကို အပြင်းအထန် ရိုက်ခတ်ခဲ့တယ်။ အလုပ်သမား လူတန်းစား နဲ့ လယ်သမားထုဟာ ဆင်းရဲမွဲတေမှုဒဏ် အလူးအလဲ ခံခဲ့ရတယ်။ မြေရှင်ကြီးတွေနဲ့ အရင်းရှင်တွေဟာ အမြတ်တွေ တနင့်တပိုး ဆက်ရစေဖို့ လုပ်သားထုရဲ့ လူနေမှုဘဝကို အဆိုးဆုံး အခြေအနေအထိ လျှော့ချပစ်ခဲ့တယ်။ ၁၉၃၁ခုနှစ်မှာ လူထုရဲ့ ဆန့်ကျင်ဒေါသတွေ တလိပ်လိပ် တက်လာနေတာ မြင်ခဲ့ရတဲ့ အုပ်စိုးသူ လူတန်းစားဟာ မတတ်သာတဲ့အဆုံး ဘုရင်စနစ်ကို ချနင်းပြီး၊ သမ္မတနိုင်ငံကို ကြေညာခဲ့ရတယ်။ ဒါပေမယ့်လည်း၊ ဒီမိုကရေစီ သမ္မတနိုင်ငံအဖြစ် ကူးပြောင်းသွားခြင်းဟာ အလုပ်သမား လူတန်းစားနဲ့ ဆင်းရဲလယ်သမားထုရဲ့ ပြဿနာတွေကို ဘာတခုမှ မဖြေရှင်းပေးနိုင်ခဲ့ဘူး။လက်ယာအစိုးရ တက်လာပြီး (၂)နှစ်အကြာ ၁၉၃၆ ဖေဖော်ဝါရီမှာ၊ လူထုက ပြည်သူ့တပ်ဦး (Popular Front) ကို အစိုးရတင်ပေးခဲ့ကြတယ်။ အဲဒီ တပ်ပေါင်းစု အစိုးရထဲမှာ ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ၊ POUM (မာ့က်စ်ဝါဒ ပါတီလို့ နာမည်ခံထားပေမယ့် တော်လှန်ရေးနဲ့ ပြုပြင်ရေးဝါဒကြား အမြဲယိမ်းယိုင်နေတဲ့ ပါတီ) နဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်ကြီး (CNT) ကိုခေါင်းဆောင်တဲ့ အနားခစ်(စ်)တွေတောင် ပါဝင်ခဲ့တယ်။ ပြဿနာက အဲဒီ အလုပ်သမား အဖွဲ့တွေဟာ ဘူဇွာ ရီပတ်ဘလစ်ကန်တွေကို ဒီပြည်သူ့တပ်ဦးထဲ ပါဝင်စေခဲ့တယ်။ တပ်ပေါင်းစု အစိုးရအဖွဲ့ထဲ အရင်းရှင် ပါတီတွေရှိနေခြင်းဟာ အဲဒီတပ်ပေါင်းစု လုပ်ငန်းစဉ်ကို ပြုပြင်ထိန်းညှိစေခဲ့တယ်၊ အလုပ်သမား နဲ့ လယ်သမားထု အကျိုးဖြစ်စေမယ့် ပြုပြင်ပြောင်းလဲရေးတွေကို နှေးကွေးစေခဲ့တယ်၊ ဘူဇွာ ပိုင်ဆိုင်မှုကို မတို့မထိဘဲ ဒီအတိုင်း ထားစေခဲ့တယ်။ ပြည်သူ့တပ်ဦး အစိုးရဟာ တိုက်ပွဲဝင် အလုပ်သမားတွေကို ဖိနှိပ်တဲ့အထိ လုပ်လာခဲ့တယ်။ပြည်သူ့တပ်ဦး ကတိကဝတ်ပြုခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ထိုင်စောင့်မနေတော့ဘဲ တပတ်တာ အလုပ်ချိန် ၄၄ နာရီ သတ်မှတ်ခြင်း၊ လုပ်ခလစာ တိုးမြှင့်ခြင်း၊ ပြီးခဲ့တဲ့ လက်ယာအစိုးရလက်ထက် ဖမ်းစီးအကျဉ်းချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေခြင်း အစရှိတဲ့ ပြောင်းလဲမှုတွေကို အလုပ်သမားတွေကိုယ်တိုင် ဖော်ဆောင်ခဲ့ကြတယ်။ ၁၉၃၆ ဖေဖော်ဝါရီ နဲ့ ဇူလိုင်လအတွင်း၊ စပိန်ပြည်ရဲ့ မြို့ကြီးအားလုံးမှာ အနည်းဆုံး အထွေထွေ သပိတ်တခု မှောက်ခဲ့ကြတယ်။ ၁၉၃၆ ဇူလိုင်လ အစောပိုင်းမှာ အလုပ်သမား တသန်း သပိတ်မှောက် နေခဲ့ကြတယ်။အရင်းရှင်တွေအဖို့ အလုပ်သမား လှုပ်ရှားမှုဟာ အရမ်းကျယ်ပြန့် အားကောင်းလွန်းနေတယ်။ စပိန် စက်မှု အရင်းရှင်တွေ၊ မြေရှင်ကြီးတွေရဲ့ အပြည့်အဝ ထောက်ခံမှုနဲ့ ၁၉၃၆ ဇူလိုင် ၁၇ ရက်နေ့မှာ ဗိုလ်ချုပ် ဖရန်စစ်(စ်)ကို ဖရန်ကို ဦးဆောင်တဲ့ ဖက်ဆစ်အုံကြွမှု စတင်ခဲ့တယ်။ ဖက်ဆစ်အုံကြွမှုရဲ့ ရည်ရွယ်ချက်က အစိုးရကို ဖြိုချမယ်၊ အလုပ်သမား သမဂ္ဂတွေ နဲ့ အလုပ်သမား ပါတီတွေကို ဖျက်စီးမယ်၊ အားကောင်းတဲ့ အစိုးရတရပ် ထူထောင်မယ်၊ ဒါမှ အလုပ်သမား၊ လယ်သမားတွေရဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားပြီး အရင်းရှင်တွေက သွေးစုပ်ခြယ်လှယ်မှုကို အေးအေးဆေးဆေး ဆက်လုပ်နိုင်မယ်။ ဖက်ဆစ်အာဏာသိမ်းခြင်းနဲ့ ရင်ဆိုင်ရချိန်မှာ၊ ပြည်သူ့တပ်ဦး အဖွဲ့ဝင် ပါတီတွေက အလုပ်သမားတွေကို လက်နက်တပ်ဆင်ပြီး ခုခံဖို့ မလုပ်ခဲ့ကြဘူး။ဒီလို တပ်ပေါင်းစုဘက်က ပျက်ကွက်ခဲ့ပေမယ့်၊ အလုပ်သမားတွေက ဖက်ဆစ်တွေကို ခုခံမောင်းထုတ်ဖို့ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြတယ်၊ “အလိုအလျောက်” တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်တယ်။ တုတ်တွေ၊ အိမ်သုံးဓားတွေ၊ လက်လှမ်းမီရာ တခြားလက်နက်တွေ ဆွဲကိုင်ခဲ့ကြတယ်၊ စစ်သားတွေကို ရင်းနှီးကျွမ်းဝင်လာအောင် စည်းရုံးပြီး စစ်တန်းလျားကို ထိုးဖောက်ဝင်ရောက်ကာ လက်နက်တွေ ရှာဖွေခဲ့ကြတယ်။ အလုပ်သမားတွေကိုယ်တိုင် တပ်စုတွေ တည်ဆောက်ပြီး ဘူဇွာရဲတွေနေရာ အစားထိုးလာကြတယ်။ ဖက်ဆစ်စနစ်ကို ဒီလို “စစ်ရေးအရ” ခုခံရေးတွေ လုပ်ခဲ့ရုံသာမက၊ အလုပ်သမားတွေဟာ စီးပွားရေးအရလည်း တိုက်ပွဲဝင်ခဲ့ကြတယ်။ ကတ်တလိုနီးယမှာ ပို့ဆောင်ရေးနဲ့ စက်ရုံတွေအားလုံးနီးပါး အလုပ်သမား ကော်မတီတွေ၊ စက်ရုံကော်မတီတွေ လက်ထဲရောက်သွားခဲ့တယ်။ မက်ဒရစ်(ဒ်)က ဗဟိုအစိုးရနဲ့ ကတ်တလိုနီးယ အစိုးရအပြင် အလုပ်သမားတွေရဲ့ စင်ပြိုင်အာဏာ ထွက်ပေါ်ခဲ့တယ်။ဒါပေမယ့် ဒီနောက် ဘာဖြစ်ခဲ့သလဲ။ အဖွဲ့အစည်းအားလုံးရဲ့ ခေါင်းဆောင်မှု [ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ၊ POUM နဲ့ အနားခစ်(စ်)တွေ] က တိုက်ပွဲကို နဖားကြိုးထိုး ဆွဲထားခဲ့ကြတယ်။ ကတ်တလိုနီးယမှာ အလုပ်သမား ကော်မတီတွေကို ဖျက်သိမ်းဖို့ လုပ်ခဲ့ကြတယ်။ အလုပ်သမားတွေကို အိမ်ပြန်ကြဖို့ ပြောရာမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ တပ်ဦးမှာ ရှိခဲ့တယ်၊ ဖက်ဆစ်စနစ်ကို တိုက်ရာမှာ ဘူဇွာအစိုးရကို ဦးဆောင်စေခဲ့တယ်။ POUM က တခြားအဖွဲ့တွေရဲ့ နောက်မြီးဆွဲ လုပ်ခဲ့တယ်၊ ဒီနောက် ၁၉၃၆နှောင်းပိုင်းမှာ ကတ်တလန် ဘူဇွာအစိုးရအဖွဲ့ထဲ ဝင်သွားခဲ့တယ်၊ တော်လှန်ရေးကို သင်းကွပ်ဖို့ ရည်ရွယ်ထားတဲ့ ပေါ်လစီတွေကို လက်ခံပေးခဲ့တယ်။အလုပ်သမား အဖွဲ့ချုပ် (CNT) ခေါင်းဆောင် အနားခစ်(စ်)တွေရဲ့ သဘောထားက စိတ်ဝင်စားဖို့ ကောင်းလှတယ်။ အဲဒီကာလအတွင်း အာဏာသိမ်းမယ်ဆို သိမ်းနိုင်ခဲ့တယ်လို့ CNT က အခုလို ခပ်ကြွားကြွားလေး ပြောခဲ့တယ်၊ “ငါတို့သာ အာဏာသိမ်းဖို့ ဆန္ဒရှိခဲ့ရင် (၁၉၃၇) မေလထဲမှာ သေချာပေါက် အာဏာသိမ်းနိုင်တယ်။ ဒါပေမယ့် ငါတို့က အာဏာရှင်စနစ် မှန်သမျှကို ဆန့်ကျင်ကြသူတွေ။”သူတို့ဟာ အနားခစ်(စ်)တွေ ဖြစ်တယ်၊ ဒါ့ကြောင့် အာဏာမှန်သမျှကို ဆန့်ကျင်ကြတယ်၊ ဒါ့ကြောင့်ပဲ CNT ခေါင်းဆောင်တွေဟာ ပေါက်ဖွားလာတဲ့ အလုပ်သမား ဒီမိုကရေစီကို ခိုင်မာအားကောင်းအောင် လုပ်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒါပေမယ့် အလုပ်သမား လူတန်းစား ကိုယ်စားပြုပြီး အာဏာသိမ်းဖို့ ငြင်းဆန်ခဲ့ကြတဲ့ အနှီ အနားခစ်(စ်)တွေပဲ နောက်ပိုင်းကျ ကတ်တလိုနီးယ ဘူဇွာအစိုးရအဖွဲ့ထဲ ဝင်ပါခဲ့ကြတယ် မဟုတ်လား။အလုပ်သမားတွေ စိတ်ဓာတ်ပျက်ပြား သွားခဲ့ကြတယ်။ ၁၉၃၆-၃၉ ပြည်တွင်းစစ်မှာ ဖရန်ကို နဲ့ ဖက်ဆစ်တွေ အောင်ပွဲခံခြင်းနဲ့ ဒီကြေကွယ်ဖွယ် ဇာတ်လမ်း အဆုံးသတ်သွားတယ်။စပိန်တော်လှန်ရေး ဘာ့ကြောင့ အရေးနိမ့်ခဲ့ရသလဲအလုပ်သမားတွေဟာ ဖက်ဆစ်တွေကို ‘အလိုအလျောက်’ ခုခံတိုက်ပွဲဝင်ပြီး အလုပ်ခွင်တွေကို သိမ်းပိုက်ထားခဲ့ကြတယ် (အထူးသဖြင့် ကတ်တလိုနီးယမှာ)။ အလုပ်သမားတွေက မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ချီတက်နေခဲ့ကြတယ်။ ဒါပေမယ့် အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်တွေက လူထု လှုပ်ရှားမှုကို ဘရိတ်အုတ် ရပ်တန့်စေခဲ့တယ်။ “လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု” အက်ဆေးထဲမှာ ထရော့စကီး ရှင်းပြခဲ့သလိုပဲ၊ အဲဒီလိုအခြေအနေမှာ အလုပ်သမား လူတန်းစားအဖို့ ခေါင်းဆောင်ပိုင်းရဲ့ ကွန်ဆားဗေးတစ်ဆန်မှုကို ကျော်လွှားဖို့ရာ မလွယ်လှဘူး။ ဒီလို ခေါင်းဆောင်မှုကို ကျော်လွှားနိုင်ဖို့ နောက်ထပ် ခေါင်းဆောင်မှုတခု အဆင်သင့် ရှိနေဖို့လိုအပ်တယ် -“စပိန်လူထုဟာ သူတို့ရဲ့ခေါင်းဆောင်တွေနောက် ဒီအတိုင်း လိုက်သွားခဲ့ကြတယ် ဆိုတဲ့ အနှစ်မဲ့ အဆိုမျိူး ထပ်တလဲလဲ ရွတ်တတ်ဖို့ လူတန်းစား နဲ့ ပါတီ၊ လူထု နဲ့ ခေါင်းဆောင်မှုကြားက အပြန်အလှန် ဆက်နွှယ်မှုတွေကို နကန်းတလုံးမှ နားလည်စရာ မလိုဘူး။ ပြောနိုင်တဲ့အရာ တခုပဲရှိတယ်၊ လူထုက မှန်ကန်တဲ့လမ်းကို သူတို့ဘာသာ ဖောက်သွားဖို့ ကြိုးစားတိုင်း တိုက်ပွဲမီးလျှံကြားထဲမှာ တော်လှန်ရေးက တောင်းဆိုနေတဲ့ ခေါင်းဆောင်မှု အသစ်တခု မွေးဖွားပေးဖို့ မတတ်နိုင်ခဲ့ဘူး၊ သူတို့အင်အားထက် ကျော်လွန်နေခဲ့တယ်။ ငါတို့ရှေ့မှာ ရှိနေတဲ့အရာက အင်မတန် ပြောင်းလဲစီးဆင်းနေတဲ့ ဖြစ်စဉ်တခု၊ တော်လှန်ရေးရဲ့ အဆင့်တွေက ရုတ်ချည်း ပြောင်းလဲနေတယ်၊ ခေါင်းဆောင်မှု (သို့) ခေါင်းဆောင်မှုရဲ့ အင်အားစုအသီးသီးက လူတန်းစား ရန်သူဘက်ကို အလျင်အမြန် ကူးပြောင်းနေကြတယ်။”ဒီနောက် ဆက်ရှင်းပြသေးတယ် -“ခေါင်းဆောင်မှုအဟောင်းက အတွင်းလှိုက် ပျက်စီးနေတဲ့အချက်ကို ပေါ်ပေါ်ထင်ထင် ဖွင့်ပြခဲ့ရင်တောင် လူတန်းစားတရပ်အနေနဲ့ ခေါင်းဆောင်မှုအသစ်ကို နေ့ချင်းညချင်း ကောက်မထွင်နိုင်ဘူး။ အထူးသဖြင့် ခေါင်းဆောင် ပါတီဟောင်း ပြိုကျသွားတဲ့ အခြေအနေကို အသုံးချနိုင်စွမ်းရှိသော အားကောင်းလှတဲ့ တော်လှန်ရေး ကေဒါတွေ အရင်ကတည်းက ရှိမနေခဲ့ရင် ခေါင်းဆောင်သစ်တခု ပေါ်ပေါက်ဖို့ မဖြစ်နိုင်ဘူး။ရှေးအတိတ်သမိုင်း မဟုတ်စပိန်တော်လှန်ရေး တခုတည်းသာ ဒီလိုဖြစ်ခဲ့တာ မဟုတ်ဘူး၊ အတိတ်မှာပဲ ဒါမျိုးရှိတာ မဟုတ်ဘူး။ ၂၀၁၉ မှာလည်း လက်တင် အမေရိကတိုက်၊ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာ တော်လှန်ရေး လှိုင်းကြီး တိုက်စားသွားခဲ့တယ်။ ချီလီ၊ အက်ခွာဒေါ၊ ကိုလမ်ဘီယာ၊ အီရတ်၊ လက်ဘနန်၊ အယ်ဂျီးရီးယားနဲ့ ဆူဒန် အစရှိတဲ့ တိုင်းပြည်တွေမှာ အထွေထွေ သပိတ်ကြီးတွေ၊ လူထုအုံကြွမှုကြီးတွေ၊ တော်လှန်ရေးတွေ ဖြစ်ပွားခဲ့တယ်။ နေရာတိုင်းမှာ တော်လှန်ရေး ခေါင်းဆောင်မှု ပြဿနာကို အထင်အရှား တွေ့ခဲ့ရတယ်၊ တော်လှန်ရေး ခေါင်းဆောင်မှု မရှိခြင်းဟာ ဒီဖြစ်ရပ်တွေအပေါ် မှတ်လောက်သားလောက်အောင် ခြေရာချန်ထားရစ်ခဲ့တယ်။ဆူဒန်မှာ ဖြစ်သွားတာက အံ့အားသင့်လောက်တယ်။ ၂၀၁၈ ဒီဇင်ဘာလထဲမှာ အာဏာရှင် အိုမာ အယ်(လ်)ဘာရှီယာကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့တယ်။ အလွန်အမင်း ဆင်းရဲမွဲတေမှု၊ IMF တင်ပို့လာတဲ့ အတင်းအကြပ် ခြိုးခြံချွေတာရေး အစီအမံတွေ နဲ့ လူတွေအမြောက်အမြား အလုပ်လက်မဲ့ ဖြစ်နေတာတွေဟာ လူထုကို လမ်းမတွေထက် တိုက်ပွဲဝင်စေခဲ့တယ်။ မြို့တော် ခါတောင်း(မ်)မှာ တော်လှန်ရေးသမားတွေက လူထု ထိုင်သပိတ် စခန်းကြီးတခုကို တည်ဆောက်ခဲ့ကြသေးတယ်။Financial Times ဆောင်းပါးတပုဒ်က အခုလို ရှင်းပြထားတယ် -“၁၉၁၇ မှာ ဇာဘုရင် ဖြိုချခံရတုန်းက ရပ်ရှားတွေ ဘယ်လိုနေမယ် သေချာမသိနိုင်သလို ၁၈၇၁ တုန်းက ခဏတာ တည်တံ့ခဲ့တဲ့ ပါရီကွန်မြူးကာလ စိတ်အားတက်ဖွယ် စံနှုန်းပြည့် နေ့ရက်တွေမှာ ပြင်သစ်တွေ ဘယ်လို ခံစားခဲ့ရမလဲ တပ်အပ်မပြောနိုင်ဘူး။ ဒါပေမယ့် ၂၀၁၉ ဧပြီတုန်းက ခါတောင်း(မ်)မှာ ခံစားရသလို ဖြစ်ခဲ့မှာ သေချာတယ်။ဆူဒန်မှာ တော်လှန်ရေးစစ်စစ် ဖြစ်ခဲ့ပါတယ်။ အုပ်စိုးသူ လူတန်းစားအဖို့ မတတ်သာတဲ့အဆုံး ဧပြီလထဲမှာ အာဏာရှင်ကို ဖယ်ရှားပစ်ခဲ့ရတယ်။ စစ်တပ်လက်ထဲမှာ အာဏာကို အမိအရ ထိန်းချုပ်ထားနိုင်အောင် “ကြားကာလ စစ်ဖက်ဆိုင်ရာ ကော်မတီ”တရပ်ကို ဖွဲ့စည်းခဲ့ရတယ်။ဆန္ဒပြပွဲတွေကို စုရုံးပေးခဲ့တဲ့ အဓိက အဖွဲ့အစည်းကြီးက ဆူဒန် ပရော်ဖက်ရှင်နယ်များ အစည်းအရုံး (SPA) ဖြစ်တယ်။ ဒီအဖွဲ့အစည်းက ဆန္ဒပြပွဲတွေကို ဆော်ဩခဲ့တဲ့အပြင် မေလအကုန်မှာ အထွေထွေ သပိတ်ကြီးတခု ဆင်နွှဲဖို့လည်း ဦးဆောင် ဆော်ဩခဲ့သေးတယ်၊ စစ်တပ်က အာဏာစွန့်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒီသပိတ်ကြီးကြောင့် တိုင်းပြည်တခုလုံး သွက်ချာပါဒ လိုက်သွားခဲ့တယ်။ဇွန်လအစောပိုင်းမှာ အစိုးရက ခါတောင်း(မ်) ထိုင်သပိတ်ကို နှိပ်ကွပ်ဖို့ စစ်တပ်တွေ လွှတ်ခဲ့တယ်။ ဆူဒန် အလုပ်သမားထုကို ကြောက်သွားအောင် မလုပ်နိုင်ခဲ့ဘူး၊ SPA က နောက်ထပ် အထွေထွေ သပိတ်တခုကို စုစည်းပေးခဲ့တယ်။ တိုင်းပြည်တခုလုံး ရပ်ဆိုင်းသွားခဲ့ရတယ်။ ခုခံရေး ကော်မတီတွေ ထူထောင်ခဲ့ကြတယ်။ ဒီအချိန်မှာ အလုပ်သမား လူတန်းစားက အာဏာသိမ်းဖို့၊ စီးပွားရေးဘဝကို ထိန်းချုပ်ဖို့ အခွင့်အရေးတခု ရခဲ့တယ်။ ဒါပေမယ့် SPA က သပိတ်ကို လှန်ခိုင်းခဲ့တယ်။ စစ်ကောင်စီနဲ့ စေ့စပ်ရေးလုပ်ခဲ့တယ်၊ ရွေးကောက်ပွဲတွေ မလုပ်ခင် နောက် (၃)နှစ်ကို အကူးအပြောင်း ကာလအဖြစ် စစ်ကောင်စီနဲ့ သဘောတူညီမှု ယူခဲ့တယ်။ ရလဒ်ကတော့ အခုလို (၂)နှစ်ကြာလာတဲ့အထိ စစ်တပ်လက်ထဲမှာ အာဏာရှိနေဆဲ ဖြစ်တယ်။ လူထုဘဝ ဒုက္ခပင်လယ်ဝေနေဆဲ ဖြစ်တယ်။ဆူဒန်မှာ ဘာလိုနေခဲ့သလဲ။ အလုပ်သမားတွေက အထွေထွေ သပိတ်ကြီး နှစ်ကြိမ်မှောက်ခဲ့တယ်၊ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက ထိုင်သပိတ် ဆင်နွှဲခဲ့တယ်၊ လူထုလှုပ်ရှားမှုကို စုစည်းနိုင်ဖို့ အောက်ခြေအဆင့် ကော်မတီတွေ ဖွဲ့စည်းခဲ့ကြတယ်။ အလုပ်သမားထုဘက်က လုပ်စရာရှိတာ အစွမ်းကုန် လုပ်ခဲ့ကြတယ်။ အာဏာသိမ်းနိုင်တဲ့ အနေအထား ရှိခဲ့တယ်။ဒါပေမယ့် လူထုကြား ဩဇာရှိတဲ့ အဖွဲ့ကြီးက အာဏာသိမ်းတဲ့အထိ မတိုက်ဘဲ စစ်တပ်နဲ့ စေ့စပ်ခဲ့တယ်။ အထက်မှာရှင်းခဲ့သလိုပဲ၊ ဒီလိုအခြေအနေမှာ နောက်ထပ် ဦးဆောင် အဖွဲ့အစည်း အသစ်တခု နေ့ချင်းညချင်း တည်ဆောက်ဖို့ရာ မဖြစ်နိုင်ခဲ့ဘူး။ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ခေါင်းဆောင်မှုဟာ အင်မတန် အရေးကြီးတယ်။ စုရုံးပြင်ဆင်ဖို့ လိုအပ်ချက်ကို ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ဘူး။ အလုပ်သမား လှုပ်ရှားမှုကို လွဲမှားတဲ့ ခေါင်းဆောင်မှုနဲ့ ဦးဆောင်မှု ပေးနေတယ်၊ အလုပ်သမား အဖွဲ့အစည်းတွေက လှုပ်ရှားမှုကို နောက်ပြန်ဆွဲထားတယ်၊ ဒီလိုအခြေအနေမှာ လုပ်ရမယ့် တာဝန်က နောက်ထပ် ခေါင်းဆောင်မှုတခု (စစ်မှန်တဲ့ တော်လှန်ရေး ပါတီတခု)ကို ကြိုပြီး တည်ဆောက်ထားမှ ရမယ်။ ၁၉၁၇ ရပ်ရှား တော်လှန်ရေးတော်လှန်ရေး ပါတီတခုရဲ့ အခန်းကဏ္ဍကို ဆွေးနွေးတဲ့အခါ ၁၉၁၇ ရပ်ရှား တော်လှန်ရေး အကြောင်း မပြောလို့ မရဘူး။ဒီတော်လှန်ရေး သမိုင်းကို မာ့(က်စ်)ဝါဒီတွေ အချိန်အများကြီးပေးပြီး လေ့လာကြတာ အကြောင်းမဲ့ မဟုတ်ပေ။ (၁၈၇၁ ပါရီ ကွန်မြူး ခဏတာ ပေါ်ခဲ့ဖူးတာကလွဲလို့) သမိုင်းတလျှောက် ပထမဦးဆုံးအနေနဲ့ အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ အဖိနှိပ်ခံတွေက အာဏာသိမ်းနိုင်ခဲ့တယ်၊ အရင်းရှင်စနစ်ကို ဖြိုချပစ်ခဲ့တယ်၊ အလုပ်သမားထု ဒီမိုကရေစီကို စတင်ထူထောင်ခဲ့ကြတယ်၊ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းတခု တည်ဆောက်ဖို့ရာ အုတ်မြစ်တွေ ချခဲ့ကြတယ်။ အနာဂတ်မှာ အောင်ပွဲခံနိုင်အောင် တည်ဆောက်ဖို့ရာ အတိတ်က အောင်ပွဲတွေကို တော်လှန်ရေးသမားတွေ မဖြစ်မနေ လေ့လာကြရတယ်။ရပ်ရှား အလုပ်သမားတွေ ၁၉၁၇ အောက်တိုဘာမှာ အောင်ပွဲခံနိုင်ခဲ့တာ သူ့ဘာသာ ဖြစ်လာတာ မဟုတ်ဘူး။ရပ်ရှားဟာ ၁၉၁၇ ဖေဖော်ဝါရီမှာ ကမ္ဘာစစ်ကြောင့် အထိနာနေခဲ့တယ်။ ရှေ့တန်းက စစ်ယူနီဖောင်းဝတ် အလုပ်သမားတွေ၊ လယ်သမားတွေဟာ အုပ်စိုးသူ လက်တဆုပ်စာ အကျိုးငှာ အသေခံ ဆက်မတိုက်ချင်ကြတော့ဘူး။ စက်ရုံထဲက အလုပ်သမားတွေနဲ့ သူတို့မိသားစုတွေ ငတ်ပြတ်နေကြပြီ။ ဒီအခြေအနေအတိုင်း ဆက်သည်းခံလို့ မရတော့ဘူး။ ပီထရိုဂရက်(ဒ်)က အမျိုးသမီး အလုပ်သမားတွေ အစပြုလိုက်ရာက တမြို့လုံးက အလုပ်သမားတွေ သပိတ်မှောက်လိုက်ကြတယ်။ လူထုလှုပ်ရှားမှု တပတ်အကြာမှာ ဇာဘုရင် ပြုတ်ကျသွားခဲ့တယ်။ဒီအချိန်မှာ ပီထရိုဂရက်(ဒ်) ဆိုဗီယက်ကို ဖွဲ့စည်းခဲ့ကြတယ်။ ဒီနောက် ရပ်ရှားပြည် တနံတလျား ဆိုဗီယက်တွေ အပြိုင်းအရိုင်း ထွက်ပေါ်လာခဲ့တယ်။ ဆိုဗီယက်ဆိုတာ ကြီးမားကျယ်ပြန့်တဲ့ သပိတ်ကော်မတီကြီးတွေပဲ။ အဲဒီဆိုဗီယက်တွေက လူ့အဖွဲ့အစည်းကို ပဲ့ကိုင်မောင်းနှင်လာကြတယ်။ ဆိုဗီယက်တွေလက်ထဲ အာဏာရှိနေပြီ။သပိတ်မှောက် လူထုကိုယ်တိုင် တည်ဆောက်ထားတဲ့ ဆိုဗီယက်တွေနဲ့အပြိုင် ဘူဇွာလူတန်းစားက ကြားဖြတ် အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ကြတယ်၊ အရင်းရှင်စနစ်ကို နေသားတကျ ထိန်းထားဖို့ ရည်ရွယ်ထားတယ်။ အောက်တိုဘာ မတိုင်ခင်အထိ ဒီအခြေအနေအတိုင်း “စင်ပြိုင်အာဏာ” တည်နေခဲ့တယ်။(၁၉၁၇) ဖေဖော်ဝါရီနဲ့ အောက်တိုဘာကြားမှာ တော်လှန်ရေး ဒီရေအတက် အကျတွေ ရှိခဲ့တယ်၊ ဒီအတောအတွင်း ကြားဖြတ်အစိုးရရဲ့ လုပ်ရပ်တွေက လူထု တောင်းဆိုချက်တွေ (အလုပ်သမားတွေအတွက် ငြိမ်းချမ်းရေးနဲ့ ပေါင်မုန့်၊ လယ်သမားတွေအတွက် မြေယာ)ကို ဖြည့်ဆည်းပေးဖို့ လုံးဝ ဆန္ဒမရှိကြောင်း သက်သေပြခဲ့တယ်။တော်လှန်ရေးဖြစ်စ အစောပိုင်း လတွေမှာ ပြုပြင်ရေး ပါတီတွေဖြစ်တဲ့ ဆိုရှယ်လစ် ရက်ဗလူရှင်နရီ (SRs) နဲ့ မင်ရှီဗစ်တွေက ဆိုဗီယက်တွေအတွင်း အလုပ်သမား၊ လယ်သမား အများစုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိထားတယ်။ ဒီပြုပြင်ရေးပါတီတွေက သူတို့ရရှိထားတဲ့ ခေါင်းဆောင်မှုနေရာကို အသုံးချပြီး ဘူဇွာ ကြားဖြတ် အစိုးရအပေါ် ဆိုဗီယက်တွေ ထောက်ခံမှုပေးလာအောင် လုပ်ခဲ့ကြတယ်။ ဒီနောက် အဲဒီခေါင်းဆောင်တွေက ဘူဇွာ ကြားဖြတ် အစိုးရအဖွဲ့ထဲ ဝင်သွားခဲ့တယ်။ အလုပ်သမား လူတန်းစားကိုယ်တိုင် အာဏာသိမ်းယူဖို့ အချိန်မတန်သေးဘူး၊ စောလွန်းနေသေးတယ်၊ ဘူဇွာတွေကို အရင်အုပ်စိုးခွင့် ပေးရလိမ့်မယ်၊ ဆိုရှယ်လစ် တိုက်ပွဲက အနာဂတ်မှ လာလိမ့်မယ်လို့ မင်ရှီဗစ်နဲ့ SR တွေက ယုံကြည်ထားကြတယ်။တလပြီးတလ ကုန်ဆုံးသွားတာနဲ့ အလုပ်သမား၊ စစ်သား နဲ့ လယ်သမားထု ရှေ့မှောက်မှာ မင်ရှီဗစ်တွေ၊ SR တွေရဲ့ သရုပ်မှန် ပေါ်လာခဲ့တယ်။ ဒီလို ပြုပြင်ရေးဝါဒီတွေ လုပ်သားထု အကျိုးစီးပွားကို မဖော်ဆောင်နိုင်ကြောင်း ထင်ရှားလာတဲ့အချိန်မှာ နောက်ထပ် အင်အားစုတခု ရှိနေခဲ့တယ်။ ဒါ့ကြောင့် လုပ်သားထုက လီနင်နဲ့ ထရော့စကီး ခေါင်းဆောင်တဲ့ ဘော်ရှီဗစ်တွေဆီ ဦးလှည့်လာကြတယ်။ ဘူဇွာလူတန်းစား လက်ထဲက အာဏာကို ဆိုဗီယက်တွေကိုယ်တိုင် အရယူဖို့ လိုအပ်တယ်၊ ယူလည်းယူနိုင်တယ်လို့ အစောပိုင်းလတွေမှာ ဘော်ရှီဗစ်တွေက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ကြတယ်၊ ပြုပြင်ရေးဝါဒီ မင်ရှီဗစ်တွေ၊ SR တွေအကြောင်း သိလာတဲ့ လုပ်သားထုက ဘော်ရှီဗစ်တွေရဲ့ ဦးဆောင်မှုကို ယုံကြည်လာကြတယ်။ ဒီအခါ လူထုရဲ့ ကြီးမားလှသော တော်လှန်ရေး စွမ်းအားတွေကို စနစ်တကျ စုစည်းပြီး ၁၉၁၇ အောက်တိုဘာမှာ အောင်ပွဲဆီ ချီတက်နိုင်ခဲ့တယ်။ ဘော်ရှီဗစ်ပါတီနဲ့ လီနင်သမိုင်းတလျှောက် ပထမဆုံးအနေနဲ့ အလုပ်သမားထုက ရပ်ရှားတော်လှန်ရေးမှာ အာဏာသိမ်းနိုင်ခဲ့တယ်၊ ဆက်ထိန်းနိုင်ခဲ့တယ်။ တခြားတော်လှန်ရေးတွေ အများကြီး အရေးနိမ့်ခဲ့ပေမယ့် ဘာ့ကြောင့် ရပ်ရှား အလုပ်သမားတွေက အောင်ပွဲခံခဲ့သလဲ။၁၉၃၀ ပြည့်နှစ်တွေမှာ တိုက်ပွဲဝင်ခဲ့တဲ့ စပိန်အလုပ်သမားတွေထက် ရပ်ရှား အလုပ်သမားတွေက “ပိုရင့်ကျက်နေလို့” အောင်ပွဲခံနိုင်ခဲ့တာဆိုတဲ့ ရှင်းလင်းချက်မျိုး ပေးဖို့မဖြစ်နိုင်ဘူး။ ရပ်ရှား အလုပ်သမားတွေက စပိန်အလုပ်သမားတွေထက် တိုက်ရည်ခိုက်ရည် ပိုသာလို့လည်း မဟုတ်ဘူး။ ရပ်ရှား အလုပ်သမားတွေက အသိဉာဏ် ပိုထက်နေလို့လည်း မဟုတ်ဘူး။ တကယ်ကွာသွားတာက ရပ်ရှားတော်လှန်ရေးမှာ ဘော်ရှီဗစ်ပါတီ ရှိခဲ့တယ်။ဘော်ရှီဗစ်တွေက ရပ်ရှားတော်လှန်ရေးကို ဖန်တီးခဲ့တာ မဟုတ်ဘူး။ ဘော်ရှီဗစ်တွေက ဖေဖော်ဝါရီ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြတာ မှန်တယ်၊ ဒါပေမယ့် လူထုကြား တိုက်ပွဲဝင်လို စိတ်တွေ ဖြစ်ပေါ်လာအောင် အရင်းရှင်စနစ်က ဖန်တီးပေးခဲ့တာ ဖြစ်တယ်၊ ရပ်ရှားနိုင်ငံရဲ့ အင်မတန် ဆိုးရွားလှတဲ့ အခြေအနေက ဖန်တီးပေးခဲ့ခြင်း ဖြစ်တယ်။ “ရပ်ရှား တော်လှန်ရေး သမိုင်း” စာအုပ်ထဲမှာ ထရော့စကီးက အခုလို ရှင်းပြထားတယ် - “လူထုရဲ့ တိုက်ပွဲဝင်လိုစိတ်ကို ငါတို့ကပဲ ဖန်တီးပေးခဲ့သလို စွပ်စွဲကြတယ်၊ ဒီစွပ်စွဲချက်ဟာ လုံးဝမှားတယ်၊ ငါတို့က လူထုရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို လမ်းကြောင်းဖော်ပေးဖို့ပဲ ကြိုးစားခဲ့တာပါ”။ဒါဟာ မာ့(က်စ်)ဝါဒ အဖွဲ့အစည်းတခုရဲ့ အခန်းကဏ္ဍပဲ၊ အလုပ်သမားတွေ မသိစိတ်/ တစိတ်တပိုင်း အသိစိတ် ပုံစံနဲ့ နားလည်လာတဲ့ အရာကို သိစိတ်ရှိရှိ လမ်းကြောင်းဖော်ထုတ်ပေးရမယ်။ဒါပေမယ့် ဘော်ရှီဗစ်ပါတီဆိုတာ ၁၉၁၇ ကျမှ အလိုအလျောက် ထွက်ပေါ်လာတာ မဟုတ်ဘူး။ ကမ္ဘာကြီးကို နေ့ချင်းညချင်း ပြောင်းပစ်လို့ မရနိုင်ဘူး။ ဒီလို တော်လှန်ရေး ပါတီတခု တည်ဆောက်ဖို့ဆိုတာ အချိန်တွေ၊ စွမ်းပကားတွေ အများကြီး လိုအပ်တယ်။ရပ်ရှား မာ့(က်စ်)ဝါဒီတွေဟာ ၁၈၈၀ ခုနှစ်တွေနဲ့ ၁၈၉၀ ခုနှစ်တွေမှာ မာ့(က်စ်)ဝါဒ အခြေခံသဘောတရားတွေ လေ့လာဆွေးနွေးကြတဲ့ အစုလေးတွေ ဖန်တီးခြင်းနဲ့ အစပြုခဲ့ကြတယ်။ ဒီလိုနဲ့ ၁၈၉၈ခုနှစ်မှာ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (RSDLP) ကို ထူထောင်ခဲ့တယ်။ ၁၉၀၃ ခုနှစ် (ဒုတိယ ကွန်ဂရက်မှာ) ဘော်ရှီဗစ် နဲ့ မင်ရှီဗစ်ရယ်လို့ စကွဲတယ်၊ သူတို့ဟာ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီအတွင်းက ဂိုဏ်းအစု နှစ်ခုဖြစ်ခဲ့တယ်။ ဘော်ရှီဗစ်တွေဟာ မာ့(က်စ်)ဝါဒကို ခုခံကာကွယ်ရင်း သဘောတရားရေး တိုက်ပွဲ ဆင်နွှဲခဲ့ကြတယ်။ ၁၉၁၂ မှာ မင်ရှီဗစ်တွေနဲ့ လမ်းခွဲထွက်ပြီး သီးခြားပါတီတခု ထူထောင်ခဲ့ကြတယ်။လက်ဝဲတွေအချင်းချင်း ညီညွတ်သင့်တယ်၊ မတူတာတွေ ဘေးဖယ်ထားဖို့ ကောင်းတယ်လို့ ပြောတာတွေ ဒီကနေ့ခေတ်မှာ ကြားလာရတယ်။ ဆိုရှယ်လစ်/ လက်ဝဲအဖွဲ့အစည်းတွေ ဘာလို့ ဒီလောက် များနေရတာလဲလို့ မေးတတ်ကြတယ်။ IMT က ဘာ့ကြောင့် မာ့(က်စ်)ဝါဒသီအိုရီကို ဇောင်းပေးလွန်းတာလဲ။ အင်အားစု အသီးသီးက သဘောထားချင်း မတူဘဲ ပေါင်းစည်းလိုက်ရင် သွက်ချာပါဒလိုက်မှာ အသေအချာပဲ။ သီအိုရီပိုင်း ကွဲလွဲမှုဟာ အရေးကြီး ပြဿနာတိုင်းမှာ လာပေါ်နေမှာပဲ။ ဒီလိုစုပေါင်းထားတဲ့ “တပ်ပေါင်းစု” အဖွဲ့အစည်းဟာ ဘယ်မှ ရှေ့မရောက်ဘူး။ လူနှစ်ယောက်က လှေတစီးကို ဆန့်ကျင်ဘက်အရပ်ဆီ မျက်နှာမူပြီး လှော်ခတ်နေရင် ဘယ်မှမရောက်ဘဲ တဝဲလည်လည် ဖြစ်နေမယ်၊ လူတယောက်တည်း လှော်ခတ်သွားတဲ့ လှေက ရှေ့ကို ခရီးဆက်သွားလိမ့်မယ်။နိုင်ငံရေး အဖွဲ့တိုင်းကို သီအိုရီတခုခုအပေါ် အခြေခံထားရမယ်။ ဒါဟာ ဘော်ရှီဗစ် သမိုင်းကနေ ရရှိလာတဲ့ အဖိုးတန် သင်ခန်းစာတခုပဲ။ ၁၉၀၀ ခုနှစ် အစောပိုင်းမှာ လီနင်က အခုလို ရှင်းပြခဲ့တယ် -“ငါတို့ မပေါင်းစည်းခင်၊ ငါတို့ ပေါင်းစည်းနိုင်အောင် ခိုင်မာပြီး တိကျတဲ့ အနားသတ်လိုင်းတွေ အရင်ဆွဲထားရလိမ့်မယ်။ ဒီလိုသာလုပ်မထားခဲ့ရင် ငါတို့ရဲ့ ပေါင်းစည်းမှုဟာ အစစ်အမှန် ဖြစ်မလာဘဲ လုပ်ယူထားတာ သက်သက်ပဲ ဖြစ်နေမယ်၊ တည်ရှိနေတဲ့ ရှုပ်ထွေးမှုကို ဖုံးကွယ်ထားလိမ့်မယ်။ ဒါ့ကြောင့် ငါတို့ရဲ့ စာစောင်ကို အမြင်အမျိုးမျိုး သိုမှီးထားတဲ့ ကျီတလုံး မဖြစ်စေလိုဘူး ဆိုတာ နားလည်ဖို့ မခဲယဉ်းပါဘူး။ ဒါနဲ့ဆန့်ကျင်ဘက်ပါပဲ၊ ငါတို့ရဲ့ စာစောင်ကို အင်မတန်တိကျတဲ့ လမ်းကြောင်းအတိုင်း ရေးသားထုတ်ဝေသွားမယ်။ အဲဒီလမ်းကြောင်းကို မာ့(က်စ်)ဝါဒဆိုတဲ့ ဝေါဟာရနဲ့ ထုတ်ဖော်ပြနိုင်တယ်”။ဘော်ရှီဗစ်ပါတီက မာ့(က်စ်)ဝါဒီတွေဟာ ဘုံလုပ်ငန်းစဉ်တခုအပေါ် အခြေခံထားတဲ့ အဖွဲ့အစည်းတခုကို တော်လှန်ရေး မဖြစ်ခင် နှစ်ပေါင်း (၂၀)ကြာ စိတ်ရှည်လက်ရှည် တည်ဆောက်ခဲ့ကြတယ်။ အလုပ်သမား လှုပ်ရှားမှုကို တပ်ဦးကနေ ခေါင်းဆောင်ပေးဖို့ ရည်ရွယ်ပြီး တက်ကြွလှုပ်ရှားသူတွေကို မာ့(က်စ်)ဝါဒ သဘောတရားတွေ လေ့ကျင့် သင်ကြားပေးရင်း တော်လှန်ရေး မတိုင်ခင် ပြင်ဆင်ထားခဲ့ကြတယ်။ တော်လှန်ရေး အဖွဲ့အစည်းတခု တည်ဆောက်ဖို့ သဘောတရား နဲ့ သမိုင်း လေ့လာရေးဟာ မဖြစ်မနေ လိုအပ်နေတယ်။ဘော်ရှီဗစ်ပါတီသာ မရှိခဲ့လို့ မင်ရှီဗစ်နဲ့ SR တွေချည်းသာဆိုရင် တော်လှန်ရေး သေချာပေါက် ရှုံးမှာပဲ။ ဒါပေမယ့် ၁၉၁၇ခုနှစ် ဖေဖော်ဝါရီ နဲ့ အောက်တိုဘာအတွင်း အလုပ်သမားထု အတွေ့အကြုံတွေပေါ် အခြေခံပြီး အလုပ်သမားတွေကို စည်းရုံးထားနိုင်ခဲ့တဲ့ ဘော်ရှီဗစ်တွေ ရှိနေခဲ့တယ်။ “လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု” အက်ဆေးမှာ ထရော့စကီးက အခုလို ရှင်းပြထားတယ် -“တဖြည်းဖြည်းမှသာ၊ သူတို့ကိုယ်တိုင် အဆင့်ဆင့် ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီးမှသာ ခေါင်းဆောင်မှုအသစ်က အဟောင်းထက် ပိုခိုင်မာတယ်၊ ပိုအားကိုးလောက်တယ်၊ ပိုပြီး သစ္စာရှိတယ်လို့ လူထုကို လက်ခံလာအောင် စည်းရုံးလို့ရတယ်။ တိကျအောင် ပြောရရင် တော်လှန်ရေးကာလမှာ (ဆိုလိုတာက ဖြစ်ရပ်တွေ လျှပ်တပြတ် ပြောင်းလဲနေတဲ့ အချိန်မှာ) အားနည်းတဲ့ ပါတီတခုကနေ အားကောင်းတဲ့ ပါတီကြီးတခုအဖြစ် အလျင်အမြန် ကြီးထွားသွားနိုင်တယ်။ ဒီလိုကြီးထွားသွားနိုင်ဖို့ဆိုရင် အဲဒီပါတီဟာ တော်လှန်ရေး လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားရမယ်၊ ရဲရဲတောက် စကားလုံးတွေနဲ့ ယစ်မူးမနေတဲ့ ကေဒါတွေ၊ ရန်သူက ချေမှုန်းတာနဲ့ ကြောက်မသွားတဲ့ အမာခံ ကေဒါတွေ ပိုင်ဆိုင်ထားရမယ်။ ဒါပေမယ့် ဒီလို ပါတီမျိုးဆိုတာ တော်လှန်ရေး မဖြစ်ခင်ကတည်းက ရှိနှင့်ထားရမယ်၊ အကြောင်းက အဲဒီလို ကေဒါတွေ ဖြစ်လာအောင် လေ့ကျင့်သင်ကြားရတဲ့ ဖြစ်စဉ်ဟာ အချိန်အများကြီး ယူရတယ်၊ တော်လှန်ရေးကာလက အဲသလောက် အချိန်မရှိဘူး”။ရပ်ရှားမှာက အဲဒီလို ပါတီမျိုး ကြိုပြီး ရှိနေတယ်။ ၁၉၁၇ ဖေဖော်ဝါရီမှာ ဘော်ရှီဗစ် ၈၀၀၀ ရှိခဲ့တယ်။ မှန်ကန်တဲ့ နိုင်ငံရေး သဘောထား အမြင်ကို အခြေခံထားတော့ အောက်တိုဘာမှာ အာဏာသိမ်းတဲ့အခါ ဘော်ရှီဗစ် ပါတီဝင် ၂၅၀၀၀၀ အထိ ကြီးထွားလာခဲ့တယ်။ ပါတီတွင်း ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍဘော်ရှီဗစ်တွေက မှန်ကန်တဲ့ နိုင်ငံရေး အမြင်ကို ဘယ်လိုရရှိခဲ့သလဲ။ ပါတီရှိရုံနဲ့ လုံလောက်ပြီလား။ဘော်ရှီဗစ်တွေ အောင်ပွဲဆီချီရာလမ်းဟာ မဖြောင့်ဖြူးခဲ့ပါဘူး။ ၁၉၁၇ မတ် နဲ့ ဧပြီလတွေမှာ၊ ဘော်ရှီဗစ် ပါတီ ခေါင်းဆောင်ပိုင်းက အာဏာသိမ်း တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး၊ ဒီအချက်ကို လူတိုင်း မသိကြဘူး။ အဲဒီကာလ ဘော်ရှီဗစ် ခေါင်းဆောင်ပိုင်းဟာ မင်ရှီဗစ် ပေါ်လစီကို အနှစ်သာရအားဖြင့် ရပ်ခံခဲ့ကြတယ်။ သူတို့အမြင်မှာ အလုပ်သမားတွေက အာဏာသိမ်းဖို့ရာ “စောလွန်းနေတယ်”။သာမန် ဘော်ရှီဗစ် ပါတီဝင်တချို့က အဲဒီအယူအဆတွေကို လက်မခံကြဘူး။ အလုပ်သမားတွေဟာ ဆိုဗီယက်တွေကတဆင့် အာဏာသိမ်းနိုင်တယ်၊ သိမ်းဖို့လိုအပ်တယ်ဆိုတာ မြေပြင်မှာ လှုပ်ရှားနေတဲ့ သာမန် ပါတီဝင်တွေက မြင်လာကြတယ်။ တကယ်လည်း အဲဒီကာလ တိုင်းပြည်ကို အုပ်စိုးနေတာ ဆိုဗီယက်တွေပဲ။ ဒါပေမယ့် အာဏာကို ခိုင်မြဲအောင် လုပ်ရဦးမယ်။ အလုပ်သမားတွေက အာဏာသိမ်းဖို့ “စောလွန်းသေးတယ်” ဆိုတဲ့ ငြင်းချက်ကို သူတို့ ဘယ်လို တုံ့ပြန်ဖြေကြားခဲ့သလဲ။“ရပ်ရှား တော်လှန်ရေးသမိုင်း” စာအုပ်ထဲမှာ ထရော့စကီး ရှင်းပြထားသလိုပဲ “ဒီအလုပ်သမား တော်လှန်ရေးသမားတွေမှာ သူတို့ရပ်တည်ချက်ကို ခုခံကာကွယ်ဖို့ သဘောတရားရေး အရင်းအမြစ် ချို့တဲ့နေခဲ့တယ်။ ဒါပေမယ့် သူတို့ဟာ ခေါ်သံစပေးလိုက်တာနဲ့ တိုက်ဖို့ အသင့်ပဲ”။ဒီတိုက်ပွဲခေါ်သံဟာ ၁၉၁၇ ဧပြီလထဲ ပြန်လာတဲ့ လီနင်နဲ့အတူ ပါလာခဲ့တယ်။ ဒီအချိန်မှာ လီနင်က ပြတ်ပြတ်သားသား တင်ပြခဲ့တယ်၊ အလုပ်သမား လူတန်းစားက ဆင်းရဲ လယ်သမား လူတန်းစားကို မဟာမိတ်ပြုပြီး ဆိုဗီယက်တွေကနေ အာဏာသိမ်းနိုင်တယ်၊ လယ်သမားထုကို လွတ်မြောက်စေနိုင်တယ်၊ အလုပ်သမားတွေ တောင်းဆိုနေတဲ့ ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်တယ်၊ ဒါတင်မကသေး၊ ဆိုရှယ်လစ် လုပ်ငန်းတွေကို စတင်ပြီး အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် တော်လှန်ရေးကို အစပျိုးပေးနိုင်တယ်။၁၉၁၇ ဧပြီမှာ ဒီအမြင်ကို ရပ်ခံကာကွယ်တဲ့ တဦးတည်းသော ဘော်ရှီဗစ် ခေါင်းဆောင်ဟာ လီနင်ပဲ ရှိခဲ့တယ်။ (အဲဒီအချိန်မှာ ထရော့စကီးက ရပ်ရှားကို ရောက်မလာသေးဘူး၊ ဘော်ရှီဗစ်ပါတီကို ဇူလိုင်လမှ ဝင်ခဲ့ရတယ်။) ဒါပေမယ့် လီနင်ရဲ့ ဩဇာကြီးမားမှုရယ်၊ လီနင် ပေါ်လစီက အောက်ခြေ ဘော်ရှီဗစ် တပ်သားတွေရဲ့ အတွေ့အကြုံနဲ့ သဟဇာတ ဖြစ်နေတာရယ်ကြောင့် ဧပြီလနှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဘော်ရှီဗစ် ပါတီ ကွန်ဖရင့်မှာ လီနင်တင်ပြတဲ့ အမြင်ကို အတည်ပြုခဲ့ကြတယ်။ အဲဒီအချိန်ကစလို့ လီနင် ခေါင်းဆောင်တဲ့ ဘော်ရှီဗစ်ပါတီဟာ ဆိုဗီယက်တွေကနေ အာဏာသိမ်းယူဖို့ လိုအပ်ကြောင်း အလုပ်သမားတွေကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ကြတယ်။လီနင်သာ ရပ်ရှားကို ပြန်ရောက်မလာခဲ့ရင် ဘာဖြစ်သွားမလဲ။ တော်လှန်ရေးကာလမှာ အချိန်ဟာ အသက်ပဲ။ ဆိုဗီယက်တွေက အာဏာသိမ်းဖို့ လိုအပ်တယ်လို့ ဘော်ရှီဗစ် ခေါင်းဆောင်တွေ နားလည်လာနိုင်တယ်။ ဒါပေမယ့် အလုပ်သမားတွေ လှုပ်ရှားနေဆဲ ကာလမှာ ဘော်ရှီဗစ် ခေါင်းဆောင်တွေ အဲသလို သဘောပေါက်လာမယ့် လက္ခဏာ မတွေ့ရဘူး။ အလုပ်သမား လူတန်းစားက အမြဲတမ်း တိုက်ပွဲဝင် မနေနိုင်ဘူး။ တော်လှန်ရေးက နိုင်ရင်နိုင်၊ မနိုင်ရင် အချိန်တခုရောက်တဲ့အခါ ခြေကုန်လက်ပန်းကျသွားမယ်။ ၁၉၁၇ တုန်းက လီနင်သာ ကြားမဝင်ခဲ့ရင် ဘော်ရှီဗစ် ခေါင်းဆောင်တွေဟာ အာဏာသိမ်းနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရဖို့ များတယ်။ ဒါ့ကြောင့် ပါတီတခုရှိနေရုံနဲ့ မလုံလောက်သေးဘူး၊ အဲဒီပါတီမှာ တော်လှန်ရေး ခေါင်းဆောင်မှု ရှိရဦးမယ်။အလုပ်သမား လူတန်းစား မပါဘဲ ဆိုရှယ်လစ် တော်လှန်ရေး မအောင်မြင်နိုင်ဘူး။ ဒါပေမယ့် အလုပ်သမား လူတန်းစားမှာ ပါတီတခု ရှိရမယ်။ အဲဒီပါတီမှာ တော်လှန်ရေး ခေါင်းဆောင်မှု ရှိရမယ်။ လာမယ့် တော်လှန်ရေးတွေ အောင်ပွဲခံနိုင်ဖို့ ဒီသုံးခုလုံး မရှိမဖြစ် လိုအပ်တယ်။သမိုင်းဖြစ်စဉ်အတွင်းက လူတဦးချင်းစီရဲ့ အခန်းကဏ္ဍစပိန် တော်လှန်ရေးနဲ့ ရပ်ရှား တော်လှန်ရေးကို ယှဉ်ထိုး သုံးသပ်ပြတဲ့အခါ အခုလို မေးလာနိုင်တယ်။ ရပ်ရှား အလုပ်သမား လူတန်းစားမှာ လီနင်လို လူတယောက် ရလိုက်လို့ ကံကောင်းသွားတာ မဟုတ်လား။ စပိန်မှာသာ လီနင်လို လူတယောက်ရှိခဲ့ရင် စပိန် တော်လှန်ရေး အောင်ပွဲခံနိုင်မယ် မဟုတ်လား။ပထမဆုံးအချက်အနေနဲ့ လီနင်ကိုယ်တိုင်က မွေးကတည်းက လီနင် ဖြစ်လာတာ မဟုတ်ဘူးလို့ ဖြေရလိမ့်မယ်။ လီနင်ဆိုတာ ရပ်ရှား အလုပ်သမား လှုပ်ရှားမှုရဲ့ အသီးအပွင့်တခုပဲလို့ ဆိုလိုပါတယ်။ လီနင်ဆိုတာ တော်လှန်ရေး ပါတီတခု တည်ဆောက်ရာက ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်။ ဒီတော်လှန်ရေး ပါတီ တည်ဆောက်ရာမှာ လီနင် ကိုယ်တိုင် ကြီးကြီးမားမား အကျိုးပြုခဲ့တယ်။ ပါတီသာမရှိရင် လီနင်လည်း သူ့အယူအဆတွေကို ဖြန့်ချိနိုင်မှာ မဟုတ်သလို ၁၉၁၇ တုန်းက သူလုပ်နိုင်ခဲ့သလိုမျိုး လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ တဖက်က ပြန်ကြည့်မယ်ဆိုရင် ဘော်ရှီဗစ်ပါတီတွင်း လီနင် ဩဇာညောင်းတယ်ဆိုတာ အဲဒီပါတီကို ၂၅ နှစ်နီးပါး စိတ်ရှည်လက်ရှည် သူကိုယ်တိုင် တည်ဆောက်ခဲ့လို့ပဲ။“လူတန်းစား၊ ပါတီနဲ့ ခေါင်းဆောင်မှု” အက်ဆေးထဲမှာ ထရော့စကီးက ဒီသဘောတရားတွေကို အခုလို အနှစ်ချုပ် ပေးထားတယ် -“၁၉၁၇ ဖေဖော်ဝါရီ/မတ်လအတွင်း ရပ်ရှား ပစ္စည်းမဲ့ လူတန်းစား ရင့်ကျက်လာခြင်းမှာ အင်မတန် အရေးကြီးတဲ့ အကြောင်းအချက်က လီနင်ပဲ။ လီနင်ဆိုတာ မိုးပေါ်က ကျလာတာ မဟုတ်ဘူး၊ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး အစဉ်အလာတွေ လူအနေနဲ့ အသက်ဝင်နေခြင်းပဲ (personification)။ လီနင် ထုတ်ဖော်လိုက်တဲ့ ကြွေးကြော်သံတွေ လူထုဆီ ရောက်သွားဖို့ဆိုရင် ကေဒါတွေ ရှိနေဖို့လိုတယ်၊ အစပိုင်းမှာ အရေအတွက် နည်းချင် နည်းနေလိမ့်မယ်။ အဲဒီ ကေဒါတွေက ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု ရှိနေရမယ်။ ဒီယုံကြည်မှုက အတိတ်မှာ ဖြတ်သန်းခဲ့တဲ့ အခိုင်အမာ အတွေ့အကြုံတွေအပေါ် အခြေခံထားတယ်။ တော်လှန်ရေး ခေတ်တခုအတွင်းက ခေါင်းဆောင်မှုရဲ့ တာဝန်နဲ့ အခန်းကဏ္ဍဟာ အင်မတန် ကြီးမားလှပေတယ်”ရပ်ရှား တော်လှန်ရေးသမိုင်း စာအုပ်ထဲမှာလည်း အလားတူ ရှင်းပြခဲ့တယ် -“လီနင်ဆိုတာ သမိုင်း ဖွံ့ဖြိုးမှု ဖြစ်စဉ်အတွင်းက မတော်တဆ အစိတ်အပိုင်းတခု မဟုတ်ဘူး၊ ရပ်ရှား အတိတ် သမိုင်းတခုလုံးရဲ့ အသီးအပွင့်တခုသာ ဖြစ်တယ်။ အတိတ်က လှုပ်ရှားမှု သမိုင်းထဲမှာ အခိုင်အမာ အမြစ်တွေ တွယ်စိုက်ထားတယ်။ ပြီးခဲ့တဲ့ ၂၅ နှစ်တလျှောက် တိုက်ပွဲတွေထဲမှာ အလုပ်သမား တပ်ဦးနဲ့အတူ ဖြတ်သန်း လာခဲ့သူ ဖြစ်တယ်။ လီနင်ဟာ ပါတီကို အပြင်ကနေ ဆန့်ကျင်ခဲ့သူ မဟုတ်ဘူး။ သူကိုယ်တိုင်က တပ်ဦးပါတီရဲ့ အပြည့်ဝဆုံး ဖော်ထုတ်ချက် ဖြစ်နေတယ်။ ပါတီ ကေဒါတွေကို လေ့ကျင့်တည်ဆောက်ရင်း ပါတီအတွင်းမှာ လီနင် ကိုယ်တိုင် လေ့ကျင့်တည်ဆောက်ခဲ့တယ်။လီနင်နဲ့ ဘော်ရှီဗစ်တွေ ပေးစွမ်းခဲ့တဲ့ တော်လှန်ရေး ခေါင်းဆောင်မှုဆိုတာ အလိုအလျောက် ထွက်ပေါ်လာတာ မဟုတ်ဘူး။ အဖွဲ့အစည်းတခုကို ၂၅နှစ်ကြာ စိတ်ရှည်လက်ရှည် တည်ဆောက်ခဲ့ခြင်းရဲ့ အသီးအပွင့် ဖြစ်တယ်။ ပါတီကို တည်ဆောက်ရင်း လီနင်ဆိုတာ ဖြစ်လာခဲ့တယ်။ ပါတီကို တည်ဆောက်ရင်း တခြား ဘော်ရှီဗစ် ထောင် ပေါင်းများစွာလည်း အလုပ်သမား လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေ ဖြစ်လာခဲ့တယ်။ အဲဒီအချက်ကို ဒီဖြစ်ရပ်နဲ့ အနှစ်ချုပ် ဖော်ထုတ်နိုင်တယ် - ၁၉၁၇ မှာ စက်ရုံတရုံ ဘော်ရှီဗစ် တယောက်ရှိရင် ကျန်တဲ့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေကို ပါတီလုပ်ငန်းစဉ် လက်ခံလာအောင် စည်းရုံးနိုင်ခဲ့တယ်။ ဒီလို လုပ်နိုင်ခဲ့တာ နှစ်ပေါင်းများစွာ ပါတီကို တည်ဆောက်ရင်း ကေဒါတွေ လေ့ကျင့်ထားခဲ့လို့ ဖြစ်တယ်။ ပါတီကို တည်ဆောက်ခြင်းဟာ အင်မတန် ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်ခဲ့သော အဲဒီလို လူပုဂ္ဂိုလ်တွေကို တဖန် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်တယ်၊ ဒါဟာ ဒိုင်ယာလက်တစ် ဆက်နွှယ်မှုပဲ။သမိုင်းဖြစ်စဉ်အတွင်း လူတဦးချင်းစီရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိသလဲ အထင်ရှားဆုံး ပမာဆောင်ပြသွားတာက ရပ်ရှား တော်လှန်ရေးပဲ။ တော်လှန်ရေး အဖွဲ့အစည်းတခုကို တည်ဆောက်ခြင်းဆိုတဲ့ စုပေါင်း လုပ်ဆောင်မှုကနေ တော်လှန်ရေးတခုအတွင်း အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားသွားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ ထွက်ပေါ်လာစေခဲ့တယ်။ ပြီးပြည့်စုံတဲ့ တခုလုံးဟာ ပါဝင်ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေ အားလုံး ပေါင်းလဒ် ထက် ပိုကြီးမားပါတယ်။ ပြီးပြည့်စုံတဲ့ တခုလုံးကို တည်ဆောက်ရင်း ပါဝင်ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေကို သန်မာ အားကောင်းစေခဲ့တယ်။ ဒီသမိုင်းကနေ ကျနော်တို့ လေ့လာကြရမယ်၊ ဘော်ရှီဗစ်တွေ လုပ်ခဲ့သလို လုပ်ဖို့ လိုတယ်။ဘော်ရှီဗစ်တွေနဲ့ တခေတ်တည်း၊ အင်မတန်တော်တဲ့ မာ့(က်စ်)ဝါဒီ ရိုဆာ လက်(ခ်)ဇင်ဘာ့(ဂ်)ကျ ကြေကွဲဖွယ် အဖြစ်ဆိုးနဲ့ အဆုံးသတ်ခဲ့ရတယ်။ ရိုဆာဟာ ဂျာမန် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) အတွင်းက ပြုပြင်ရေးဝါဒီ ဗျူရိုကရေစီကို သူမ ဘဝတလျှောက်လုံး တိုက်ခဲ့ရတယ်၊ ဒါပေမယ့် ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ အတွင်းမှာ လီနင်တို့ ဘော်ရှီဗစ်တွေ လုပ်ခဲ့သလို (SPD) ပါတီအတွင်းမှာ တော်လှန်ရေး အင်အားစုတခုကို တည်ဆောက် မထားခဲ့ဘူး။ စပါတာစစ်(စ်) အဖွဲ့ချုပ်ကိုတောင် ၁၉၁၆ ခုနှစ်မှ ထူထောင်ခဲ့ရတယ်၊ စပါတာစစ်(စ်) အဖွဲ့ချုပ်ဟာ တော်လှန်ရေး အဖွဲ့အစည်းတခု မဟုတ်ဘဲ၊ ဗဟိုဦးစီးမှု မရှိသော ကွန်ယက်တခုနဲ့ ပိုတူနေတယ်။ ၁၉၁၈ နိုဝင်ဘာမှာ ဂျာမနီ တော်လှန်ရေး ဖြစ်တော့ စပါတာစစ်(စ်) အဖွဲ့ချုပ်ဟာ လူထုကြားထဲ အမြစ်တွယ် ထားနိုင်ခြင်း ရှိမနေဘူး။ ၁၉၁၈ ဒီဇင်ဘာမှာပဲ စပါတာစစ်(စ်) အဖွဲ့ချုပ်ကို ကွန်မြူနစ် ပါတီအဖြစ် ပြောင်းလဲခဲ့တယ်။ ဒါပေမယ့် စဖွဲ့ကတည်းက ဂျာမန် ကွန်မြူနစ်ပါတီမှာ ဂိုဏ်းဂဏဝါဒ စွဲကပ်နေခဲ့တယ်၊ အဲဒီ ဂိုဏ်းဂဏဝါဒကြောင့်ပဲ ဂျာမန်ကွန်မြူနစ်ပါတီ အလူးအလဲ ခံခဲ့ရတယ်။ ကွန်မြူနစ် ပါတီက တက်ကြွ လှုပ်ရှားသူတွေဟာ အလုပ်သမား သမဂ္ဂတွေထဲ ဝင်လုပ်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ လွှတ်တော် ရွေးကောက်ပွဲတွေကို သပိတ်မှောက်ကြတယ်။ အဲသလိုသာ သပိတ်မှောက်ခြင်း မပြုဘဲ ဝင်ပြိုင်ခဲ့ရင် ပေါက်ဖွားစ ကွန်မြူနစ်ပါတီအဖို့ သူ့အယူအဆတွေ ဖြန့်ချိဖို့ရာ ပလက်ဖောင်းတခု ရခဲ့လိမ့်မယ်။ ဒီလို နုနယ်သေးတဲ့ ကွန်မြူနစ်ပါတီအတွင်းက လက်ဝဲစွန်းဝါဒကို ရိုဆာ လက်(ခ်)ဇင်ဘာ့(ဂ်) ဆန့်ကျင်ခဲ့တယ်။ ဒါပေမယ့် သူမ နားလည်သလို နိုင်ငံရေး အခြေအနေကို နားလည်သုံးသပ်နိုင်တဲ့ ကေဒါအင်အားစုတွေ သူမမှာ ရှိမနေခဲ့ဘူး။ သူမရဲ့ အယူအဆတွေကို ကျယ်ပြန့်သော လူထုဆီ သယ်သွားနိုင်မယ့် ကေဒါတွေ တည်ဆောက်ထားပြီးသား ရှိမနေခဲ့ဘူး။ ဒီအခြေအနေမှာ (ဂျာမန်) ကွန်မြူနစ်ပါတီက အမှားတွေ တခုပြီးတခု ကျူးလွန်ခဲ့တယ်။၁၉၁၉ ဇန်နဝါရီမှာ အတွေ့အကြုံမရှိ၊ စုစည်းမှုမရှိတဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုဟာ ဂျာမန် အုပ်စိုးသူ လူတန်းစား တည်ဆောက်ထားတဲ့ ရန်စလှုံ့ဆော်မှု ထောင်ချောက်ထဲ ကျသွားခဲ့တယ်။ ဒီအတောအတွင်းမှာပဲ အင်မတန် ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင် လက်(ခ်)ဇင်ဘာ့(ဂ်)ကိုယ်တိုင် ကား(လ်) လိ(ဘ်)နက်(ခ်)တို့နဲ့အတူ အသတ်ခံခဲ့ရတယ်။ တော်လှန်ရေး ပါတီတခုကို ကြိုတင် တည်ဆောက်မထားနိုင်ခဲ့ခြင်းဟာ အရေးတော်ပုံ မရှုမလှ ရှုံးနိမ့်စေခဲ့သလို ရိုဆာရဲ့ အသက်ကိုပါ နှုတ်ယူသွားခဲ့တယ်၊ ဂျာမန် အလုပ်သမား လူတန်းစားရဲ့ ခေါင်းဆောင်မှုကို ခေါင်းကနေ ဖြတ်ချလိုက်သလို ဖြစ်ခဲ့တယ်။ ရိုဆာ နဲ့ လိ(ဘ်)နက်(ခ်) တို့ ခေါင်းဆောင် နှစ်ဦး အသတ်ခံရတဲ့နောက် ခေါင်းဆောင်မှု ကင်းမဲ့သွားတဲ့ ကွန်မြူနစ်ပါတီဟာ ၁၉၁၉-၂၃ တော်လှန်ရေးကို ဦးဆောင်မှု မပေးနိုင်တော့ဘူး၊ အလုပ်သမား လူတန်းစားကို ဦးဆောင်ပြီး အာဏာမသိမ်းနိုင်တော့ဘူး။ ဂျာမန် တော်လှန်ရေး နဲ့ ရပ်ရှား တော်လှန်ရေးဟာ တူညီတဲ့ အချက်တခုတည်းကိုပဲ မတူညီတဲ့ ရှုထောင့်တွေကနေ မီးမောင်း ထိုးပြသွား ခဲ့တယ်။ အဲဒါက တော်လှန်ရေး ခေါင်းဆောင်မှုကို အသက်တမျှ လိုအပ်တယ်ဆိုတဲ့ အချက်။ရိုဆာ လက်(ခ်)ဇင်ဘာ့(ဂ်)ဟာ လုပ်ကြံသတ်ဖြတ်ခြင်း မခံရမီ ရက်အနည်းငယ် အလိုမှာ ဂျာမန် တော်လှန်ရေး အစောပိုင်း လတွေကနေ ရရှိလာတဲ့ နိဂုံးချုပ်ချက်တွေ ပြုလုပ်ခဲ့တယ်။ ရိုဆာရဲ့ နောက်လိုက်တွေပါလို့ နာမည်ခံ ထားကြသူတွေက “အလိုအလျောက် တိုက်ပွဲဝင်ခြင်း(spontaneism)”ကို အားပေးတာ ရိုဆာရဲ့ ထူးခြားချက်ပဲလို့ ဆိုတတ်ကြတယ်။ ဒါပေမယ့် ရိုဆာရဲ့ နိဂုံးချုပ်ချက်ဟာ သူတို့ပြောတဲ့အချက်နဲ့ တခြားစီဖြစ်နေတယ်။ ရိုဆာက အခုလို နိဂုံးချုပ်ချက် ပြုခဲ့တယ် -“ခေါင်းဆောင်မှု မရှိဖြစ်နေတယ်၊ ဘာလင် အလုပ်သမား လူတန်းစားကို စုစည်းပေးဖို့ တာဝန်ယူထားတဲ့ ဗဟိုချက် တခု ကင်းမဲ့နေတယ်၊ ဒီအတိုင်း ဆက်သွားလို့ မရနိုင်ဘူး။ တော်လှန်ရေး ရှေ့ဆက်ချီတက်ဖို့ဆိုရင်၊ ပစ္စည်းမဲ့ လူတန်းစား အောင်ပွဲခံနိုင်ဖို့ဆိုရင်၊ ဆိုရှယ်လစ်စနစ်ကို စိတ်ကူးယဉ် အိပ်မက်,မက်နေတာမဟုတ်ဘဲ လက်တွေ့ အကောင်အထည် ဖော်ဖို့ဆိုရင်၊ တော်လှန်သော အလုပ်သမားတွေဟာ လူထုရဲ့ တော်လှန်ရေး အင်အားတွေကို စုစည်း၊ လမ်းညွှန်ပေးနိုင်တဲ့ ဦးဆောင် အဖွဲ့အစည်းတွေ မဖြစ်မနေ တည်ဆောက်ကြရမယ်။ဒီကနေ့ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်မှုကမ္ဘာတလွှားမှာ ပြီးခဲ့တဲ့ သမိုင်းကာလတခုလုံး မာ့(က်စ်)ဝါဒလှုပ်ရှားမှုတွေ နောက်တန်း ပို့ခံခဲ့ရတယ်၊ ဒါကို အားလုံး သိကြပြီးသားပဲ။ ဒုတိယ ကမ္ဘာစစ်အပြီး အရင်းရှင်စနစ် တကျော့ပြန် အားကောင်းလာလို့ အနောက်မှာ ပြုပြင်ရေးဝါဒ ပေါ်ထွန်းလာအောင် ရေခံမြေခံတွေ ပြင်ပေးထားခဲ့တယ်၊ ဆိုဗီယက် ပြည်ထောင်စု ပြိုကျသွားတဲ့ အခါမာ့(က်စ်)ဝါဒကို မကြုံဖူးအောင် ထိုးနှက် တိုက်ခိုက်ခဲ့ကြတယ်။ ဟန်ရေးပြကောင်းတဲ့ ဖရန်စစ်(စ်) ဖူကူ ယားမားလို လူတွေက “သမိုင်းနိဂုံးချုပ်ပြီ”လို့ လက်ခမောင်း ခတ်ခဲ့ကြတယ်၊ လစ်ဘရယ် ဒီမိုကရေစီ အောင်ပွဲခံ ပြီလို့ ဆိုခဲ့ကြတယ်။၁၉၇၀ ခုနှစ်တွေမှာ လူထု လှုပ်ရှားမှုတွေ၊ တော်လှန်ရေးတွေ တခေတ်ဖြစ်ခဲ့ပေမယ့် ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေမှာ လေဘာ လှုပ်ရှားမှုတွေ အတော် အားပျော့သွားခဲ့တယ်။ ဒီနောက် ဆယ်စုနှစ်တွေမှာ လေဘာ လှုပ်ရှားမှု ခေါင်းဆောင်ပိုင်းက လက်ယာဘက်ကို ရွေ့သွားခဲ့တယ်။ဥပမာ ကွိဘက်(ခ်)မှာဆိုရင် ဒီဒေသရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂကြီးဖြစ်တဲ့ FTQ ဟာ ၁၉၈၀ ခုနှစ်တွေမှာ “ဒီမိုကရက်တစ် ဆိုရှယ်လစ်စနစ်” ဆိုတာတောင် လေသံမဟတော့ဘူး။ ဒုတိယအကြီးဆုံး အလုပ်သမား အဖွဲ့ကြီး ဖြစ်တဲ့ CSN က သူတို့အဖွဲ့ ကြေညာစာတမ်းထဲမှာ ဖော်ထုတ်ထားတဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး အယူအဆ တွေကိုပင် ပစ်ပယ်လာခဲ့တယ်။ ဒီကနေ့ လေဘာ လှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သမဂ္ဂအဖွဲ့ဝင်တွေ ကို ဆော်ဩတိုက်ပွဲဝင်ရမယ့်အစား ဘော့(စ်)တွေနဲ့ လက်တွဲတာပဲ ပိုလုပ်လာကြတယ်။ လုပ်ငန်းရှင် သူဌေးများ သမဂ္ဂ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်ပွဲမှာ CSN ရဲ့ လက်ရှိ ဥက္ကဌက အခုလို ပြောသွားခဲ့တယ် “ကျနော်တို့ဟာ တခါတလေ အတွန်းအတိုက်လေးတွေ ဖြစ်ကြတယ်၊ သဘောထားတွေ ကွဲလွဲကြတယ်၊ ဒါပေမယ့်လည်း အလုပ် အကိုင်တွေ တိုးမြှင့်ပေးခြင်း၊ အလုပ်ခွင် အခြေအနေတွေ ပိုကောင်းအောင် ပြုပြင်ပေးခြင်း၊ ကွိဘက်(ခ်) စီးပွားရေး တိုးတက်စေခြင်း ကိစ္စတွေမှာကျ အားလုံး တသားတည်း ဖြစ်သွားကြတာချည်းပါပဲ”။ ဒီလို ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒါဟာ ဒီကနေ့ လေဘာ လှုပ်ရှားမှု ခေါင်းဆောင်ပိုင်းရဲ့ အခြေအနေပဲ။လေဘာ လှုပ်ရှားမှုအတွင်းမှာ မာ့(က်စ်)ဝါဒီတွေကို တိုက်ခိုက်လေ့ရှိတဲ့ အဓိက ထိုးနှက်မှုတခုက ငါတို့ ပြောတဲ့ သဘောတရားကို ပုံဖျက်ပြောဆိုခြင်းပဲ၊ ‘တော်လှန်ရေး ခေါင်းဆောင်မှုသာ ရှိခဲ့ရင် အလုပ်သမားတွေက အမြဲတမ်း တိုက်ပွဲဝင်နေလိမ့်မယ်’လို့ မာ့(က်စ်)ဝါဒီတွေက ပြောသယောင် ပုံဖျက်ပြောဆိုကြတယ်။ ခေါင်းဆောင်တွေက လူထုလှုပ်ရှားမှုတွေကို ဖော်ချင်တဲ့အချိန် ကောက်ဖော်နိုင်တဲ့ မှော်စွမ်းအားရှိသယောင် မာ့(က်စ်)ဝါဒီတွေက သမဂ္ဂ ခေါင်းဆောင်တွေကို ဝေဖန်နေကြတယ်လို့ ပုံဖျက်ပြောဆိုကြတယ်။ဒီအယူအဆဟာ အလုပ်သမား လူတန်းစားနဲ့ ခေါင်းဆောင်မှုကြားက ဆက်နွှယ်မှုအပေါ် မာ့(က်စ်)ဝါဒီတွေရဲ့ ဆန်းစစ်သုံးသပ်ချက်ကို လုံးလုံးလျားလျား ပုံဖျက်ပစ်လိုက်ခြင်းပဲ။ကျနော်တို့ ရှင်းပြခဲ့သလိုပဲ၊ အလုပ်သမားတွေဟာ အမြဲတမ်း တိုက်ပွဲဝင်နေတာ မဟုတ်ဘူး။ တော်လှန်ရေးတွေ ဆိုတာ လူတန်းစား တိုက်ပွဲကနေ မလွဲမရှောင်သာ ထွက်ပေါ်လာရတဲ့ သမိုင်းဆိုင်ရာ ခြွင်းချက်တွေပဲ။ တော်လှန် ရေး မဖြစ်သေးခင်မှာ ဘယ်လို အခြေအနေရှိလဲ။ တော်လှန်ရေး မဖြစ်သေးတဲ့ အခြေအနေမှာ လေဘာ လှုပ်ရှားမှု ခေါင်းဆောင်ပိုင်းရဲ့ အခန်းကဏ္ဍက ဘာဖြစ်သင့်သလဲ၊ အချိန်အများစုက တော်လှန်ရေး မဖြစ်တဲ့ အခြေအနေ မဟုတ်လား။ထပ်တလဲလဲ ပြောသလို ဖြစ်တော့မယ်၊ အလုပ်သမား လူတန်းစားဆိုတာ တသားတည်း တစားတည်း ရှိနေတာ မဟုတ်ဘူး။ တော်လှန်ရေး မဖြစ်ခင်အထိ ဘယ်နိုင်ငံရေးမှ စိတ်မဝင်စားတဲ့ အလွှာတွေ၊ တော်လှန်ရေးကို သံသယ ဖြစ်နေသူတွေ ရှိနေသလို၊ ဘော့(စ်)တွေရဲ့ ထိုးနှက်မှုကို ဆန့်ကျင် တိုက်ပွဲဝင်လိုတဲ့ အလွှာတွေလည်း ရှိနေမယ်။ လူတန်းစား အသိစိတ်ရဲ့ ပဋိပက္ခဆောင်တဲ့ လက္ခဏာ၊ ထွေပြားရောယှက်နေတဲ့ လက္ခဏာကို ရှောင်လွှဲလို့ မရဘူး၊ ရင်ဆိုင်ဖြေရှင်းရမှာပဲ။သမဂ္ဂ ခေါင်းဆောင်တွေမှာ လှုပ်ရှားမှုတခုကို ဖော်ချင်တိုင်း ဖော်နိုင်တဲ့ မှော်စွမ်းအား မရှိဘူး။ ဒါပေမယ့် လူတန်း စား တိုက်ပွဲအတွင်းက ခေါင်းဆောင်ကောင်းဆိုတာ သာမန် အလုပ်သမားတွေကို ပြင်ဆင်ပေးထားရမယ်၊ လုပ်ငန်းစဉ်တွေ ချမှတ်ပေးနိုင်ရတယ်၊ လူထု လှုပ်ရှားမှုတခု ဖြစ်ပေါ်လာအောင် သမဂ္ဂ အဖွဲ့ဝင်တွေကို လေ့ကျင့် သင်ကြားပေးထားရမယ်။ လှုပ်ရှားမှုတခုကို မှော်စွမ်းပကားနဲ့ မဖော်နိုင်ပါဘူး၊ ဒါပေမယ့် လူထု လှုပ်ရှားမှု လိုအပ် ကြောင်း အလုပ်သမားတွေကို ရှင်းပြစည်းရုံး ထားလို့ရတယ်၊ လူတန်းစား တိုက်ပွဲနည်းနာတွေ လေ့ကျင့် သင်ကြားထားလို့ ရနိုင်တယ်။နိုင်ငံရေး ခေါင်းဆောင်ကောင်းတခုက ဘာတွေ လုပ်နိုင်သလဲဆိုတာကို ကွိဘက်(ခ်)ဒေသက ၂၀၁၂ခုနှစ် ကျောင်း သား သပိတ်မှာ မြင်တွေ့နိုင်တယ်။ ၂၀၁၀မှာ ကွိဘက်(ခ်)ဒေသ လစ်ဘရယ်အစိုးရက ကျောင်းလခတွေ တိုးမြှင့် မယ်လို့ စပြောလာတယ်။ အဲဒီအချိန်ကစလို့ တက်ကြွလှုပ်ရှားတဲ့ ကျောင်းသားတွေက စတင် စုစည်းလာကြတယ်၊ ၂၀၁၁ မတ်လမှာ ကျောင်းလခ ၇၅% တိုမြှင့်ကြောင်း၊ ၂၀၁၂ ဆောင်းဦးမှာ စတင်အကောင်အထည် ဖော်မှာ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့တယ်။အဲဒီကာလက ရယ်ဒီကယ် အဖြစ်ဆုံး ကျောင်းသား သမဂ္ဂဖြစ်တဲ့ ASSÉ ခေါင်းဆောင်ပိုင်းဟာ ၂၀၁၁ ခုနှစ် တလျှောက်လုံး ကျောင်းလခတွေ တိုးကောက်ခြင်းနဲ့ ပတ်သက်လို့ ကျောင်းသားတွေကို ရှင်းပြ စည်းရုံးခဲ့တယ်၊ ရက်အကန့်အသတ်မရှိ အထွေထွေ သပိတ်မှောက်တခု ဆင်နွှဲဖို့ သိစိတ်ရှိရှိ အစီအစဉ်ဆွဲပြီး ကျောင်းသားတွေကို ဆော်ဩထားခဲ့တယ်။ အန်နားခစ်(စ်) တိမ်းညွှတ်မှုရှိတဲ့ ASSÉ တက်ကြွ လှုပ်ရှားသူတချို့က “ခေါင်းဆောင်မှု”/ “ခေါင်းဆောင်တွေ” စတဲ့ ဝေါဟာရတွေကို ကြိုက်ကြမှာ မဟုတ်ဘူး၊ ဒါပေမယ့် နာမည်တွေ ပြောင်းပစ်ရုံနဲ့ အရှိ တရားကို ပြောင်းလဲနိုင်တာမှ မဟုတ်ဘဲ။ သူတို့တွေဟာ ဒီဝေါဟာရတွေကို မကြိုက်ပေမယ့် ခေါင်းဆောင်မှု နေရာကနေ ပါဝင်ခဲ့ကြတယ်၊ ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြတယ်။သပိတ်အတွက် သိစိတ်ရှိရှိ အစီအစဉ်ဆွဲ ပြင်ဆင်ထားခဲ့သလို တင်းမာတဲ့ အစိုးရနဲ့ ရင်ဆိုင်ရချိန်မှာ အမှန်တကယ် လိုအပ်နေတဲ့ တိုက်ပွဲနည်းနာတွေကို အသုံးပြုနိုင်ခဲ့တယ်၊ ဒါ့ကြောင့်လည်း ASSÉ ခေါင်းဆောင်တွေဟာ မြောက် အမေရိက သမိုင်းမှာ အကြီးမားဆုံး ကျောင်းသား သပိတ်ကို ဆင်နွှဲနိုင်ခဲ့ခြင်း ဖြစ်တယ်။ခေါင်းဆောင်မှု နေရာမှာ ရှိနေခြင်းဟာ အောက်ခြေထု ပါဝင်မှုကို ဖီလာဆန့်ကျင် မပြုပါဘူး။ ASSÉ ခေါင်းဆောင်မှုဟာ တိုက်ပွဲကို လမ်းဖော်ပေးခဲ့တယ်၊ ကျောင်းလခတွေ တိုးကောက်ခြင်းကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း တက်ကြွလှုပ်ရှားတဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို ရှင်းပြ စည်းရုံးခဲ့တယ်၊ ဒါ့ကြောင့်ပဲ ကွိဘက်(ခ်)တလွှား သပိတ်တိုက်ပွဲထဲ ပါဝင်လာကြသော သိန်းချီတဲ့ ကျောင်းသားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ တီထွင်ဖန်တီးမှုကို ဒလဟော ဖွင့်ထုတ်ပေးနိုင်ခဲ့ခြင်း ဖြစ်တယ်။ကျောင်းသား သပိတ်ကို နမူနာထားကြည့်ရင် ခေါင်းဆောင်ကောင်းရဲ့ အခန်းကဏ္ဍကို မြင်ရလိမ့်မယ်။ တိုက်ပွဲ လမ်းကြောင်းကို ဦးဆောင်ပြလိုက်ခြင်းဟာ ထောင်ပေါင်းများစွာသော လူတွေ တိုက်ပွဲထဲ အားတက်သရော ပါဝင် လာစေမယ့် အခြေအနေတွေ ဖန်တီးပေးတယ်။ ဟုတ်ပါတယ်၊ ASSÉ ခေါင်းဆောင်တွေ အမှားတချို့ လုပ်ခဲ့ပါ တယ်။ ၂၀၁၂ နွေရာသီမှာ လစ်ဘရယ် အစိုးရက ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေညာလိုက်တဲ့အခါမှာ အခမဲ့ ပညာရေးကို ထောက်ခံတဲ့ တခုတည်းသော ပါတီ (Québec solidaire)ကို ASSÉ ခေါင်းဆောင်တွေ မထောက်ခံ ခဲ့ကြဘူး။ တချိန်တည်းမှာပဲ ကျောင်းသား အများစုက လစ်ဘရယ်တွေကို ဖြုတ်ချဖို့ ဆက်မတိုက်ဘဲ သပိတ် လှန်ခဲ့ကြတယ်။ ဒီဖြစ်စဉ်တခုလုံးကို တခြားဆောင်းပါးတွေမှာ အသေးစိတ် သုံးသပ်ပြခဲ့ပါတယ်။ ဒီလို အမှားရှိခဲ့ ပေမယ့်လည်း တိုက်ပွဲမှာ ခေါင်းဆောင်မှု လိုအပ်တယ်ဆိုတဲ့ အရေးကြီး သင်ခန်းစာ ပျောက်မသွားပါဘူး။ခေါင်းဆောင်မှု ပြဿနာဟာ ကမ္ဘာတလွှား အလုပ်သမား သမဂ္ဂတွေနဲ့ အလုပ်သမား လှုပ်ရှားမှုအတွင်းက အင်မ တန် အရေးကြီးတဲ့ ပြဿနာတခု ဖြစ်တယ်။ အလုပ်သမားတွေက တိုက်ပွဲဝင်လိုခြင်း မရှိဘူးလို့ အကြိမ်ရေ ဘယ့် လောက်တောင် ကြားခဲ့ရပြီလဲ။ လစ်ဖျောက်တီး တပ်လှန့်ပြီး သပိတ်တခုကို စုစည်းလို့ မရဘူးလို့ ဆိုကြတယ်။ ကွိဘက်(ခ်)မှာ အစိုးရ ကဏ္ဍက သမဂ္ဂတွေဟာ တနှစ်ကျော်ကြာ စေ့စပ်ရေးတွေ လုပ်ခဲ့ကြတယ်။ လက်ယာစွန်း CAQ အစိုးရက သဘောထား ပြောင်းမှာ မဟုတ်ဘူး၊ အလုပ်သမားတွေကို စုတ်တိစုတ်ပြတ် အခြေအနေမှာပဲ ဆက်ခိုင်းလိမ့်မယ်။ တချို့ ဆရာသမဂ္ဂတွေက အစွမ်းကုန် သပိတ်မှောက်ရေး ဦးတည်လှုပ်ရှားကြပေမယ့် တခြား ဆရာသမဂ္ဂတွေကျ ငါးရက်ကြာ လှုပ်ရှားခွင့်ကိုပဲ မဲပေးခဲ့ကြတယ်၊ သင့်တော်တဲ့ အချိန်တခုမှာ ငါးရက်ကြာ သပိတ်မှောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကွိဘက်(ခ်) Labour Fightback က ဦးစည်းလုပ်တဲ့ ပြည်သူ့ အစည်းအ ဝေးတခုမှာ ငါးရက်တာ သပိတ်မှောက်ရေး ဆုံးဖြတ်ထားသော သမဂ္ဂတခုရဲ့ ဒေသန္တရ ဥက္ကဌက သမဂ္ဂခေါင်း ဆောင်ပိုင်းရဲ့ အခန်းကဏ္ဍအပေါ် သူ့အမြင်ကို ရှင်းပြခဲ့တယ် -“သပိတ်တခုနဲ့ ပတ်သက်လို့ ဆုံးဖြတ်တာ ငါတို့ (သမဂ္ဂ ခေါင်းဆောင်ပိုင်း) မဟုတ်ဘူး၊ သမဂ္ဂ အဖွဲ့ဝင်တွေက ဆုံးဖြတ်တာ။ ငါတို့က ဖြစ်နေတာတွေ အဖွဲ့ဝင်တွေ သိလာအောင် လုပ်ပေးတယ်၊ အဖွဲ့ဝင်တွေက ဆုံးဖြတ်တယ်၊ သူတို့ကသာ အစွမ်းကုန် သပိတ်မှောက်လို့ ဆုံးဖြတ်လိုက်ရင် ငါတို့က အဲဒီအတိုင်း နှိုးဆော်မှာပဲ၊ ဒါပေမယ့် ဒေသခံ သမဂ္ဂ အဖွဲ့ဝင်တွေထဲမှာ ‘လာသွားကြမယ်၊ မရမချင်း သပိတ်မှောက်မယ်’ လို့ ပြောတဲ့ ကိုယ်စားလှယ် မတွေ့ဘူး။ ငါတို့ခေါင်းဆောင်ပိုင်း သတင်းအချက်အလက်ကို မျှဝေပေးရတယ်၊ ငါတို့က သမဂ္ဂခေါင်းဆောင် ဖြစ်လာတဲ့အခါ ရုပ်သေးတွေ ဖြစ်သွားတယ်၊ လူတွေကို ဘာလုပ်ကြလို့ ပြောနိုင်တဲ့သူတွေ မဟုတ်ဘူး။ ငါ့ဒေသက အထွေထွေ ညီလာခံမှာ တယောက်ယောက်က ထပြီး ‘မရမချင်း အစွမ်းကုန် သပိတ်မှောက်လိုတယ်’ ပြောလာရင် ငါသဘော ကျမိမှာပဲ။ သိပ်ကို ပျော်ရွှင်သွားမယ် ထင်တယ်။”ဒီမှာတွေ့ရတဲ့ လော့ဂျစ်က လှုပ်ရှားမှု တခုလုံးမှာ တွေ့ရတဲ့ လော့ဂျစ်ပါပဲ၊ အဆုံးစွန်ထိ ဆွဲပြောထားတာပဲ။ ဒီလော့ဂျစ်အရဆိုရင် အလုပ်သမားတွေကသာ အစွမ်းကုန် သပိတ်မှောက်ကြမယ်လို့ ထုတ်ပြောမလာရင် သမဂ္ဂ ခေါင်းဆောင်တွေက အဲလို သပိတ်မှောက်ကြဖို့ အဆိုပြုစရာမလိုဘူး။ ဒီလော့ဂျစ်က သူ့သဘောသူ ဆောင်နေ တယ်၊ ခေါင်းဆောင်တွေက ဘာမှ မလုပ်ဘူး၊ အဖွဲ့ဝင်တွေကို ရဲရင့်ပြတ်သားတဲ့ လုပ်ငန်းစဉ်တခု မတင်ပြဘူး ဆိုရင် အလုပ်သမားတွေမှာ ငါတို့ တိုက်ပွဲဝင်နိုင်တယ်၊ အောင်ပွဲခံနိုင်တယ်ဆိုတဲ့ ယုံကြည်မှု မရှိတော့ဘူး၊ ဒီအခါ ရဲရင့်ပြတ်သားတဲ့ တိုက်ပွဲဝင် နည်းလမ်းတွေလည်း အဆိုပြုလာမှာ မဟုတ်တော့ဘူး။လက်ဖျောက်တီးလိုက်ရုံနဲ့ လူထု လှုပ်ရှားမှုတခုကို စုစည်းနိုင်တယ်လို့ ကျနော်တို့ မပြောပါဘူး။ ဒါပေမယ့် သမဂ္ဂ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက ခေါင်းဆောင်မှု ပေးဖို့ ဖြစ်တယ်၊ သတင်းအချက်အလက် ထုတ်ပြန်တဲ့ ရုံး မဟုတ်ဘူး။ အဖွဲ့ဝင်တွေကိုယ်တိုင် ရယ်ဒီကယ် ကောက်ချက်တွေ ချလာမယ့်အချိန်ကို ငုတ်တုတ်ထိုင်စောင့်နေရ မှာ မဟုတ်ဘူး။ သမဂ္ဂ ခေါင်းဆောင်ပိုင်းက အစီအစဉ်တွေ ချမှတ်ပေးရမယ်၊ အဖွဲ့ဝင်တွေကို ရှင်းပြ သင်ကြားပေး ရမယ်၊ တိုက်ပွဲဝင်ရဲတဲ့ ယုံကြည်မှု ပေးရမယ်။ ဒီလိုနည်းနဲ့ သမဂ္ဂ အဖွဲ့ဝင်တွေကို မစေ့စပ်တမ်း တိုက်မဲ့ လူတန်း စား တိုက်ပွဲ လမ်းကြောင်းပေါ် ရောက်သွားအောင် ပြင်ဆင်ပေးထားနိုင်တယ်။ ၂၀၁၂ တုန်းက ကျောင်းသား ခေါင်းဆောင်ပိုင်း ပြင်ဆင်ထားခဲ့သလိုမျိုး လုပ်လို့ရတယ်။လှုပ်ရှားမှုအတွက် ဆိုရှယ်လစ် ခေါင်းဆောင်မှု တည်ဆောက်ခြင်းလက်ရှိအချိန်မှာ လေဘာ လှုပ်ရှားမှုကို အရင်းရှင်စနစ် ယုံကြည်တဲ့လူတွေက ဦးဆောင်နေကြတယ်၊ အရင်းရှင် စနစ်ကို ဖြိုချနိုင်တယ်လို့ ဒီလူတွေ မယုံကြည်ကြဘူး။ သမဂ္ဂခေါင်းဆောင်တွေက အလုပ်သမားတွေရဲ့ ဘဝနဲ့ ကင်းကွာလာတယ်။ ဘော့(စ်)တွေကို တိုက်ပွဲဆင်ဖို့ထက် တည်ဆဲအခြေအနေမှာပဲ ပျော်မွေ့ကြတယ်။ အလုပ်သ မားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မယုံကြည်ကြဘူး၊ ယုံမှား သံသယ ဝင်နေသူတွေ ဖြစ်တယ်။လေဘာ လှုပ်ရှားမှုရဲ့ လက်ရှိ ခေါင်းဆောင်မှုဟာ အရင်းရှင်စနစ်ရဲ့ ပကတိ အရှိတရားနဲ့ ပဋိပက္ခ ဖြစ်သထက် ဖြစ်လာလိမ့်မယ်။ သိပ်မကြာခင်မှာ အတင်းအကြပ် ခြိုးခြံခြွေတာရေးတွေ လုပ်လာကြမယ်။ အရင်းရှင်စနစ်က တကယ့် သရုပ်မှန်ကို အထင်အရှား ပြလာလိမ့်မယ်၊ အရင်းရှင်စနစ်ဟာ လုပ်သားထုအဖို့ အဆုံးမရှိတဲ့ ဒုက္ခ တွင်းကြီးပဲ။ ကိုဗစ်-၁၉ ကပ်နဲ့အတူ ဒီအခြေအနေကို စတွေ့နေရပြီ။အလုပ်သမားထုအပေါ် တိုက်ခိုက်လာခြင်းကို လေဘာ လှုပ်ရှားမှု ခေါင်းဆောင်တွေက ဘာမှမလုပ်ဘဲ နေမယ် ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ သူတို့ ကိုယ်စားပြုထားတယ်လို့ ယူဆရတဲ့ အလုပ်သမားထု ရှေ့မှောက်မှာ လေဘာ ခေါင်းဆောင်တွေရဲ့ မျက်နှာဖုံး ကွာကျသွားမယ်။ ဒီဖြစ်စဉ် ဘယ်လို ဖြစ်ပေါ်သွားသလဲ ထရော့စကီးက အခုလို ရှင်းပြခဲ့တယ် -“မတူညီတဲ့ လူတန်းစားတွေ အကြား (ဒါမှမဟုတ်) လူတန်းစား တခုအတွင်းက မတူညီတဲ့ အလွှာတွေအကြား တွန်းတိုက်မှုတွေ ဖြစ်ပွားရင်း ခေါင်းဆောင်မှုကို ပုံဖော်ပေးတယ်။ ခေါင်းဆောင်မှုဆိုတာ ပေါ်လာပြီးတာနဲ့ သူ့လူ တန်းစားရဲ့ အပေါ်ကို မလွဲမသွေ ရောက်သွားတယ်၊ ဒီနောက် တခြား လူတန်းစားတွေရဲ့ ဖိအားနဲ့ လွှမ်းမိုးမှုတွေ သက်ရောက်မှု ခံရဖို့ ပိုများသွားတယ်။ ပစ္စည်းမဲ့ လူတန်းစားဟာ အထဲမှာ လုံးလုံးလျားလျား ယိုယွင်း ပျက်စီးနေ ပြီးသားဖြစ်တဲ့ ခေါင်းဆောင်မှုတခုကို အင်မတန် ကြီးမားတဲ့ ဖြစ်ရပ်တွေအတွင်းမှာ ဒီယိုယွင်းပျက်စီးမှုကို ထုတ် ဖော်ပြမယ့် အခါအခွင့် မပေါ်ခင်အထိ အချိန်အတော်ကြာ သည်းခံကောင်း သည်းခံနေနိုင်တယ်။ လူတန်းစားနဲ့ ခေါင်းဆောင်မှုကြားက ပဋိပက္ခကို ပြတ်ပြတ်ထင်ထင် ထုတ်ဖော်ပြဖို့ အင်မတန် ကြီးမားတဲ့ သမိုင်းဆိုင်ရာ ရှော့ခ် တခု လိုအပ်တယ်။”ကိုဗစ်-၁၉ နဲ့ အခုစနေပြီဖြစ်တဲ့ စီးပွားပျက်ကပ်ဟာ အဲဒီလို သမိုင်းဆိုင်ရာ ရှော့ခ်တွေထဲက တခုပဲ။ ကမ္ဘာတလွှား မှာ လူထုရဲ့ ဒေါသတွေ စုပြုံသထက် စုပြုံလာနေပြီ။ အလုပ်သမားတွေက အလုပ်လက်မဲ့တွေ ဖြစ်လာတယ်၊ ဆိုးဝါးတဲ့ အလုပ်ခွင် အခြေအနေတွေ၊ နိမ့်ကျလာတဲ့ လူနေမှု အဆင့်အတန်းတွေကို ခါးစီးခံနေရတယ်၊ တချိန် တည်းမှာ ကြေးရတတ်တွေက နေ့စဉ်နဲ့အမျှ ချမ်းသာပြီးရင်း ချမ်းသာလာနေတယ်။ ကမ္ဘာတဝှမ်း လုပ်သားထုက တော်လှန်ရေး ခေတ်ထဲ တိုးဝင်လာချိန်မှာ အလုပ်သမား လှုပ်ရှားမှု ခေါင်းဆောင်မှုပိုင်းက အတိတ်ကို ဖက်တွယ် နေဆဲ။ဒါဖြင့ ဆိုရှယ်လစ်တွေက ဘာလုပ်နိုင်သလဲ“ဆိုရှယ်လစ် ခေါင်းဆောင်တွေက သမဂ္ဂတွေကို ကယ်နိုင်မှာ မဟုတ်ဘူး” ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးတပုဒ် ထဲမှာ “ကမ္ဘာ့ စက်မှုအလုပ်သမားများ” (IWW) အဖွဲ့က တက်ကြွလှုပ်ရှားသူ တယောက်က အခုလို ဆိုထားတယ် -“လူတွေရဲ့ အမြင်မှာ ခေါင်းဆောင်မှုဆိုတာ အဆောင်အယောင် အခမ်းအနားတွေ တန်ဆာဆင်ထားတဲ့ ကိစ္စ၊ ရာ ထူးနေရာတခုခုမှာ ရွေးကောက်ခံ လိုက်ရပြီဆိုရင် ခင်ဗျားမှာ ယုံကြည် ကိုးစားခံရမှုတွေ ရသွားပြီ၊ လူတိုင်းက ခင်ဗျားပြောတာကို နားထောင်တော့မယ်လို့ ထင်ကြတယ်၊ တကယ်တမ်းကျ မဟုတ်ဘူးဗျ။ ခင်ဗျားလုပ်ဖို့လိုတာ စုစည်းပေးဖို့ပဲ၊ သမဂ္ဂ ခေါင်းဆောင် အရာရှိတယောက်အနေနဲ့ ဒါမျိုး ခင်ဗျား မလုပ်နိုင်ဘူး၊ သမဂ္ဂခေါင်းဆောင် အရာရှိ ဖြစ်နေလို့လည်း ဒီအလုပ်တွေကို အထောက်အကူ မပြုဘူး”။အန်နာခို-ဆင်ဒီကယ်လစ် ရဲဘော်တွေပြောတဲ့ သဘောကို နားလည်ပါတယ်။ ရဲရင့်ပြတ်သားတဲ့ ဆိုရှယ်လစ် ပေါ်လစီတွေ အကောင်အထည်ဖော်ဖို့ရာ အလုပ်သမားထု အခြေခံမရှိတဲ့ ဆိုရှယ်လစ်တချို့က သမဂ္ဂ ခေါင်း ဆောင်ပိုင်း နေရာရဖို့သက်သက် အားထုတ်နေကြတာတွေ ရှိတယ်၊ ဒါကို သူတို့ ဝေဖန်နေတာ။ တချို့ တော်တဲ့ တက်ကြွလှုပ်ရှားသူတွေဆိုလည်း ခေါင်းဆောင်ပိုင်း ရောက်ဖို့ ဖြတ်လမ်းနည်းတွေ သုံးကြတယ်၊ ခေါင်းဆောင်ပိုင်း ရောက်သွားတဲ့အခါ ဗျူရိုကရေစီရဲ့ ဝါးမြိုမှုကို ခံလိုက်ရပြီး အောက်ခြေထုနဲ့ ကင်းကွာသွားကြတာတွေ ဒုနဲ့ဒေး ရှိနေတယ်။ အောက်ခြေထုကို အရင်မတည်ဆောက်ဘဲ ခေါင်းဆောင်ပိုင်း နေရာယူခြင်းကို မာ့(က်စ်)ဝါဒီတွေက လုံးဝ ဆန့်ကျင်ပါတယ်။ဒါပေမယ့် အောက်ခြေထု စည်းရုံးခြင်းနဲ့ သမဂ္ဂ ခေါင်းဆောင်ပိုင်းရယ်လို့ နှစ်ပိုင်းခွဲခြားပစ်တာမျိုးဟာ အခြေခံ အားဖြင့် မှားယွင်းနေတယ်၊ ဒါဟာ ပြဿနာရဲ့ မျက်နှာစာ တခြမ်းကိုပဲ မြင်နေခြင်း ဖြစ်တယ်။ တကယ့်တမ်းကျ ရွေးကောက်ခံ ခေါင်းဆောင်တွေက အောက်ခြေထုကို စည်းရုံးတည်ဆောက်ဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ အယူအဆကို ပြုပြင်ရေးဝါဒီ သမဂ္ဂ ခေါင်းဆောင်တွေ သဘောတူကြမှာပဲ၊ အကြောင်းက ဒီအယူအဆအရဆိုရင် အောက်ခြေထု မတည်ဆောက်ဘဲ နေခြင်းဟာ သူတို့ အပြစ်မဟုတ်တော့ဘူး။ အောက်ခြေထုကို စည်းရုံးခြင်းဆိုတာ ခေါင်းဆောင် မှုကို ကျင့်သုံးခြင်းပဲ၊ ဆိုလိုတာက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တိကျတဲ့ လုပ်ငန်းစဉ်တခုဆီ ဦးဆောင်မှု ပေးလိုက်တဲ့ သဘောပဲ။ အောက်ခြေထုကို စည်းရုံးတည်ဆောက်ပြီးရင် နောက်ထပ် ဘာဆက်လုပ်မလဲ။ သမဂ္ဂ ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေက အောက်ခြေထုကို စည်းရုံးလို့မရအောင် တမင်တကာ ပိတ်ပင်လာရင် ဘာဖြစ်မလဲ။ ဒါဆိုရင်တော့ သူတို့ အဲသလို မလုပ်နိုင်အောင် ဟန့်တားဖို့ လိုလာပြီ။ ဘယ်လိုလုပ်မလဲ။ ဒီလို ခေါင်းဆောင်ပိုင်းနေရာမှာ တကယ် တိုက်ပွဲဝင်လိုတဲ့ ခေါင်းဆောင်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်မထားဘူးဆိုရင် ခေါင်းဆောင်ဆိုးတွေရဲ့ လက်ထဲ ဝကွက်အပ်လိုက်တဲ့ သဘောဖြစ်သွားမယ်။ ဒီတော့ ကျနော်တို့ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လှုပ်ရှားမှုအတွင်းမှာ ခေါင်းဆောင်မှု ကောင်းကောင်း လိုအပ်တယ်ဆိုတဲ့ အချက်ကို ပြန်ဆိုက်သွားတယ်။ အလုပ်သမားထုနဲ့ ကင်းကွာနေတဲ့ သမဂ္ဂ ခေါင်းဆောင်တွေနေရာမှာ ရဲရင့်ပြတ်သားတဲ့ လူတန်းစား ဖိုက်တာတွေနဲ့ အစားထိုးဖို့ လိုအပ်တယ်။ဒါ့ကြောင့် လေဘာ လှုပ်ရှားမှုအတွင်းက ဆိုရှယ်လစ်တွေရဲ့ အခန်းကဏ္ဍက ဘာလဲ။ သာမန် အလုပ်သမားထုကြား စည်းရုံး တည်ဆောက်ရမယ်၊ လူတန်းစား တိုက်ပွဲ နည်းနာတွေကို ရပ်ခံကာကွယ်ရမယ်၊ အရင်းရှင်စနစ်ကို တိုက် ပွဲဝင်ဖို့ လိုအပ်ကြောင်း အလုပ်သမားတွေကို ရှင်းလင်း သင်ကြားပေးရမယ်လို့ ကျနော်တို့ ပြောပါတယ်။ ဒီလို တည်ဆောက်ထားတဲ့ အခြေခံပေါ်မှာ အလုပ်သမားတွေရဲ့ ယုံကြည်မှုရလာမယ်၊ ယုံကြည်လို့ အပ်နှင်းလာတဲ့ ဩဇာရလာမယ်၊ ဒီလိုနည်းနဲ့ သမဂ္ဂ ခေါင်းဆောင်ပိုင်း နေရာကို ယူရမယ်၊ လှုပ်ရှားမှုကို ဦးဆောင်ရမယ်။ ဒီလို လုပ်နိုင်ဖို့ အကောင်းဆုံးနည်းက တော်လှန်ရေး အဖွဲ့အစည်းတခုထဲမှာ ပါဝင် အလုပ်လုပ်ဖို့ပဲ။ကွိဘက်(ခ်)မှာ သမဂ္ဂ အမှုဆောင်တွေထဲ ရှိနေသူတချို့က သူတို့ကိုယ်သူတို့ ဆိုရှယ်လစ်တွေလို့ ပြောကြတယ်။ ဒီလူတွေကတော့ “သမဂ္ဂတွေကို ကယ်တင်မနေပါဘူး”။ ပြဿနာက အဲဒီခေါင်းဆောင်တွေဟာ အလုပ်သမားထုနဲ့ ကင်းကွာပြီး ထီးတည်းဖြစ်နေတယ်၊ ဆိုရှယ်လစ် ပေါ်လစီတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ရာ သူတို့မှာ အဖွဲ့အစည်းလည်း မရှိဘူး။ ဒီလို ထီးတည်းဖြစ်နေတဲ့ ဆိုရှယ်လစ်တွေဟာ လှုပ်ရှားမှုအတွင်းက တိုက်ပွဲမဝင်လိုတဲ့ တခြား ခေါင်းဆောင်တွေကို ဆန့်ကျင်နိုင်တဲ့ အနေအထားမှာ မရှိဘူး။ လှုပ်ရှားမှုအတွင်း လက်တွေ့သက်ရောက်မှု ရှိအောင်လုပ်ဖို့ဆိုရင် ဆိုရှယ်လစ်စနစ် လိုအပ်ကြောင်း နားလည်သူတွေဟာ အဖွဲ့အစည်း တခုအဖြစ် စုစည်းကြဖို့ လိုအပ်တယ်။တော်လှန်ရေး အဖွဲ့အစည်းတခု မတည်ဆောက်တဲ့ ရယ်ဒီကယ် သမားတွေ/ ဆိုရှယ်လစ်တွေ ဘာဖြစ်သွားလဲ သမိုင်းက တကြိမ်မက လက်တွေ့ပြခဲ့ပါပြီ၊ လေဘာ လှုပ်ရှားမှုအတွင်းမှာပဲ ဒီလို ဖြစ်တာ မဟုတ်ဘူး။ ဒီလို လူတွေ ဟာ ရှိပြီးသား အဖွဲ့အစည်းတွေဆီပဲ မလွဲမရှောင်သာ ခေါင်းလျှိုသွားကြလိမ့်မယ်။ ဥပမာ၊ အင်မတန် လူလေးစား ခံရတဲ့ အရင် ကွန်မြူနစ် တက်ကြွလှုပ်ရှားသူ တယောက်ဖြစ်ခဲ့ဖူးတဲ့ အိန်ဂျလာ ဒေးဗစ်(စ်)ဆိုရင် တော်လှန်ရေး ပါတီတခု တည်ဆောက်ရေး အယူအဆကို စွန့်ပယ်သွားခဲ့တာ ကြာပြီ။ အဆုံးမတော့ သူမဟာ ဒီမိုကရက်တစ် ပါတီနဲ့ ဂျိုးဘိုင်ဒန်ကို ထောက်ခံသွားခဲ့တယ်။ အန်နားခစ်(စ်) နွမ်ချုံစကီး နဲ့ မာ့(က်စ်)ဝါဒီ နာမည်ခံ ပညာရှင် ဒေးဗစ်(ဒ်) ဟာဗီးတို့လည်း ဒီလမ်းအတိုင်း သွားတာပဲ။ နိုင်ငံရေးဆိုတာ အဖွဲ့အစည်းတွေကနေ လုပ်ဆောင်ရတာ၊ ခင်ဗျားက အော်တာနေးတစ် အဖွဲ့အစည်းတခု တည်ဆောက်မထားရင် ရှိနေပြီးသား အဖွဲ့တွေထဲက ‘lesser evil’ ကို မလွှဲမရှောင်သာ ရွေးရမှာပဲ။တော်လှန်သော အကောင်းမြင်ဝါဒလူတန်းစား အသိစိတ်ဆိုတာ တဟုန်ထိုး ဖွံ့ဖြိုးသွားတတ်တဲ့ အရာဖြစ်တယ်။ ၂၀၁၂ သပိတ်မဖြစ်ခင် လပိုင်း အလိုအထိ ကျောင်းလခ တိုးမြှင့်မှုအကြောင်း ဘာမှမသိခဲ့တဲ့ ကျောင်းသားတွေထဲက ဘယ်လောက်များများ အဲဒီ သပိတ်မှာ ပါဝင်ခဲ့သလဲ။ ဒီလှုပ်ရှားမှု ဖော်နိုင်အောင် ကမ်ပိန်းတွေ မစခင်အထိ အဲဒီကျောင်းသားတွေဟာ ဘာနိုင် ငံရေးကိုမှ စိတ်မဝင်စားဘဲ ဘာသိဘာသာ နေခဲ့ကြတယ် မဟုတ်လား။ လူထု လှုပ်ရှားမှု/ တော်လှန်ရေးတွေနဲ့ ပတ်သက်လာရင်လည်း အလားတူ မေးခွန်းတွေ ထုတ်လို့ ရနိုင်တယ်။ အသိစိတ်ဟာ ကွန်ဆာဗေးတစ်ဆန်တယ်၊ ဒါပေမယ့် ရယ်ဒီကယ်ဆန်ပြီး တော်လှန်လာနိုင်တဲ့ အလားအလာ ရှိသေးတယ်။သံသယဝါဒီတွေက အလုပ်သမား လူတန်းစားရဲ့ အားနည်တဲ့ အခြမ်းကိုပဲ အခြေခံတတ်ကြတယ်၊ ဘာသိဘာသာ နေတဲ့ အလွှာတွေ၊ စိတ်ဓာတ်ပျက်နေတဲ့ အလွှာတွေကို အခြေခံ ကြည့်ပြီး တော်လှန်ရေး မဖြစ်နိုင်ဘူးလို့ ကောက် ချက်ဆွဲကြတယ်။ သူတို့နဲ့ ဆန့်ကျင်ဘက် မာ့(က်စ်)ဝါဒီတွေကတော့ ငါတို့ လူတန်းစားရဲ့ အင်မတန် အားကြီးတဲ့ တော်လှန်ရေး အလားအလာပေါ် အခြေခံထားကြတယ်။အလုပ်သမားတွေဟာ တော်လှန်ရေးတခုကို ဦးဆောင်ဆင်နွှဲဖို့ အမြဲအသင့်ဖြစ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် အလုပ်သမား လှုပ်ရှားမှုအတွင်းမှာ အခုကတည်းက ဆိုရှယ်လစ် အယူအဆတွေ လွှမ်းနိုင်အောင် တိုက်ပွဲဝင်ထား ခြင်းအားဖြင့် လူထု လှုပ်ရှားမှု ဖြစ်ပေါ်လာတဲ့အခါ တော်လှန်ရေး အောင်ပွဲခံနိုင်အောင် အကျိုးပြုပေးနိုင်တယ်။ကိုဗစ်-၁၉ ကပ်ဘေးနဲ့အတူ နေရာ အနှံ့အပြား သန်းပေါင်းများစွာသော အလုပ်သမားတွေ မကြုံဖူးလောက်အောင် ကြီးမားတဲ့ ဒုက္ခတွေ ခံနေရပြီ။ ဒါပေမယ့် ဒီလို ပရမ်းပတာ ဖြစ်နေတဲ့ အခြေအနေအတွင်းကနေ အရင်းရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်လိုတဲ့ လူငယ်မျိုးဆက်သစ်တွေ ထွက်ပေါ်လာနေတယ်။အမေရိကမှာ ဂျော့(ဂျ်)ဖလွိုက်(ဒ်) အသတ်ခံရတာက အစပြုလိုက်တဲ့ လူထု လှုပ်ရှားမှုကြီးဟာ မယုံနိုင်လောက် အောင် ကြီးထွားခဲ့တယ်၊ ဒါဟာ အင်အားအကြီးဆုံး အရင်းရှင် နယ်ချဲ့နိုင်ငံတောင် မြင့်တက်လာနေတဲ့ လူထု ဒေါသတွေကနေ ရှောင်လွှဲလို့ မရဘူးဆိုတာ ပြလိုက်တာပဲ။ ကမ္ဘာတလွှား တော်လှန်ရေး လှုပ်ရှားမှုတွေ ဖြစ်ပေါ် လာစေမယ့် ရေခံမြေခံတွေ ဖန်တီးပေးထားတယ်။ မာ့(က်စ်)ဝါဒီတွေရဲ့ မယိုင်လဲသော တော်လှန်ရေး အကောင်း မြင်ဝါဒဟာ အဲဒီဖြစ်တန်စွမ်းအပေါ် အခြေခံထားခြင်း ဖြစ်တယ်။ဆိုရှယ်လစ် တော်လှန်ရေးဟာ အော်တို ဖြစ်လာမှာတော့ မဟုတ်ဘူး။ လှုပ်ရှားမှုအတွင်းမှာ ဆိုရှယ်လစ် ပရိုဂရမ် ကို သိစိတ်ရှိရှိ ရပ်ခံကာကွယ်ပေးမယ့် တက်ကြွလှုပ်ရှားသူတွေ ရှိဖို့ လိုအပ်တယ်။ တကောင်တည်း တက်ကြွ နေတဲ့ ဆိုရှယ်လစ်ဆိုရင် ခင်ဗျား ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘုံလုပ်ငန်းစဉ်၊ ဘုံအတွေးအခေါ်တွေ ဆုပ်ကိုင်ပြီး အလံတခုတည်းအောက် စုစည်းမိတဲ့အခါ တယောက်တည်း လုပ်နိုင်တာထက် အဆပေါင်းများစွာ ကြီးမားသော သက်ရောက်မှုတွေ ရှိအောင် ငါတို့ လုပ်နိုင်တယ်။ တော်လှန်ရေး အဖွဲ့အစည်းတခုကို ဝင်လိုက်ခြင်း အားဖြင့် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရာ ရောက်သလို တခြားသူတွေကိုပါ တည်ဆောက်ပေးရာ ရောက်တယ်။ တော်လှန်ရေး အဖွဲ့အစည်းတခုကို ဝင်လိုက်ခြင်းဟာ အရှုံးတွေ တခုပြီး တခုဖြစ်ပေါ်စေခဲ့တဲ့ လက်ရှိ အဖွဲ့အစည်း တွေအပြင် တခြား အော်တာနေးတစ် အဖွဲ့အစည်းတခုကို တည်ဆောက်ခြင်း ဖြစ်တယ်။ ရှိနှင့်ပြီးသား အဖွဲ့အ စည်းတွေကို လက်ခံစရာမလိုဘူး၊ ခေါင်းလျှိုစရာ မလိုတော့ဘူး။ တော်လှန်ရေး အဖွဲ့အစည်းတခုကို ဝင်လိုက်ခြင်း အားဖြင့် မာ့(က်စ်)ဝါဒ အတွေးအခေါ်တွေကို အလုပ်သမား လူတန်းစားဆီ သယ်ဆောင်ပေးနိုင်တယ်၊ တကိုယ် တည်း ကိုယ့်ဘာသာ မလုပ်နိုင်တာကို အဖွဲ့အစည်းနဲ့ လုပ်နိုင်မယ်။ ဒါဟာ အလုပ်သမားတွေနဲ့ လူငယ်တွေကို နိုင်ငံတကာ မာ့(က်စ်)ဝါဒီ အင်အားစု (International Marxist Tendency) လုပ်ပေးတဲ့ အရာပဲ။ ငါတို့ အားလုံး ထက် ကြီးမားတဲ့ ဒီလုပ်ငန်းစဉ်ထဲ ဝင်ပါလာဖို့ ဖိတ်ခေါ်ပါတယ်။ဒီစာတမ်းကို ထရော့စကီးရဲ့ စကားနဲ့ပဲ အဆုံးသတ်ပါရစေ၊ လုပ်ကြံသတ်ဖြတ်ခြင်း မခံရမီ လပိုင်းအလိုမှာ ကျနော် တို့အတွက် ဒီအားတက်စရာ စာသားတွေ ချန်ထားပေးခဲ့တယ် -“အင်မတန် ရှည်ကြာတဲ့ သေကောင်ပေါင်းလဲ ဖြစ်မှုကို အလေးထား မစဉ်းစားသရွေ့ အရင်းရှင် ကမ္ဘာမှာ ထွက် ပေါက် မရှိတော့ဘူး။ စစ်ပွဲတွေ၊ အုံကြွမှုတွေ၊ ခဏတာ ယာယီပြေငြိမ်းမှုတွေ၊ စစ်ပွဲအသစ်တွေ၊ ဒီနောက် အုံကြွ တော်လှန်ခြင်း အသစ်တွေ ဆယ်စုနှစ်ပေါင်းများစွာ မဟုတ်ဘူးဆိုရင်တောင် နှစ်ပေါင်းများစွာ ရှိနေမယ်၊ ဒီအတွက် ပြင်ဆင်ထားဖို့ လိုတယ်။ နုနယ်တဲ့ တော်လှန်ရေး ပါတီတခုဟာ ဒီရှုမြင်ချက်အပေါ် အခြေခံထားရမယ်။ သူ့ကိုယ် သူ မှတ်ကျောက်တင် စမ်းသပ်ဖို့၊ အတွေ့အကြုံတွေ စုဆောင်းပြီး ရင့်ကျက်လာစေဖို့ လုံလောက်တဲ့ အခွင့်အလမ်း တွေ၊ ဖြစ်တန်စွမ်းတွေကို သမိုင်းက ပေးလာပါလိမ့်မယ်။ တပ်ဦးပါတီရဲ့ အင်အားတွေကို အမြန်ဆုံး ဆေးသားတင် စုစည်းနိုင်လေ သွေးထွက်သံယို အုံကြွမှုကာလ တိုတောင်းလေဖြစ်မယ်၊ ငါတို့ကမ္ဘာဂြိုဟ် ခံစားရမယ့် အပျက်အစီး နည်းပါးလေ ဖြစ်မယ်။ ဒါပေမယ့် ပစ္စည်းမဲ့ လူတန်းစားရဲ့ တပ်ဦးမှာ တော်လှန်ရေး ပါတီတခု မားမားမတ်မတ် ရှိမနေသရွေ့ ကြီးမားတဲ့ သမိုင်းရေး ပြဿနာကို ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူး။ စည်းချက်နဲ့ အချိန်အပိုင်းအခြား ပြဿနာဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စပဲ၊ ဒါပေမယ့် ဒီအချက်ဟာ ယေဘုယျ သမိုင်းအမြင်နဲ့ ငါတို့ ပေါ်လစီ ဦးတည်ချက်ကို ပြောင်းလဲမပစ်နိုင်ဘူး။ နိဂုံးချုပ်ချက်က ရိုးရှင်းပါတယ် - ပစ္စည်းမဲ့ လူတန်းစား တပ်ဦး လေ့ကျင့် သင်ကြားခြင်း၊ စုစည်းတည်ဆောက်ခြင်း အလုပ်ကို စွမ်းအင်ဆယ်ဆတိုးပြီး ဆက်လုပ်သွားဖို့ လိုအပ်တယ်။လင်းလက် ဘာသာပြန်သည်။Source: https://www.marxist.com/the-class-the-party-and-the-leadership-how-to-organize-revolution.htm