လီနင်ရေးတဲ့ “ငါတို့ ဘာလုပ်ကြမလဲ” ကျမ်းမှ ရရှိလာသော တော်လှန်ရေး သင်ခန်းစာများ

လီနင်ရေးတဲ့ “ငါတို့ ဘာလုပ်ကြမလဲ” စာအုပ်ဟာ တော်လှန်ရေးပါတီ တည်ဆောက်ရာမှာ လေ့လာရမယ့် မာ့(က်စ်)၀ါဒ ဂန္ထဝင်ကျမ်းတစောင်ဖြစ်တယ်။ အကြွင်းမဲ့ အာဏာရှင်စနစ်ကို မျိုးစေ့ချပေးခဲ့တဲ့ ကျမ်းရယ်လို့ ပြုပြင်ရေးဝါဒီတွေ နဲ့ ပညာရှင် ဆိုသူတွေရဲ့ ဝေဖန် ပုတ်ခတ်ခြင်းကို မကြာခဏ ခံရတဲ့ စာအုပ်လည်း ဖြစ်တယ်။

လီနင်ကို ဒီလို ပုတ်ခတ်စော်ကားထားတဲ့ နမူနာတခုအနေနဲ့ သမိုင်းပညာရှင် အန်းထနီ ရိ(ဒ်) ရေးတဲ့ The World on Fire (London, 2008, pp.5-6) က ဒီစာပိုဒ်ကို ကြည့်ပါ၊

“ဘော်ရှီဗစ်ဇင် ကို အလိမ်အညာပေါ် တည်ဆောက်ခဲ့တယ်၊ နောင်လာမယ့် နှစ်ကိုးဆယ်အတွက် ရှေ့ဆောင် လမ်းကို ချမှတ်သွားခြင်းဖြစ်တယ်။ လီနင်အဖို့ ဒီမိုကရေစီဆိုတာ မရှိ၊ လူထုကိုလည်း အယုံအကြည် နည်းနည်း မှမရှိ၊ အကြမ်းဖက်မှုကို လုပ်လိုက်ဖို့လည်း နည်းနည်းလေးမှ တေဝေမှု မရှိဘူး။ လူနည်းနည်းလေးနဲ့ ကျစ်ကျစ် လစ်လစ် စုစည်းထားပြီး၊ အမာလိုင်း ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေရဲ့ သံမဏိစည်းမျဉ်းပါတီမျိုးပဲ လီနင်လိုလားခဲ့တယ်။ ဒီလိုလူတွေကပဲ ခိုင်းတဲ့အတိုင်း တသဝေမတိုင်း လိုက်လုပ်မှာမို့ပဲ။”

ဒီလို ဗြောင်ကျကျ ပုတ်ခတ်မှုမျိုးက ကျနော်တို့အဖို့ အထူးအဆန်း မဟုတ်တော့ဘူး။ ဒါပေမယ့် တကယ့်အမှန် တရားနဲ့တော့ အဝေးကြီး။ အရင်းရှင်စနစ် အကြပ်အတည်းကို ခွဲခြမ်းသုံးသပ်ပြခဲ့လို့ မာ့(က်စ်)ကို ဘူဇွှာ ဝေဖန် ရေး ဆရာတွေက မဆိုစလောက် “ချီးမွမ်း” တာမျိုးရှိပေမယ့်၊ လီနင်ကိုတော့ မဆိုစလောက်တောင် အကောင်း ပြောတာမျိုး မရှိခဲ့ဘူး။ လီနင်ကို မသူတော် မဟာမိတ်အပေါင်းက တရစပ် ထိုးနှက် တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ ဒီလို ဘာလို့ လုပ်ကြသလဲ။ ရှင်းပါတယ်။ လီနင်က ဆိုရှယ်လစ်တော်လှန်ရေးကို အကောင်အထည်ဖော်နိုင်တဲ့ ပါတီတခုကို တည်ဆောက်ခဲ့တယ်၊ ဒါဟာ ကမ္ဘာ့အလုပ်သမား လူတန်းစားအဖို့ ရှေ့ဆောင် နမူနာ ဖြစ်ခဲ့တယ်။ အရင်းရှင်စနစ်ကို လက်တွေ့ ဘယ်လို ဖြိုချနိုင်သလဲ ပြသနိုင်ခဲ့တယ်။

ဒီတော့ ဘူဇွှာတွေဟာ လီနင့် လက်ရာတွေရဲ့ “တကယ့်အနှစ်သာရကို မြေမြှုပ်ပစ်ပြီး” စတာလင်ဝါဒနဲ့ လီနင် ၀ါဒကို “အနှစ်သာရအားဖြင့်” အတူတူပါပဲလို့ ပုံဖော်ခဲ့ကြတယ်။ ဒီအယူအဆကို လစ်ဘရယ်တွေ၊ ဒီမိုကရက် တွေ၊ ပြုပြင်ရေးဝါဒီတွေ၊ စိတ်ကူးစံဝါဒီတွေ၊ လက်တွေ့ဝါဒီတွေ၊ အနားခစ်(စ်)တွေ အားလုံးက တညီတညွတ် တည်း သဘောတူကြတယ်။

ဘယ်လိုပဲ အခြေအမြစ်မရှိတဲ့ ပုံဖျက်တိုက်ခိုက်မှုတွေ ရှိနေပါစေ၊ ငါတို့ဘာလုပ်ကြမလဲ ကျမ်းကတော့ မာ့(က်စ်) ၀ါဒ စာပေထဲမှာ အရေးကြီး ကျမ်းတစောင် ဖြစ်နေတယ်၊ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်လိုသူတွေ လေးလေး နက်နက် လေ့လာဖို့လိုအပ်တဲ့ ရပ်ရှား မာ့(က်စ်)၀ါဒ သမိုင်းထဲက အဓိက မှတ်တိုင်ကြီး တခုပဲ။

ဒီကျမ်းကို အလေးအနက် အာရုံစိုက်သင့်သလောက် မစိုက်ကြခြင်း အကြောင်းတွေထဲက တခုကတော့ ဒီစာ အုပ်ထဲမှာ လွန်လွန်ကျူးကျူး ဇောင်းပေးပြောထားတဲ့ တချက်ပါနေလို့လည်း ဖြစ်နိုင်တယ်။ အလုပ်သမား လူ တန်းစားကို သူ့ချည်းသာ ပစ်ထားလိုက်ရင် အလုပ်သမား သမဂ္ဂအသိစိတ်လောက်ပဲ ရရှိနိုင်မယ်လို့ ဆိုရာမှာ လီနင်က သူပြောနေတဲ့ အကြောင်းအရာကို ပေါ်လွင်အောင် အလွန်အမင်း ဖိပြောလိုက်တာဖြစ်တယ်။

တကယ်တော့ လီနင် အလွန်အကျူး ပြောခဲ့သလိုတော့ မဟုတ်ပါဘူး။ ဒါကိုလည်း သမိုင်းက အခါခါသက်သေပြ ခဲ့ပါပြီ၊ ချားတစ်(စ်) လှုပ်ရှားမှုကစလို့ တိုက်ပွဲဝင် အလုပ်သမား လူတန်းစားဟာ ဆိုရှယ်လစ် သိစိတ်ကို ရရှိနိုင် ကြောင်း လက်တွေ့ပြခဲ့ပြီ။ ဒီကျမ်းထဲမှာ ဆိုထားသလိုပဲ၊ ဒီအယူအဆကို ကား(လ်) ကောက်စကီး ဆီကနေ လီနင် ယူထားခြင်း ဖြစ်တယ်။ ကောက်စကီးဆိုတာ အဲဒီခေတ် ဂျာမန် ဆိုရှယ် ဒီမိုကရေစီနဲ့ ဒုတိယ အင်တာနေ ရှင်နယ်ရဲ့ ခေါင်းဆောင် တဦးဖြစ်တယ်။

တကယ်တော့ ဒီအယူအဆကို လီနင် ဒီတကြိမ်ပဲ တင်ပြခဲ့ခြင်း ဖြစ်တယ်၊ ဒီအမှားကို နောက်ထပ် တခါမှ လီနင် ထပ်မပြောတော့ဘူး။ ဒီကျမ်းထဲမှာကို အဆိုပါ အယူအဆဟာ “အင်မတန် ရိုးရှင်းအောင် ဒဲ့ဒိုးပြောချလိုက်တဲ့ ဖော်မြူလာ” တခုပဲလို့ လီနင် ဝန်ခံထားတယ်၊ အဲဒီကာလ အလုပ်သမား လှုပ်ရှားမှုအတွင်း ပေါ်ပေါက်နေတဲ့ လက်ယာလိုင်း “စီးပွားရေးဝါဒီတွေ” ရဲ့ အချောင်သမားဆန်ဆန် သွေဖည်မှုကို တိုက်ခိုက်ဖို့ လီနင်က အဆိုပါ အယူအဆ ကို ဖိပြောခဲ့ခြင်း ဖြစ်တယ်။ ဒီ “စီးပွားရေးဝါဒီတွေ” က တော်လှန်ရေးပါတီရဲ့ ဦးဆောင်မှုအခန်းကို ငြင်းပယ်ခဲ့ကြတယ်။

ဒီလို လွန်လွန်ကျူးကျူး ဖိပြောတဲ့တချက်ပါပေမယ့်လည်း လီနင်ရဲ့ ငါတို့ဘာလုပ်ကြမလဲ ကျမ်းထဲမှာ တော်လှန် ရေး ပါတီရဲ့ အရေးပါမှုကို ရှင်းလင်းထားတဲ့ အသိပညာတွေ အမြောက်အမြား ပါဝင်နေတယ်။ ဒီကနေ့ခေတ်မှာ သေချာလေ့လာကြဖို့ ကောင်းတယ်။ ပါးစပ်ပြောနဲ့တင်မဟုတ်ဘဲ လက်တွေ့လုပ်ရပ်နဲ့ပါ လီနင်ဝါဒီဖြစ်လိုသူတိုင်း ဒီကျမ်းကို လေ့လာကြဖို့ တိုက်ဖော်တိုက်ဖက်လည်းဖြစ်၊ လီနင်ရဲ့ ဇနီးလည်းဖြစ်တဲ့ ကရပ်(ပ်စ်)ကားယာက တိုက်တွန်းခဲ့တယ်။ (Reminiscences of Lenin, p.66)

ဒီစာအုပ်ကို ၁၉၀၂ အစောပိုင်းမှာ ထုတ်ဝေခဲ့တယ်၊ ရပ်ရှား မာ့(က်စ်)၀ါဒီ အစုတွေကြား ဝမ်းပန်းတသာနဲ့ လက် ခံခဲ့ကြတယ်။ “ငါတို့ဘာလုပ်ကြမလဲ စာအုပ်က ကြီးမားတဲ့ အသီးအပွင့်တခုပဲ၊ ဒီကျမ်းက အင်မတန် အရေးကြီး တဲ့ အခြေခံ ပြသနာတွေကို အဖြေပေးသွားတယ်၊ စနစ်တကျ အလုပ်လုပ်တဲ့ မြေအောက်အဖွဲ့အစည်းတခု လို အပ်နေပြီလို့ အားလုံးက လှိုက်လှိုက်လှဲလှဲ ခံစားမိလာတယ်” လို့ ကရပ်(ပ်စ်)ကားယာက ရှင်းပြခဲ့တယ်။

“ဒီစာအုပ်က အဖွဲ့အစည်းတခု ပေါ်ပေါက်လာဖို့ အပြင်းအထန် ဆော်သြချက်ပဲ၊ အဖွဲ့အစည်းတခု တည်ဆောက် ဖို့ စီမံကိန်းကြီးတခုကို အကြမ်းဖျင်း ချပြထားတယ်၊ ဒီလို စနစ်တကျ တည်ဆောက်မယ့် အဖွဲ့အစည်းအတွင်းမှာ လူတိုင်းက ကိုယ့်အခန်းကဏ္ဍကို်ယ် ရှာတွေ့လိမ့်မယ်၊ တော်လှန်ရေး ယန္တရားတခုအတွင်းက ခွေးသွားစိတ်တခု ဖြစ်လာလိမ့်မယ်၊ ဘယ်လိုပင် သေးငယ်တဲ့ ခွေးသွားစိတ် ဖြစ်ပါစေ၊ တော်လှန်ရေး ယန္တယားကြီး လည်ပတ်နိုင် စေဖို့ မရှိမဖြစ် အရေးပါတယ်။” (Reminiscences of Lenin, p.76)

လီနင်ရဲ့ ဒီစာအုပ်ဟာ ရပ်ရှားတော်လှန်ရေး လှုပ်ရှားမှုရဲ့ အစောပိုင်းကာလမှာ အင်မတန် အကျိုးပြုခဲ့တယ်။ အဲဒီကာလမှာ လီနင်ရေးခဲ့တဲ့ တခြားဆောင်းပါးတွေ အထူးသဖြင့် “ဘယ်ကစကြမလဲ” ဆောင်းပါးနဲ့ ချိတ်ဆက် ဖတ်သင့်တယ်။ “ဘယ်ကစကြမလဲ” ဆောင်းပါးကို အခြေခံပြီး “ငါတို့ဘာလုပ်ကြမလဲ” စာအုပ်ကို တိုးချဲ့ပြုစုခဲ့ ခြင်းဖြစ်တယ်။

“ဘယ်ကစကြမလဲ” ဆောင်းပါးမှာ အခုလို စဖွင့်ထားတယ်၊ “ဒီဘက်နှစ်တွေအတွင်း ‘ငါတို့ဘာလုပ်ကြမလဲ’ ပြသနာဟာ ရပ်ရှား ဆိုရှယ်ဒီမိုကရေစီ ရင်ဆိုင်နေရတဲ့ အင်မတန် အရေးကြီး ကိစ္စဖြစ်တယ်။ (ပြီးခဲ့တဲ့ ၁၈၈၀ နဲ့ ၁၈၉၀ အစောပိုင်း နှစ်တွေတုန်းကလို) ငါတို့ ဘယ်လမ်းကို လျှောက်ကြမလဲ ပြသနာ မဟုတ်တော့ဘူး၊ ရွေးပြီး သား လမ်းကြောင်းပေါ်မှာ လက်တွေ့ ဘာစလုပ်ကြမလဲ ပြသနာဖြစ်တယ်၊ ဒီခြေလှမ်းတွေကို လက်တွေ့ ဘယ်လို လှမ်းကြမလဲ ဆိုတဲ့ ကိစ္စဖြစ်တယ်။ လက်တွေ့ လုပ်ငန်း ဖော်ဆောင်ရေး စီမံကိန်းနဲ့ စနစ် ပြသနာ ဖြစ်တယ်။” (LCW, vol.5, p.17) ဒီနောက် လီနင်ရေးခဲ့တဲ့ “ငါတို့ဘာလုပ်ကြမလဲ” စာအုပ်ဟာ ဒီအခြေခံ အယူအ ဆတွေကို ထပ်မံတိုးချဲ့ထားခြင်း သာဖြစ်တယ်။

သဘောတရားရေး ရှင်းလင်းပြတ်သားမှု

သဘောတရားရေး ရှင်းလင်ပြတ်သားမှုရှိဖို့ မာ့(က်စ်)၀ါဒနဲ့ လူတန်းစားတိုက်ပွဲကို ပစ်ပယ်ပြီး တဦးချင်း အကြမ်း ဖက် လုပ်ကြံရေးဝါဒကို စန်းတင် ဖော်ထုတ်လာတဲ့ ပေါ်ပြူလစ်ဝါဒကြား တိုက်ပွဲဆင်ခဲ့ရတယ်၊ ဒီနောက် မာ့က်စ် ၀ါဒရဲ့ တော်လှန်ရေးအနှစ်သာရကို ပစ်ပယ်ထားတဲ့ “ဥပဒေဘောင်ထဲက မာ့က်စ်ဝါဒ” ထောက်ခံသူတွေနဲ့ သ ဘောတရားရေး တိုက်ပွဲ ဆင်နွှဲခဲ့ရတယ်။

လီနင်ရဲ့ ဒီစာအုပ်ထဲမှာတော့ အဲဒီကာလမှာ ခေတ်စားနေတဲ့ “စီးပွားရေးဝါဒီတွေ” ရဲ့ အချောင်သမားဝါဒကို သဘောတရားရေး တိုက်ပွဲဆင်ထားတယ်။ ဒီသဘောတရားရေး တိုက်ပွဲတွေကနေပဲ ရပ်ရှား မာ့က်စ်ဝါဒ ပုံပေါ် လာခြင်း ဖြစ်တယ်။

တော်လှန်ရေးပါတီတခုရဲ့ ဖွံ့ဖြိုးမှုဖြစ်စဉ်ဟာ အင်မတန် ရှုပ်ထွေးတယ်၊ အတက်အကျ အနိမ့်အမြင့် အဆင့် အမျိုးမျိုးကို ဖြတ်သန်းသွားပြီး နှစ်တွေအတော်ကြာ (ဆယ်စုနှစ်နဲ့ချီပြီးကို ကြာနိုင်) မှ ပုံပေါ်လာတယ် ဆိုတဲ့ အချက်ကို လီနင်ရဲ့ အရေးအသားတွေကနေ ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။ တော်လှန်ရေးပါတီတခု မွေးဖွား ရခြင်းဟာ အင်မတန် နာကျင်ပင်ပန်းနိုင်တယ်၊ မွေးဖွားပြီးနောက်လည်း အခိုင်အမာ ပုံပေါ်လာအောင် တောက် လျှောက် လုံးပန်းရတယ်၊ ပါတီတွင်း အုပ်စု အားပြိုင်မှုတွေ ရှိလာမယ်၊ လူထုကြား အင်နဲ့အားနဲ့ ထွက်ပေါ်မလာ ခင် ပါတီတွင်းက အုပ်စုတွေကြား ကွဲကြပြဲကြတာတွေလည်း ရှိနိုင်တယ်။

လီနင်စာအုပ်ဟာ ဒီကနေ့ခေတ်မှာ လေးလေးနက်နက် လေ့လာဖို့ အရေးကြီးလာတယ်၊ ရပ်ရှားတော်လှန်ရေး နှစ်တရာပြည့်လာတဲ့ အခုကာလမှာ လီနင်နဲ့ လီနင်ဝါဒကို တိုက်ခိုက်မှုတွေ တရစပ် ရှိနေသလို၊ ဂိုဏ်းအုပ်စုအ သီးသီးရဲ့ နိုင်ငံရေး အခြေမခိုင်မှုလည်း ရှိနေလို့ပဲ။ ဒီဂိုဏ်းဂနသမားတွေဟာ လက်ဝဲစွန်း အလုပ်တွေ တစောက် ကန်း ထလုပ်ပြီး မရှူနိုင် မကယ်နိုင်ဖြစ်လာတော့ မျှော်လင့်ချက်အားလုံး ကျောခိုင်းပြီး အချောင်သမားဘဝ ရောက်ကုန်တယ်။

ဒါဟာ “လီနင်ဝါဒီ” အဖွဲ့အစည်း ဆိုတဲ့ Socialist Workers Party လိုက်သွားတဲ့ လမ်းကြောင်းပဲ။ ဒီပါတီဟာ အဖွဲ့ အစည်းတွေ အများကြီး (the Anti-Nazi League, Respect, Stop the War Coalition and Stand Up to Racism) ကို တပ်ပေါင်းစုတခုအဖြစ် နှစ်ပေါင်းအတော်ကြာ တည်ဆောက်ထားခဲ့တယ်။ ဒီတပ်ပေါင်းစုမှာ ဆိုရှယ်လစ် လုပ်ငန်းစဉ် တခုတလေတောင် မပါဘူး။ ဆိုရှယ်လစ် လုပ်ငန်းစဉ်ကို ချခဲ့ရင် လစ်ဘရယ် မိတ်ဆွေတွေနဲ့ ကင်း ကွာသွားမှာ ကြောက်လို့ပဲ။ SWP ရဲ့ “နယ်ချဲ့ ဆန့်ကျင်ရေး” အမည်ခံ အချောင်သမားဝါဒဟာ သူတို့ကို အစိတ် အပိုင်းအားလုံးနဲ့ တအိပ်ယာတည်း ပေါင်းဖက်စေခဲ့တယ်၊ မွတ်စလင်ညီအကို ဂိုဏ်းလို ဖောက်ပြန်ရေး အစိတ် အပိုင်းတွေနဲ့ပါ လက်တွဲလာတဲ့အထိ။

ဒီအဖွဲ့တွေဟာ အလုပ်သမား လူတန်းစားနဲ့ နီးစပ်လာတာနဲ့ သူတို့ရဲ့ ၀ါဒဖြန့်မှုကို အလုပ်သမား လှုပ်ရှားမှု အတွင်းက ပြုပြင်ရေးလိုင်းနဲ့ ညှိယူလိုက်ကြတယ်။ တချိန်တည်းမှာပဲ မျက်ကန်း “ထလုပ်ခြင်း” ကို ကိုးဆယ် ခြောက်ပါး အကုန်ပျောက်စေ ဆေးတခွက်လို ဖော်စပ်လာကြတယ်။ ပြုပြင်ရေးလိုင်းဘက်ရောက်သွားတဲ့ သူတို့ ရဲ့ “လူထု” သတင်းစာတွေကနေ နိုင်ငံရေး လေပစ်တာပဲ သူတို့ လုပ်ကြတယ်။ အစိုးရက လူထုအသုံးစရိတ် တွေ ဖြတ်တောက်နေတဲ့ ခေတ်မှာ၊ ဆိုရှယ်လစ်ပါတီက မဖြတ်တောက်ရေး မပြောပေမယ့်၊ ဒေသန္တရ အာဏာ ပိုင်တွေ ဘတ်ဂျက်ကို ဘယ်လိုခွဲတမ်းချ သုံးသင့်ကြောင်း အကြံသွားပေးကြတယ်၊ အရင်းရှင်စနစ်အတွင်း အဖြေရှိသလိုလို။ ဒီလိုနည်းနဲ့ သူတို့ဟာ လီနင်တို့ခေတ်က “စီးပွားရေးဝါဒီတွေ” ရဲ့ ဒီကနေ့ ပုံရိပ်ဖြစ်လာတယ်။ “အလုပ်သမား လူတန်းစား လှုပ်ရှားမှုနဲ့ လူတန်းစားတိုက်ပွဲကို ကျဉ်းမြောင်းလှတဲ့ အလုပ်သမား သမဂ္ဂ လုပ်ငန်း သက်သက် အဖြစ် လျှော့ချလိုက်တယ်၊ လီနင်စကားနဲ့ ပြောရရင် ‘လက်တွေ့ကျတဲ့’ နည်းနည်းချင်း ဖြည်းဖြည်း ချင်း ပြုပြင်ယူရေး တိုက်ပွဲအဆင့်ထိ တမင် လျှော့ချပစ်နေတယ်”။

ရပ်ရှား “စီးပွားရေးဝါဒီတွေ” အဖို့ အလုပ်သမားတွေဟာ စီးပွားရေး ကိစ္စတွေ တနည်းဆိုရင် စားစရာ “ပေါင်မုန့် နဲ့ ထောပတ်” ရရှိရေးလောက်ပဲ စိတ်ဝင်စားကြတယ်။ ဒီချဉ်းကပ်နည်းကို “workerism” လို့ အကျဉ်းချုပ် ဖော်ပြ နိုင်တယ်၊ လူထုကြားရောက်ဖို့ “ဖြတ်လမ်းနည်း” အနေနဲ့ နိုင်ငံရေးအဆင့်ကို လျှော့ချဖို့ ု တကယ်တော့ ဒါဟာ ပစ္စည်းမဲ့လူတန်းစားရဲ့ လမ်းကြောင်းမဟုတ်ဘူး၊ အလုပ်သမားထုကို စည်းရုံးနိုင်ဖို့ သူတို့ အကြိုက်လိုက်လုပ်ရ မယ်လို့ စိတ်ကူးယဉ်ကြတဲ့ ပညာတတ် အပေါ်စီးက အမြင်သာ ဖြစ်တယ်။ ဒါပေမယ့်လည်း လူထုရဲ့ ချစ်ခင်လို လားမှုရဖို့ ကြိုးပမ်းတဲ့ ဒီဖြတ်လမ်းနည်းတွေဟာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။

လီနင်က ဒီစာအုပ်ကို ၁၉၀၁ ခုနှစ် နှောင်းပိုင်းနဲ့ ၁၉၀၂ အစောပိုင်းကာလမှာ ရေးခဲ့တယ်၊ တော်လှန်ရေး အဖွဲ့ အစည်း ထူထောင်ရေးဆိုင်ရာ “အရေးတကြီး ပြသနာတွေ” ကို ဖြေရှင်းဖို့နဲ့ ပါတီအတွင်းက လက်ယာဂိုဏ်းကို ဝေဖန်တိုက်ခိုက်ဖို့ ရေးခဲ့ခြင်း ဖြစ်တယ်။ ဒီကာလမှာ၊ ရပ်ရှား မာ့က်စ်ဝါဒီတွေက မီးပွား Iskra သတင်းစာကို အခြေပြု စုရုံးလာကြတယ်။ ခိုင်မာတဲ့ သဘောတရား အုတ်မြစ်ကို အခြေခံပြီး ပါတီတည်ဆောက်ရေး မီးပွား သတင်းစာကနေ တိုက်ပွဲဆင်ခဲ့ရတယ်။

လီနင်ရဲ့ ဒီကျမ်းက သဘောတရားရေးအရ အရေးကြီးတဲ့ အကျိုးပြုမှု ရှိခဲ့တယ်၊ ပစ္စည်းမဲ့လူတန်းစား တော်လှန် ရေးမှာ တော်လှန်ရေး ပါတီက စည်းရုံးသူဖြစ်သလို ဦးဆောင်လမ်းပြသူလည်း ဖြစ်တယ်ဆိုတဲ့ အရေးကြီး အခန်း ကဏ္ဍကို ရှင်းပြခဲ့တယ်။ တကယ်တော့ လီနင်ရဲ့ တသက်တာ လုပ်ငန်းကို လေ့လာလိုက်မယ်ဆိုရင် တော်လှန် ရေးပါတီရဲ့ မရှိမဖြစ် အခန်းကဏ္ဍကို တခြားသူအားလုံးထက် ပိုပြီး နားလည်ခဲ့တယ်ဆိုတာ တွေ့ရလိမ့်မယ်။

လီနင်အဖို့ ဗဟိုဦးစီး ပါတီဟာ လူထုကို တော်လှန်ရေး အောင်ပွဲဆီ ဦးဆောင်သွားနိုင်ဖို့ မရှိမဖြစ် လိုအပ်တယ်။ ဒီလို တော်လှန်ရေး ပါတီတခုကို နေ့ချင်းညချင်း ဖုတ်ပူမီးတိုက် ထတည်ဆောက်လို့ မရနိုင်ဘူးဆိုတာကို လီနင် ကောင်းကောင်း နားလည်ခဲ့တယ်၊ “လူထု အုံကြွမှု ပေါက်ကွဲထွက်ပြီဆိုမှ အဖွဲ့အစည်းတခု တည်ဆောက်မယ် ဆိုရင် အရမ်းနောက်ကျသွားပြီ”။ ဒီလို လူထုအုံကြွမှုတွေ မဖြစ်ခင်ကတည်းက သိစိတ်ရှိရှိ ကြိုတင်တည် ဆောက်ထားဖို့ လိုအပ်တယ်။ ဒီလို တည်ဆောက်နိုင်ဖို့ “ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမား” ကေဒါတွေ စုဆောင်းခြင်းနဲ့ အစပြုရမယ်။

ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားများ

တော်လှန်ရေးပါတီတခုရဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်ဖို့ မနူးမနပ်လေးတွေနဲ့ လျော့ တိလျော့ရဲ ဖွဲ့စည်းထားလို့ မဖြစ်နိုင်ဘူး၊ “ဒီမိုကရေစီနည်းကျ ဗဟိုဦးစီးချုပ်ကိုင်မှု(DC)” လို့ ခေါ်တဲ့ ဗဟိုဦးစီး ပါတီတခုရဲ့ မူတွေအပေါ် အခြေခံထားဖို့ လိုအပ်တယ်။

DC မူအရ ပါတီဝင်တွေကြား ဒီမိုကရေစီနည်းကျ အကျေအလည် ဆွေးနွေးကြတယ်။ ကွန်းဂရက်(စ်) က အမြင့် ဆုံးအဆင့် ဖြစ်တယ်။ ဒီလို ဒီမိုကရေစီနည်းကျ အကျေအလည်ဆွေးနွေးပြီးရင် ပါတီရဲ့ ပေါ်လစီနဲ့ ဦးစားပေး လုပ်ငန်းတွေကို အများစု သဘောတူညီမှုနဲ့ ဆုံးဖြတ်ကြတယ်။ ဒီလို ဆုံးဖြတ်ပြီးသွားရင် ဒါဟာ ပါတီတခုလုံးရဲ့ တရားဝင် ပေါ်လစီဖြစ်သွားတယ်။ လီနင်ရဲ့ ဒီအယူအဆက အသစ်အဆန်းတော့ မဟုတ်ဘူး၊ သူလေးစားခဲ့တဲ့ ဂျာမန် ဆိုရှယ်-ဒီမိုကရေစီ ပါတီကို နမူနာယူထားခြင်း ဖြစ်တယ်။

DC သဘောတရားကို သူဖော်ထုတ်ခဲ့တာ မဟုတ်ကြောင်း ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ (RSDLP) ဒုတိယ ကွန်းဂရက်(စ်)မှာ လီနင်က ဖိဖိစီးစီး ပြောသွားခဲ့တယ်၊ “ငါတို့ဘာလုပ်ကြမလဲ စာအုပ်ထဲ တင်ပြထားသလို ငါ့ကိုယ်ပိုင် အယူအဆ ဖော်ထုတ်ချက်တွေကို ထူးထူးခြားခြား အခြေခံမူတွေ ထည့်သွင်းထား တဲ့ ပါတီလုပ်ငန်းစဉ်အဆင့်ထိ မြှင့်တင်ဖို့ လုံးဝမရည်ရွယ်ဘူး” လို့ လီနင်က ဒုတိယ ကွန်းဂရက်(စ်)မှာ ပြောခဲ့ တယ်။ (LCW, vol.13, p.107)

ဒီကနေ့ခေတ်မှာ ပြုပြင်ရေးဝါဒီတွေနဲ့ မာ့က်စ်ဝါဒကို ကျောခိုင်းသွားသူတွေက လီနင် သဘောထားရဲ့ အနှစ်သာ ရကို ငြင်းဆိုလာကြတယ်၊ ဒါဟာ အဲဒီခေတ် ဇာဘုရင်အောက်က ရပ်ရှားအခြေအနေမှာပဲ အသုံးဝင်တယ်လို့ ဆိုလာကြတယ်။ ဘော်ရှီဗစ်ပါတီ တည်ဆောက်ဖို့ လီနင် တိုက်ပွဲဝင်ခဲ့ခြင်းဟာ ရပ်ရှားပြည်ရဲ့ ခြွင်းချက်အခြေ အနေကြောင့် လို့ဆိုရင် လုံးဝမှားတယ်။

ဇာဘုရင်အောက်က ရပ်ရှားရဲ့ အခြေအနေတွေဟာ အင်မတန် ခက်ခဲကြမ်းတမ်းတယ်၊ မြေအောက် လုပ်နည်း လုပ်ဟန်တွေ လိုအပ်တယ်ဆိုတာ အမှန်ပဲ။ ဥပမာ၊ ပါတီ ကွန်းဂရက်(စ်)တွေကို ရပ်ရှားပြည်တွင်းမှာ မလုပ်နိုင် ခဲ့ဘူး၊ ဖမ်းစီး နှိပ်ကွပ်တာတွေ ရှိခဲ့လို့ပဲ။ ၁၈၉၈ က RSDLP စတင်ထူထောင်ခြင်း ကွန်းဂရက်(စ်) အပြီးမှာ ခေါင်း ဆောင်တွေကို ဇာဘုရင်က ဖမ်းစီးထောင်ချခဲ့တယ်။ ပလက်(ခ်)နော့ရဲ့ အလုပ်သမား လွတ်မြောက်ရေးအစုဟာ

ပြည်ပမှာ ခိုလှုံရင်း လှုပ်ရှားခဲ့ရတယ်။ အလားတူပဲ၊ မီးပွား (Iskra) သတင်းစာကိုလည်း ပြည်ပမှာ ရိုက်နှိပ်ပြီး ရပ်ရှားပြည်တွင်းကို ခိုးသွင်းခဲ့ရတယ်။

ဒါပေမယ့်လည်း လီနင်ရဲ့ ဗဟိုဦးစီးပါတီ တည်ဆောက်ရေး သဘောတရား ပေါ်ပေါက်လာခြင်းဟာ ရပ်ရှားပြည် ရဲ့ထူးခြားချက်တွေကြောင့်ချည်း မဟုတ်ဘူး။ အလုပ်သမား လူတန်းစားကို အာဏာသိမ်းနိုင်တဲ့အထိ ဦးဆောင် နိုင်တဲ့ ပါတီတခု တည်ဆောက်ဖို့ လိုအပ်ချက်အရ ဒီသဘောတရား ပေါ်ထွက်လာခြင်း ဖြစ်တယ်။ သမိုင်းအတွေ့ အကြုံပေါ် အခြေခံပြီး ဒီလိုတပ်ဦးပါတီတခုရဲ့ အရေးပါမှုကို နားလည်လာခြင်းဖြစ်တယ်။ သမိုင်းမှာ အုပ်စိုးသူ လူတန်းစားဟာ တိုက်ပွဲမဆင်ရဘဲ သူတို့ရဲ့ အခွင့်ထူးတွေနဲ့ အာဏာကို စွန့်ရိုးထုံးစံ မရှိခဲ့ဘူး၊ အုပ်စိုးခံတွေရဲ့ ပုန်ကန်တိုက်ပွဲဝင်မှုသာ မရှိရင်၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အဆုံးမရှိတော့။ တော်လှန်ပုန်ကန်သော လူတန်းစားမှာ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ ပြင်ဆင်ထားတဲ့ ခေါင်းဆောင် ပါတီတခု လိုအပ်ကြောင်း သမိုင်းက သက်သေပြနေတယ်။ လူထုရဲ့ ဂုဏ်ရောင်ပြောင်သော စွန့်လွှတ်စွန့်စားမှု ရှိပေမယ့်လည်း တပ်ဦးပါတီသာ မရှိ ခဲ့ရင် တော်လှန်ရေး မအောင်မြင်ဘူးလို့ သမိုင်းအတွေ့အကြုံက သင်ကြားပြခဲ့တယ်။

ဘော်ရှီဗစ်ပါတီရဲ့ အရေးပါမှုကို အောက်တိုဘာ တော်လှန်ရေး အောင်ပွဲခံနိုင်ခြင်းက သက်သေထူနေတယ်။ ဒါနဲ့ပြောင်းပြန်၊ လွန်ခဲ့တဲ့ နှစ်တရာအတွင်း အလုပ်သမား လူတန်းစား အလဲလဲ အကွဲကွဲ ကျရှုံးခဲ့ရခြင်းဟာ ဘော်ရှီဗစ်ပါတီမျိုး မတည်ဆောက်နိုင်ခဲ့လို့ ဖြစ်တယ်။ အလုပ်သမား လူတန်းစားနဲ့ ဆိုရှယ်လစ်စနစ် အောင်ပွဲ ကြားက အဓိက အဟန့်အတားဟာ မဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်မှု ပြသနာပဲ။ ပါတီတည်ဆောက်ရေး ပြသနာ ဆိုတာ ဒါကို ရည်ညွှန်းခြင်းဖြစ်တယ်။ အလုပ်သမား လူတန်းစားက တော်လှန်ရေး ဖြစ်စဉ်ကို သိရှိနားလည်ပြီး ဦးဆောင်နိုင်တဲ့ တပ်ဦးပြသနာကို မဖြေရှင်းနိုင်သရွေ့ အလုပ်သမား လူတန်းစားလက်ထဲ အာဏာသိမ်းယူရေး ဟာ အလှမ်းဝေးနေဦးမယ်။

အတိတ်က တော်လှန်ရေးတွေ ကျရှုံးခဲ့တာ၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တာရှည် ဖြစ်ပေါ်တိုးတက်မှုတွေ (ဒုတိယကမ္ဘာစစ်အပြီး အရင်းရှင်စနစ် တကျော့ပြန် အားကောင်းလာခြင်းကို ရည်ညွှန်း) ရှိလာတာကြောင့် တော်တော်များများက ဒီလိုတပ်ဦးပါတီ တည်ဆောက်ရေး မျှော်လင့်ချက်အားလုံးကို စွန့်ပယ်သွားကြတယ်။ ဒီလို တပ်ဦးပါတီ တည်ဆောက်ရေးကို ယုံမှားသံသယဝင်လာကြတယ်၊ ခြေကုန်လက်ပန်းကျ ဖြစ်ကုန်တယ်။

ကေဒါအဖွဲ့အစည်းကို ပထမဆုံး တည်ဆောက်ရမယ်၊ ဒီနောက် ပါတီတည်ဆောက်ရမယ်။ ဒီလို တည်ဆောက် ရမယ့်အစား၊ “လက်တွေ့လှုပ်ရှားမှု တည်ဆောက်ခြင်း” နဲ့ “လက်ဝဲလှိုင်း တည်ဆောက်ခြင်း” ကို ထွက်ရပ်လမ်း ပမာ ပြောလာကြတယ်။ “လက်တွေ့လှုပ်ရှားမှုကို လုပ်ယူလို့မရဘူး” ဆိုတဲ့အချက်ကို သူတို့နားမလည်ကြဘူး။ အလုပ်သမား လူတန်းစား လှုပ်ရှားမှုဆိုတာ ကြီးမားတဲ့ ဖြစ်ရပ်တွေနဲ့ ဖြစ်တည်လာခြင်း ဖြစ်တယ်။ ဒါကိုနားမ လည်တော့၊ “လက်ဝဲ” နောက်ခံနဲ့ ပြုပြင်ရေး နွံတောထဲ တဝဲလည်လည် ဖြစ်ကုန်တယ်။ ဒီလိုနဲ့ ဒီကနေ့ အလုပ် သမား လှုပ်ရှားမှုကို တစစီ ပြန့်ကျဲသွားစေတယ်။

လီနင်ရဲ့ စာအုပ်ထဲမှာ ခြုံငုံသုံးသပ်ချက်တွေ အများကြီးပါပေမယ့်၊ ရပ်ရှား လှုပ်ရှားမှုရဲ့ အစောပိုင်း “လေ့လာ ရေးအစု”တွေနဲ့ သက်ဆိုင်သော အခိုင်အမာ ပြသနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး ဒီစာအုပ်ကို ရေးခဲ့ခြင်း ဖြစ်တယ်။ လီနင်ရဲ့ အစောပိုင်းအရေးအသားတွေကို ၁၉၀၇ ခုနှစ်မှာ စုစည်းထုတ်ဝေတော့ လီနင်က အမှာစာ မှာ အဆိုပါအချက်ကို အလေးပေး ပြောခဲ့တယ်။ “ငါတို့ဘာလုပ်ကြမလဲ စာအုပ်ကို ဝေဖန်ကြသူတွေရဲ့ အခြေခံ အမှားက ဒီစာအုပ် ထွက်ပေါ်လာရာ အခိုင်အမာ သမိုင်းရေး အခြေအနေကို ဖယ်ထုတ်ပြီး ပြောကြတာပဲ၊ ဒီအ ခြေအနေတွေဟာ ငါတို့ပါတီဖွံ့ဖြိုးလာရာ အတိတ်မှာ ကျန်ခဲ့ပြီ။ ဒီအမှားကို Parvus က ထင်ထင်ရှားရှား ပြခဲ့ တယ် (တခြား မင်ရှီဗစ် အမြောက်အမြားကိုတော့ နာမည်တပ် မပြောတော့ပါဘူး)။ ဒီစာအုပ်ထွက်ပြီး နှစ်တွေ အများကြီးကြာမှ ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေနဲ့ စုဖွဲ့ထားတဲ့ ပါတီတည်ဆောက်ရေး အကြောင်း အရာအပေါ် လွန်လွန်ကျူးကျူး (ဒါမှမဟုတ်) မမှန်မကန် ပြောခဲ့ဖူးတဲ့ အယူအဆတွေကို ဝေဖန်ရေးသားနေကြ တယ်။

မီးပွားသတင်းစာက (၁၉၀၁ နဲ့ ၁၉၀၂ ခုနှစ်ထဲမှာ) ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေနဲ့ စုဖွဲ့ထားခြင်း အယူအဆကို လွန်လွန်ကျူးကျူး ဖိပြောခဲ့တယ်လို့ ဒီကနေ့အချိန်မှာ လာပြောခြင်းဟာ ရပ်ရှား-ဂျပန် စစ်ပွဲပြီး သွားမှ ဂျပန်တွေကို ပြစ်တင်ဝေဖန်နေတာနဲ့ အတူတူပဲ၊ ဂျပန်တွေဟာ ရပ်ရှားရဲ့ စစ်အင်အားကို ပိုပိုသာသာ ထည့်တွက်ခဲ့ကြလို့၊ ဒီလို ပိုတွက်ထားမိတဲ့ စစ်အင်အားကို အနိုင်တိုက်နိုင်အောင် ပြင်ဆင်ဖို့ လိုအပ်ကြောင်း လွန်လွန်ကျူးကျူး ဖိပြောခဲ့လို့ စစ်ပွဲပြီးသွားမှ ဂျပန်တွေကို ဝေဖန်ပြစ်တင်နေကြသလို ဖြစ်မယ်။ အောင်ပွဲဆင် နိုင်ဖို့ဆိုရင် ဂျပန်တွေဟာ သူ့ရန်သူ ရပ်ရှားရဲ့ ဖြစ်နိုင်သမျှ အများဆုံး စစ်အင်အားကို ရင်ဆိုင်နိုင်မယ့် အင်အား အကုန်ထုတ်သုံးဖို့ လိုတယ်။ အခုချိန်မှာ ငါတို့ပါတီကို ဝေဖန်ပြစ်တင်နေကြသူ တော်တော်များများက အပြင်လူ တွေဖြစ်တယ်။ ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မကွဲသူတွေ၊ ဒီကနေ့အချိန်မှာ ပရော်ဖက်ရှင်နယ် တော်လှန် ရေးသမားတွေနဲ့ စုဖွဲ့ထားခြင်း အယူအဆ လုံးဝအောင်ပွဲခံနိုင်ခဲ့ပြီ ဆိုတာကို နားမလည်သူတွေ။ ဒီမတိုင်ခင် အစောပိုင်းကာလမှာသာ ဒီအယူအဆကို လွန်လွန်ကျူးကျူး ဖိမပြောခဲ့ရင် အခုလို အောင်ပွဲရဦးမှာ မဟုတ်ဘူး”

လီနင်က ဆက်ပြောတယ်၊

“မီးပွားသတင်းစာက ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေနဲ့ စုဖွဲ့ထားသော အဖွဲ့အစည်း ထူထောင်နိုင်ဖို့ တိုက်ပွဲဆင်ခဲ့တယ်။ အထူးသဖြင့် ၁၉၀၁ နဲ့ ၁၉၀၂ ခုနှစ်တွေမှာ အပြင်းအထန် တိုက်ပွဲဆင်ခဲ့ရတယ်။ အဲဒီချိန် ရေပန်းစားနေတဲ့ Economism ကို အလဲထိုးခဲ့ရတယ်၊ နောက်ဆုံးမှာတော့ ၁၉၀၃ ခုနှစ်မှာ ဒီလိုအဖွဲ့အစည်းကို ထူထောင်ခဲ့တယ်။ ဒီနောက် မီးပွားသတင်းစာ ထောက်ခံသူတွေကြား အကွဲအပြားတွေ ရှိခဲ့ပေမယ့်၊ မိုးထဲရေထဲ တိုက်ပွဲတွေပြင်းထန်ခဲ့ပေမယ့် အဖွဲ့အစည်းကို ဆက်သယ်နိုင်ခဲ့တယ်။ ရပ်ရှားတော်လှန်ရေး (၁၉၀၅ ပထမ တော်လှန်ရေးကို ရည်ညွှန်း) မုန်တိုင်းကြားကနေ အသက်ဆက်ခဲ့ခြင်း ဖြစ်တယ်။ ၁၉၀၁-၀၂ ကနေ ဒီကနေ့ ၁၉၀၇ အထိ ငါတို့ပါတီကို ဆက်ထိန်းထားခဲ့တယ်။” (LCW vol. 13, pp., 101-103)

ဒီလို ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေရဲ့ အဖွဲ့အစည်းကို ရှင်သန်အောင် ရုန်းကန်တည်ဆောက်ခဲ့လို့ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေး အောင်ပွဲဆင်ခဲ့ခြင်း ဖြစ်တယ်။

၁၉၀၂ ခုနှစ် အစောပိုင်းမှာ ငါတို့ဘာလုပ်ကြမလဲ စာအုပ်ကို လီနင် ထုတ်ဝေလိုက်တဲ့အခါ မီးပွားသတင်းစာ ထောက်ခံသူအားလုံးက ဒီစာအုပ်ပါ ကောက်ချက်တွေကို လှိုက်လှိုက်လှလှဲ လက်ခံခဲ့ကြတယ်။ ပါတီဖွံ့ဖြိုး ရေးအတွက် အရေးပါတဲ့ အကျိုးပြုမှု လုပ်လိုက်တာပဲလို့ သူတို့အားလုံးက သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် ၁၉၀၃ ခုနှစ် နွေရာသီမှာ ကျင်းပခဲ့တဲ့ ဒုတိယကွန်းဂရက်(စ်)မှာ ပြင်းထန်တဲ့ အကွဲအပြဲ ဖြစ်ပွားခဲ့ရာက ဒီစာ အုပ်ကို ထိုးနှက်မှုတွေ တသီကြီး လုပ်လာကြတယ်။ “ဒီအချိန်မှာ ခြားနားချက်တွေ ကွန်းဂရက်(စ်)မှာ ထွက်ပေါ် လာခဲ့တယ်၊ မီးပွားသတင်းစာကို မနှစ်မြို့သူတွေ၊ လီနင်နဲ့ ပလက်(ခ်)နော့ကို မကျေနပ်သူတွေက ဒီမကျေလည် မှုကို အခြေခံမူပြသနာ ကွဲလွဲချက်လို အရှိန်တင်ခဲ့ကြတယ်” လို့ ကရပ်(စ်)ကားယာက ရှင်းပြခဲ့တယ်။ “ဘယ်က စကြမလဲ ဆောင်းပါးနဲ့ ငါတို့ဘာလုပ်ကြမလဲ စာအုပ်ကို အခြေတည်ပြီး လီနင်ကို ထိုးနှက်ကြတယ်၊ တက်လမ်း မျှော်မှန်းသူလို စွပ်စွဲကြတယ်” (Reminiscences of Lenin, International Publishers, New York, pp.95)

ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေရဲ့ အဖွဲ့အစည်းဆိုတဲ့ လီနင်ရဲ့ “အီလစ် အယူအဆများ” ဇာတ်လမ်း က ဒီမှာစတင်ခဲ့တယ်၊ လီနင်ရဲ့ ဒီအယူအဆကနေ ပါတီတွင်း အာဏာရှင်စနစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဒီဇာတ် လမ်းတွေက ဆိုတယ်။ ဘူဇွှာ ပညာရှင်တွေနဲ့ ပြုပြင်ရေးဝါဒီတွေက ဒါတင်အားမရသေးဘဲ လီနင်ရဲ့ အဖွဲ့အစည်း ဆိုင်ရာ နည်းနာတွေကြောင့် စတာလင်ဝါဒ ပေါ်ထွက်လာရတယ်လို့ စွပ်စွဲကြတယ်။ ဒါဟာ လုံးဝ မှားတယ်။ ခေတ်နောက်ကျတဲ့ တိုင်းပြည်တပြည်ထဲမှာပဲ တော်လှန်ရေး ထီးတည်း ဖြစ်နေလို့ စတာလင်ဝါဒ ပေါ်ထွက်လာ ခြင်းဖြစ်တယ်။ အဖွဲ့အစည်း တည်ဆောက်ရေး နည်းနာတွေ စံနှုန်းတွေနဲ့ မဆိုင်ပေ။

Homogeneity

လီနင်ရဲ့ ငါတို့ဘာလုပ်ကြမလဲ ကျမ်းကို လတ်(စ်)ဆဲ(လ်) ကနေ မာ့(က်စ်)ဆီ ၁၈၅၂ခု၊ ဇွန်လ ၂၄ရက်နေ့မှာ ပေးခဲ့တဲ့စာထဲက စာပိုဒ်တပိုဒ်နဲ့ စဖွင့်ခဲ့တယ်။ ဒီစာပိုဒ်နဲ့ စဖွင့်ခဲ့တာ အကြောင်းမဲ့သက်သက် မဟုတ်ဘူး၊ ဒီစာ အုပ်မှာ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေကို ပိုမိုလေးနက်သွားစေတယ်။ “ပါတီတွင်း တိုက်ပွဲဆင်ခြင်း ဟာ ပါတီကို အသက်ဝင်စေတယ်၊ ပိုအားကောင်းစေတယ်၊ ပါတီတခု အားချိနေခြင်းရဲ့ အထင်ရှားဆုံး သက်သေက ရှင်းရှင်းလင်းလင်း စည်းခြားထားရမယ့်အရာတွေ ရောထွေး ဝေ၀ါးနေခြင်းပဲ၊ ပါတီတခုဟာ ဒီလို ရှုပ်ထွေးနေမှုကို ရှင်းထုတ်ခြင်းအားဖြင့် ပိုအားကောင်းလာတယ်”

“ရှင်းထုတ်ခြင်း” နည်းနဲ့ ပါတီ ပိုအားကောင်းလာအောင် လုပ်ဖို့ နှိုးဆော်ခြင်းကို လူ့အန္ဓတွေက မနှစ်မြို့ကြဘူး၊ အထူးသဖြင့် စတာလင်ဝါဒရဲ့ ရက်စက်ကြမ်းကြုတ်မှု အတွေ့အကြုံနဲ့ ချိန်ထိုးလိုက်တော့ ပိုဆိုးတယ်။ “ရှင်း ထုတ်ခြင်း” ဆိုတဲ့ စကားလုံးကနေ ဖြာထွက်လာတဲ့ အနက်က ၁၈၅၂ (သို့) ၁၉၀၂ နဲ့ ဒီကနေ့ခေတ်မှာ လုံးဝ မတူတော့ဘူး။ အုတ်အရောရော ကျောက်အရောရော ဖြစ်နေတဲ့ ပါတီတခုထက် အတွေးတူ အလုပ်တူ လူတွေ တသားတည်း စုစည်းထားတဲ့ ပါတီတခုက အဆမတန် ပိုအားကောင်းတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ အချိန်တခု ကြာလာတဲ့အခါ သူစိမ်းပြင်ပြင် ကင်းကွာနေသော အယူအဆတွေရှိတဲ့သူတွေ ပါတီတွင်း အမှတ် မထင် ရောက်လာနိုင်တယ်၊ ဒီလို အစိတ်အပိုင်းတွေ ရှိလာခြင်းဟာ အပျက်သဘောပဲ ဖြစ်သွားနိုင်တယ်။ ပါတီ ဟာ ဒီလိုလူတွေ ခြေစမ်းကစားစရာ နေရာမဟုတ်ဘူး။ ပြဒါးတလမ်း သံတလမ်း သွားနေကြသူတွေ အတူစု နေမယ့်အစား နိုင်ငံရေးအရ လမ်းခွဲထွက်ကြတာ ပိုကောင်းတယ်။

မာ့(က်စ်)ရှင်းပြခဲ့သလိုပဲ၊ တော်လှန်ရေးပါတီဆိုတာ ရှင်သန်နေသော သက်ရှိတကောင် ဖြစ်တယ်၊ သူ့ဖွံ့ဖြိုးမှု အဆင့်တခုချင်းစီမှာ ဆင့်ကဲ တိုးတက်ဖြစ်ထွန်းသွားတယ်။ တူရာတူရာ အစုအဖွဲ့ အသေးလေးတွေကနေ ပိုကြီး တဲ့ စုဖွဲ့မှုအဖြစ် ကူးပြောင်းလာတဲ့အခါ အရင်ကနဲ့ မတူတော့တဲ့ လုပ်နည်းလုပ်ဟန်တွေ ပြောင်းလဲလာဖို့ လိုအပ် တယ်၊ ဒီလိုပဲ လူထုပါတီတခုအဖြစ် ကူးပြောင်းသွားတဲ့ အဆင့်မှာလည်း အရင်က လုပ်နည်းလုပ်ဟန်တွေကို ပြောင်းလဲကျင့်သုံးလာရတယ်။ အဖွဲ့အစည်းက နောက်တဆင့် ဖွံ့ဖြိုးကြီးထွားသွားတဲ့ အနေအထားမှာ အတိတ် တုန်းက လူတချို့ကို ချန်ထားခဲ့ရတာတွေလည်း ရှိတတ်တယ်။ ဒီလို အဆင့်သစ်ကို ကူးပြောင်းတဲ့ ကာလမှာ ပွတ်တိုက်မှုတွေ ဖြစ်ပွားလာနိုင်တယ်၊ တချို့အဆင့်မှာ အကွဲအပြဲတွေ မလွဲမသွေ ပေါ်ပေါက်လာတယ်။ အကွဲ အပြဲတွေဖြစ်တာ မကောင်းဘူးလို့ မြင်နိုင်တယ်၊ ဒါပေမယ့် တခါတလေမှာ ဒါဟာ ရှောင်လွှဲမရဘူး၊ လိုတောင် လိုအပ်လာတယ်။ လူသားတွေဟာ ဆဲ(လ်)အဟောင်းတွေနေရာမှာ ဆဲ(လ်)အသစ်တွေ ပွားများနိုင်ဖို့ ဆဲ(လ်) အဟောင်းတွေကို ဖယ်ခွာရှင်းပစ်ရတယ်၊ ဒီလိုပဲ ရှင်သန်နေတဲ့ ပါတီတခုအတွင်းမှာလည်း အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားတယ်။

ရပ်ရှားလှုပ်ရှားမှုရဲ့ အစောပိုင်းနှစ်တွေမှာ မာ့(က်စ်)၀ါဒီ လူနည်းစု အစုအဖွဲ့လေးတွေပဲ အဓိက ဖြစ်ထွန်းခဲ့တယ် လို့ လီနင်က ရှင်းပြတယ်။ ဒီအစုအဖွဲ့လေးတွေဟာ တိုးတက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်။ ဒါပေမယ့် ပါတီဖွံ့ဖြိုးမှု နောက်တဆင့်ကို လှမ်းရာမှာ ဒီလို အစုအဖွဲ့လေးတွေက မလွဲသာမရှောင်သာ အဟန့်အတား ဖြစ်လာတယ်။ “ဥပဒေဘောင်ထဲကနေ လုပ်ကိုင်လို့ရနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာနဲ့ ၁၉၀၅ခု နိုဝင်ဘာလထဲမှာ Novaya Zhizn သတင်းစာကနေ ဘော်ရှီဗစ်တွေက ဒီမိုကရေစီနည်းကျ စုစည်းထားတဲ့ အလုပ်သမား ပါတီတခုအဖြစ် ကူးပြောင်းခြင်းလို့ ကြေညာခဲ့တယ်၊ ဒီလို ကူးပြောင်းသွားတဲ့အခါ အရင်က အစုအဖွဲ့လေးတွေမှာ ကျင့်သုံးလာတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ အပြီးတိုင် လမ်းခွဲထွက်ရတော့တယ်။ ဒီလုပ် နည်းလုပ်ဟန် အဟောင်းတွေရဲ့ နေ့တွေ ကုန်ဆုံးသွားခဲ့ပြီ” လို့ လီနင်က ရှင်းပြခဲ့တယ်။ (LCW, vol.13, p.105)

ဘော်ရှီဗစ် သမိုင်းတလျှောက်မှာ တွေ့ရသလိုပဲ၊ မဟာဗျူဟာ နည်းဗျူဟာတွေနဲ့ ပတ်သက်လို့ ပါတီတွင်း ငြင်းခုန်မှုတွေ၊ နိုင်ငံရေး မတူညီမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့တယ်။ လီနင်ရဲ့ ဘော်ရှီဗစ်ပါတီကို အလဲအကွဲ ထိုးကြိတ်ကြတဲ့ ကျောင်းတော်လို့ ခေါ်တတ်ကြတယ်။ ပါတီတွင်းမှာ ဆွေးနွေးငြင်းခုန်မှုတွေ အပြင်း အထန်ချကြတယ်။ ဒီအချက်ကို ၁၉၀၇ ခုနှစ် အမှာစာထဲ လီနင် ထည့်ရေးခဲ့တယ် “ဒီကျမ်းထဲမှာ စုစည်းထုတ် ဝေလိုက်တဲ့ ငါတို့ဘာလုပ်ကြမလဲ စာအုပ်နဲ့ ရှေ့သို့ခြေတလှမ်း၊ နောက်ကို ခြေနှစ်လှမ်း စာအုပ်တွေထဲမှာ ပြည်ပရောက် အစုတွေကြား အင်မတန် ပြင်းထန်တဲ့ တခါတရံ အဖျက်သဘောဆောင်တဲ့ အငြင်းပွားမှုတွေကို စာဖတ်သူတွေ တွေ့ရလိမ့်မယ်။ သေချာတယ်၊ ဒီတိုက်ပွဲမှာ ဆွဲဆောင်မှုမရှိတဲ့ အချက်တွေအများကြီး ရှိနေမယ်” ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလို ပါတီတွင်း တိုက်ပွဲတွေကနေ နိုင်ငံရေးအရ ရှင်းလင်းပြတ်သားမှု ထွက်ပေါ်လာခဲ့တယ်၊ ဒါ့ကြောင့် ပိုပြီး ကျစ်လစ်တဲ့၊ ယုံကြည်မှုခိုင်မာတဲ့ ပါတီဖြစ်ခဲ့တယ်။

လီနင်ဟာ ဘဝတလျှောက်လုံး မာ့(က်စ်)၀ါဒနဲ့ တော်လှန်ရေး မူတွေကို အခိုင်အမာ ခုခံကာကွယ်သွားတယ်။ ငါတို့ဘာလုပ်ကြမလဲ ကျမ်းကို ထုတ်ဝေလိုက်တဲ့အခါ ရပ်ရှား စီးပွားရေးဝါဒီတွေကို တိုက်ပွဲဆင်ခြင်း ဆုံးခန်း တိုင်သွားတယ်။ ဒီစာအုပ်အမှာစာမှာ၊ ဒီစီးပွားရေးဝါဒီတွေရဲ့ ခေတ်ကို ငါတို့ အပြီးတိုင် အဆုံးမသတ်မချင်း ရပ်ရှားမှာ သူတို့ ဘာတိုးတက်မှုမှ ဖြစ်စေမှာ မဟုတ်ဘူးလို့ လီနင်ရေးခဲ့တယ်။ ဒီအချောင်သမား လမ်းကြောင်း နဲ့ အပြီးတိုင် စာရင်းရှင်းဖို့ ဒီစာအုပ်ကို အသုံးပြုခဲ့တယ်။

မာ့(က်စ်)၀ါဒ ဆန့်ကျင်ရေးတိုက်ပွဲကို တက္ကသိုလ်တွေမှာ ဘူဇွှာပညာတတ်တွေက မွေးဖွားပေးခဲ့တယ်၊ ဒီနောက် လေဘာလှုပ်ရှားမှုအတွင်းက ပြုပြင်ရေးဝါဒီတွေနဲ့ အချောင်သမားတွေဆီ အရံသင့် လက်လွှဲပေးလိုက်တယ် လို့ လီနင်က ရှင်းပြခဲ့တယ်။ ဒီကနေ့အထိ မှန်နေဆဲ။

ဒီကနေ့ခေတ်အထိ တက္ကသိုလ်တွေမှာ အဆိုးရွားဆုံး သဘောတရားရေး အမှိုက်ထုတ်ကြီးကို ထုတ်လုပ်နေကြ တုန်း။ ဒါ့ကြောင့် တော်လှန်ရေးပါတီက ကေဒါတွေဟာ နိုင်ငံရေးရန်သူတွေရဲ့ ငြင်းချက်တွေကို ခုခံရှင်းထုတ်နိုင် ဖို့ သဘောတရားရေး လက်နက်တပ်ဆင်ထားဖို့ လိုအပ်တယ်။ ငါတို့ဘာလုပ်ကြမလဲ စာအုပ်ရဲ့ ပထမပိုင်းတခု လုံးကို စီးပွားရေးဝါဒ လမ်းကြောင်းဟာ နိုင်ငံတကာ လှုပ်ရှားမှုအတွင်းက အချောင်သမား လမ်းကြောင်းတခု ဖြစ်ကြောင်း ရှင်းပြဖို့ လီနင် ရေးသားခဲ့တယ်။ ဒီစီးပွားရေးဝါဒကို ဂျာမနီက အက်ဝါ့(ဒ်) ဘန်းစတိန်း နဲ့ ပြင်သစ် က မစ်လာရန်(ဒ်) တို့ ဦးဆောင်တဲ့ ပြန်လည်ပြင်ဆင်ရေးဝါဒလိုပဲ ဆိုးရွားတယ်လို့ သဘောထားခဲ့တယ်။ ရပ်ရှား က စီးပွားရေးဝါဒ ဆန့်ကျင်ရေးတိုက်ပွဲဟာ နိုင်ငံတကာ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းအဖြစ် လီနင် ရှုမြင်ခဲ့တယ်။

လွတ်လပ်စွာဝေဖန်ခွင့်

စီးပွားရေးဝါဒီတွေ ဇန်းတင်ပြောလာတဲ့ “လွတ်လပ်စွာ ဝေဖန်ခွင့်” ဆိုတဲ့ အယူအဆကိုလည်း လီနင်က ဝေဖန် တိုက်ခိုက်ခဲ့တယ်၊ ဒီအယူအဆဟာ “ဆိုရှယ်-ဒီမိုကရေစီကို အလုပ်သမား သမဂ္ဂလုပ်ငန်း သီးသန့် အဆင့်ထိ” တွန်းပို့ဖို့ ပိုင်းဖြတ်ထားသူတွေ ဖက်ရှင်တခုလို သုံးလာတဲ့ ကြွေးကြော်သံဖြစ်ခဲ့တယ်။ ဒီ“လွတ်လပ်စွာဝေဖန်ခွင့်” ဆိုတာ သူစိမ်းပြင်ပြင် ကင်းကွာနေတဲ့ အယူအဆတွေကို တော်လှန်ရေးပါတီအတွင်း “လွတ်လွတ်လပ်လပ်” ဆွဲသွင်းရေးလို့ လီနင် မြင်ခဲ့တယ်။

“လူတွေကို သူတို့ဝတ်ထားတဲ့ တောက်တောက်ပြောင်ပြောင် ယူနီဖောင်းတွေ (ဒါမှမဟုတ်) အဆောင်အယောင် ဘွဲ့တံဆိပ်တွေနဲ့ အကဲမဖြတ်ဘဲ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့တကယ် ထောက်ခံလှုပ်ရှားနေတဲ့ အရာ တွေနဲ့သာ အကဲဖြတ်မယ်ဆိုရင် “လွတ်လပ်စွာ ဝေဖန်ခွင့်” ဆိုတာ ဆိုရှယ်ဒီမိုကရေစီအတွင်းက အချောင်သ မား လမ်းကြောင်းရဲ့ လွတ်လပ်ခွင့်ကို ဆိုလိုတယ်၊ ဆိုရှယ်-ဒီမိုကရေစီကို ဘူဇွှာပြုပြင်ရေး ပါတီတခုအဖြစ် လွတ်လပ်စွာ ကူးပြောင်းခွင့်ကို ဆိုလိုတယ်၊ ဆိုရှယ်လစ်ဝါဒအတွင်း ဘူဇွှာအယူအဆတွေနဲ့ ဘူဇွှာအစိတ်အပိုင်း တွေကို လွတ်လပ်စွာ ထည့်သွင်းခွင့်ကို ဆိုလိုတယ် ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရလိမ့်မယ်။ အခုချိန်မှာ သူတို့က ဟစ်ကြွေးလာကြတယ်၊ “လွတ်လပ်စွာ ဝေဖန်ခွင့် အဓွန့်ရှည်ပါစေ” တဲ့၊ လေသေနတ် ပုံပြင်ကိုသာ ပြန်အမှတ်ရစေတော့တယ်” လို့ လီနင်က ရှင်းပြခဲ့တယ်။

အထူးသဖြင့် တော်လှန်ရေးကို ပစ်ပယ်ဖို့ (၀ါ) အနှစ်ပြယ်စေဖို့ အထိန်းအကွပ်မဲ့ ထင်ရာစိုင်းလိုသူတွေကို လီနင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်။ ဒီလူတွေကို လီနင်ကို စေ့စပ်ညှိနှိုင်းမှု မလုပ်နိုင်သူ၊ ဂိုဏ်းဂနသမားလို့ စွပ်စွဲခဲ့ကြ တယ်။ လီနင်က လက်တွဲဖော် ရဲဘော်ရဲဘက်တွေကို အချောင်သမား လမ်းကြောင်းအတိုင်း သွားလိုသူတွေ ဆွဲခေါ်တဲ့ နွံအိုင်ထဲ မနစ်မြှုပ်အောင် သတိပေးခဲ့တယ်။ ပြသနာကို ပြတ်ပြတ်ထင်ထင်နဲ့ ရှင်းရှင်းလင်းလင်း ဖော်ထုတ်ခဲ့တယ် -

“ငါတို့ကို ရန်သူတွေ ပတ်လည်ဝိုင်းနေတယ်၊ ဒီရန်သူတွေရဲ့ ထိုးနှက်မှုအောက်ကနေ ရှေ့ဆက်လှမ်းကြရမယ်။ ရန်သူကို တိုက်ဖို့ရည်ရွယ်ချက်နဲ့ လွတ်လပ်စွာ ဆုံးဖြတ်ထားချက်အရ ငါတို့ ပေါင်းစည်းထားကြတယ်၊ အနီးအ နားက ဗွက်အိုင်ထဲ နောက်ပြန်ဆုတ်ဖို့ ငါတို့ စုစည်းထားကြတာ မဟုတ်ဘူး၊ ဒီဗွက်တောထဲ နေသူတွေက ကန ဦးကတည်းက ငါတို့အစုကို ဝေဖန်ပြစ်တင်ခဲ့ကြတယ်၊ ငါတို့က သူတို့နဲ့ လမ်းခွဲထွက်ပြီး သီးခြားစုဖွဲ့ခဲ့ကြတယ်၊ အလျှော့ပေးစေ့စပ်ရေး မလုပ်ဘဲ တိုက်ပွဲလမ်းကြောင်းကို ရွေးခဲ့ကြတယ်။ အခု ငါတို့ထဲက တချို့က အော်လာ ကြတယ်၊ ‘ဗွက်အိုင်ထဲ သွားကြစို့’ တဲ့။ ငါတို့ကို သူတို့ကို တားတဲ့အခါ၊ ‘ဘယ့်လောက်တောင် နောက်ပြန်ဆွဲနေ လိုက်သလဲ’ လို့ ခွန်းတုံ့ပြန်ကြတယ်။ ပိုကောင်းတဲ့လမ်းကို ငါတို့ကိုယ်တိုင် လွတ်လပ်စွာရွေးခွင့် ငြင်းပယ်လိုက် တာ မင်းတို့မရှက်ကြဘူးလား။ အိုး အမှန်ပဲ၊ လူကြီးမင်းတို့၊ မင်းတို့မှာ ငါတို့ကို လွတ်လပ်စွာ ဖိတ်ခေါ်ခွင့်ရှိသလို မင်းတို့သွားလိုရာ လွတ်လွတ်လပ်လပ် သွားနိုင်တယ်၊ သွားလိုသပဆို ဗွက်အိုင်ထဲကိုလည်း သွားနိုင်ရဲ့။ တကယ်လည်း ဗွက်အိုင်ကသာ မင်းတို့ရဲ့ နေရာဖြစ်တယ်လို့ ငါတို့ထင်တယ်၊ အဲဒီကို မင်းတို့ရောက်သွားအောင် ငါတို့ဘက်ကလည်း အစွမ်းကုန်ကူပေးဖို့ ပြင်ထားတယ်။ ငါတို့လက်ကိုသာ ဆွဲမထားပါနဲ့လေ။ အင်မတန် ခမ်းနားတဲ့ လွတ်လပ်ခွင့် ဆိုတဲ့စကားကိုလည်း မဖျက်စီးလိုက်ပါနဲ့၊ ငါတို့မှာလည်း ငါတို့သွားလိုတဲ့နေရာကို လွတ်လွတ်လပ်လပ် သွားခွင့်ရှိတယ်၊ ဗွက်အိုင်ကိုသာမက ဗွက်အိုင်ဆီ သွားနေသူတွေကိုလည်း လွတ်လွတ် လပ်လပ် တိုက်ခိုက်ခွင့်ရှိတယ်”။

ငါတို့ဘာလုပ်ကြမလဲ ကျမ်းထဲမှာ စီးပွားရေးဝါဒီတွေရဲ့ လောကအမြင်ကို သီအိုရီကို လုံးဝ အလေးမထားတဲ့ လမ်းကြောင်းတခုအဖြစ် လီနင်က ဖွင့်ဆိုခဲ့တယ်။

အလုပ်သမားတွေက သဘောတရားရေးကို လုံးဝ စိတ်မဝင်စားကြဘူးလို့ စီးပွားရေးဝါဒီတွေက ဆိုကြတယ်။ “ငါတို့ စိတ်ဝင်စားတာ အလုပ်သမား လူတန်းစား လှုပ်ရှားမှုပဲ” လို့ စီးပွားရေးဝါဒီတွေက ဆိုကြတယ်၊ “ငါတို့ နယ်မြေတွေမှာ အလုပ်သမား အဖွဲ့အစည်းတွေ ရှိနေပြီ”၊ “ ကျန်တာကတော့ သဘောတရား ဆရာသမားတွေ ရဲ့ တီထွင်ချက်သက်သက်ပဲ၊ သဘောတရားရေးကို အလွန်အကျွံ ဇန်းတင်နေခြင်းပဲ” လို့ စီးပွားရေးဝါဒီတွေက ဆိုကြတယ်။

“အလုပ်သမား လူတန်းစား လှုပ်ရှားမှု” ဆိုပြီး တောက်လျှောက် ပြောနေခြင်းဟာ အလုပ်သမားတွေကို သူတို့ တကယ် အလေးမထားဘူးဆိုတာ ဖုံးကွယ်ဖို့ဖြစ်တယ်။ ဒီကနေ့ခေတ် ဂိုဏ်းအုပ်စုတွေလိုပဲ၊ အလုပ်သမားတွေ ဟာ သီအိုရီတွေ နားလည်လောက်အောင် အသိဉာဏ်မရှိဘူးလို့ သူတို့ယုံကြည်ခဲ့ကြတယ်။ ဒါ့ကြောင့် တော် လှန်ရေးလှုပ်ရှားမှုဟာ “ပေါင်မုန့်နဲ့ထောပတ်” ရရှိရေးလောက်ပဲ အလေးထားရမယ်လို့ သူတို့ပြောခြင်းဖြစ်တယ်။ ဂိုဏ်းဂနသမားတွေက အလုပ်သမားထု နောက်မြီးဆွဲလုပ်ကြတယ်၊ ဘာတွေ ဘယ်လိုမကောင်းဘူးဆိုတာပဲ ပြောတတ်ကြတယ်။ ဒါပေမယ့် အလုပ်သမားထုက နလပိန်းတုန်းမှ မဟုတ်ဘဲ၊ သူတို့လုပ်ခလစာတွေ၊ အလုပ် ခွင်အခြေအနေတွေ ဘယ်လောက်ဆိုးရွားလဲဆိုတာ သူတို့ကိုယ်တိုင် ကောင်းကောင်း သိပြီးသား။ အခြေခံ စားဝတ်နေရေး တောင်းဆိုချက်တွေ ကြွေးကြော်သံတွေဟာ အရေးကြီးပေမယ့် အပြင်းအထန် အကြပ်ဆိုက် နေတဲ့ ခေတ်မှာ အလုပ်သမား လူတန်းစားက ပိုပြီး ကျယ်ပြန့်တဲ့ သဘောတရားရေး ရှင်းလင်းချက်တွေကို ပိုပိုပြီး ရှာဖွေလာကြတယ်၊ လှုံ့ဆော်ချက်သက်သက်ကို တောင့်တနေတာ မဟုတ်တော့ဘူး။

သီအိုရီကို အလေးမထားခြင်း

စီးပွားရေးဝါဒီတွေက သီအိုရီကို အလေးမထားကြဘူး၊ သူတို့ရဲ့ သတင်းစာ Rabocheye Dyelo မှာ မာ့က်စ်ရဲ့ နာမည်ကျော် စကားတွေကို ယူသုံးထားတယ်။ ဒီသတင်းစာကို နမူနာပြပြီး လီနင်က ဝေဖန်တိုက်ခိုက်ခဲ့တယ်။ “စစ်မှန်သော လှုပ်ရှားမှု ခြေတလှမ်းတိုင်းဟာ လုပ်ငန်းစဉ်ပေါင်း တဒါဇင်ထက် ပိုအရေးပါတယ်” ဆိုတဲ့ မာ့က်စ် ရဲ့ စကားတွေကို လိုရာစွဲ ပြောခဲ့ကြတယ်၊ ဒီစကားကို ပြန်ကိုးကားပြီး အလုပ်သမားတွေအဖို့ တော်လှန်ရေး အယူအဆတွေနဲ့ သီအိုရီ မလိုအပ်ဘူး၊ ယေဘုယျ လှုပ်ရှားမှုပဲ လိုအပ်တယ်လို့ စီးပွားရေး ၀ါဒီတွေက ပြောတတ်တယ်။

“သဘောတရားရေး ဖရိုဖရဲဖြစ်နေတဲ့ ကာလမှာ ဒီစကားတွေကို ထပ်တလဲလဲ ပြောနေခြင်းက အသုဘတခုမှာ ရွှေရောင်နေ့ရက်တွေ ပြန်ရောက်လာစေကြောင်း ဆုတောင်းနေကြတဲ့ အပူသည်တွေလို ဖြစ်နေပြီ” လို့ လီနင် က တုံ့ပြန်ခဲ့တယ်။

“ဒါ့အပြင်၊ ဒီစကားတွေကို မာ့က်စ်ရဲ့ ‘ဂိုးထား လုပ်ငန်းစဉ်’ အပေါ် ဝေဖန်ချက် ပေးစာကနေ ကောက်နှုတ်ထား ခြင်းဖြစ်တယ်၊ ဒီစာထဲမှာ မာ့က်စ်က အခြေခံမူတွေ ဖော်ထုတ်ရာမှာ ဟိုခုန်ကူး ဒီခုန်ကူး လုပ်ခြင်းကို အပြင်း အထန် ဝေဖန်ထားတယ်။ မင်းတို့ စုစည်းဖို့ လိုတယ်ဆိုရင် လှုပ်ရှားမှုရဲ့ လက်တွေ့ ရည်မှန်းချက်တွေ အကောင် အထည်ဖော်ဖို့ပဲ သဘောတူညီချက် ယူပါ၊ အခြေခံမူတွေမှာတော့ ဈေးဆစ်မခံလေနဲ့၊ သီအိုရီပိုင်းမှာ အလျှော့ ပေးတာမျိုး မလုပ်လေနဲ့ လို့ မာ့က်စ်က ပါတီခေါင်းဆောင်တွေဆီ ရေးခဲ့တယ်။ ဒါ မာ့က်စ်ရဲ့အယူအဆပဲ၊ ဒါပေ မယ့် တချို့က မာ့က်စ် နာမည်ကိုယူသုံးပြီး သီအိုရီကို အရေးမပါသယောင် ပြောလာကြတယ်။”

လီနင်ရဲ့ ကျမ်းတအုပ်လုံးကို ယက်ဖောက်ထားတဲ့ အရေးအကြီးဆုံး အယူအဆက မာ့က်စ်ဝါဒ သီအိုရီကို ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်မိတဲ့ မာ့က်စ်ဝါဒီ ကေဒါတွေ (ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေ) တည်ဆောက် ရေးပဲ။ “တော်လှန်ရေး သီအိုရီမရှိဘဲ တော်လှန်ရေး လှုပ်ရှားမှု မရှိနိုင်ဘူး” လို့ လီနင်က အလေးထား ပြောခဲ့ ရတယ်၊ “အချောင်သမားဝါဒရဲ့ လူပိန်းကြိုက် ဆွယ်တရားနဲ့ အသေးဆုံး လက်တွေ့အလုပ်တွေ လုပ်ဖို့ပဲ မွှန်ထူ နေကြတဲ့ ကာလမှာ ဒီအယူအဆကို အရမ်းကြီး ဖိပြောမနေနိုင်ဘူး” လို့ လီနင်က ဆက်ပြောခဲ့သေးတယ်။ ဒီ ကနေ့ခေတ် လက်ဝဲတွေ သိပ်ကြိုက်တဲ့ သဘောတရားမဲ့ လက်တွေ့လှုပ်ရှားမှုမျိုးကို လီနင်က အပြင်းအထန် ထိုးနှက်လိုက်ခြင်း ဖြစ်တယ်။ လီနင်က လက်တွေ့လှုပ်ရှားမှုကို ဆန့်ကျင်နေတာတော့ မဟုတ်ဘူး၊ လှုပ်ရှားမှု တွေဟာ အလုပ်သမားလူတန်းစားရဲ့ နိုင်ငံရေးအသိ၊ သဘောတရားရေး အသိ မြှင့်တင်ရေးနဲ့ အမြဲချိတ်ဆက် မှုရှိနေဖို့ ပြောခဲ့ခြင်း ဖြစ်တယ်။

ဒီအချက်ကို ပိိုပေါ်လွင်သွားအောင် ဖရက်ဒ်ရစ်ခ် အန်းဂယ်စ် ၁၈၇၄ ခုနှစ်က ပြောခဲ့တဲ့ စကားတွေကို လီနင်က ပြန်ကိုးကားသွားတယ်။ အန်းဂယ်စ်က လှုပ်ရှားမှု တည်ဆောက်ရာမှာ သဘောတရားရေးရဲ့ အရေးကြီးမှုကို ဇောင်းပေးပြောခဲ့တယ်။ အန်းဂယ်စ်က “ကျနော်တို့ အများစုထင်ကြသလို” တော်လှန်ရေး တိုက်ပွဲ ပုံသဏ္ဍာန် နှစ်မျိုး (စီးပွားရေးနဲ့ နိုင်ငံရေး) ကိုပဲ သိမြင်ခဲ့တာ မဟုတ်ဘူး၊ သဘောတရားရေး တိုက်ပွဲ အပါအဝင် ပုံသဏ္ဍာန် သုံးမျိုးကို သိမြင်လက်ခံခဲ့တယ်၊ သဘောတရားရေး တိုက်ပွဲကိုလည်း စီးပွားရေးနဲ့ နိုင်ငံရေး တိုက်ပွဲနှစ်မျိုးလိုပဲ တန်းတူ အလေးထားခဲ့တယ်။

ဘရစ်တိန်မှာ မာ့က်စ်ဝါဒအတွက် တိုက်ပွဲဝင်နေကြသူတွေကို အန်းဂယ်စ်က မှတ်သားလောက်တဲ့ အချက်တချက် ထောက်ပြခဲ့တယ်။ ဘရစ်တိန် အလုပ်သမား လူတန်းစား လှုပ်ရှားမှုအတွင်း သဘောတရားရေး ကို အလေးမထားကြလို့ ဒီတိုက်ပွဲက “လိပ်လိုနှေးနေရတာ”လို့ အန်းဂယ်စ်က ရှင်းပြခဲ့တယ်။ “အထူးသဖြင့်၊ သဘောတရားရေး ပြသနာအားလုံးကို ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်ရေးဟာ ခေါင်းဆောင်တွေရဲ့ တာဝန်ပဲ၊ ခေတ်ဟောင်း လောကအမြင်ကနေ အမွေဆက်ခံထားတဲ့ အစဉ်အလာဟောင်းရဲ့ သြဇာအောက်က လွတ်မြောက်ရေးဟာ ဒီခေါင်းဆောင်တွေရဲ့ တာဝန်ပဲ၊ ဆိုရှယ်လစ်ဝါဒက သိပ္ပံပညာရပ် တခုဖြစ်လာကတည်း က သိပ္ပံနည်းကျ လေ့လာဖို့ မလွဲမသွေ လိုအပ်လာတယ်ဆိုတာ ခေါင်းဆောင်တွေစိတ်ထဲ စွဲစွဲမြဲမြဲ မှတ်ထားရမယ်” လို့ အန်းဂယ်စ်က ဖိပြောခဲ့တယ်။

International Marxist Tendency ရဲ့ရှုမြင်ပုံအရ အန်းဂယ်စ်ရဲ့ အကြံကို တလေးတစားနဲ့ လိုက်နာကျင့်သုံးခဲ့ တယ်။ လှုပ်ရှားမှုအတွင်း ရှိနေတဲ့ အချောင်သမား ဖိအားတွေကို ကြံ့ကြံ့ခံနိုင်အောင် ရဲဘော်ရဲဘက်တွေကို မာ့က်စ်ဝါဒီလို တွေးခေါ်တတ်အောင် အမြဲလေ့ကျင့်နေဖို့ လိုအပ်တယ်၊ ဒီဖိအားတွေက အရင်းရှင်စနစ် ဖိအား ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်တယ်။

ရယ်စရာကောင်းတာက မာ့က်စ်ဝါဒ သီအိုရီရဲ့ အင်မတန် အရေးပါမှုကို ကျနော်တို့က လေးလေးနက်နက် အသိအမှတ်ပြုခြင်းဟာ ကျနော်တို့ ရန်သူတွေအဖို့ မထီမဲ့မြင်ပြုစရာ ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ချည်း မဟုတ်ပါဘူး။ “သဘောတရား ပညာရှင် ဆိုတဲ့ စကားလုံးကို အထင်သေးအမြင်သေး လေသံမပါဘဲ မပြော နိုင်သူတွေဟာ သူတို့ရဲ့ အဝိဇ္ဇာနွံထဲ ပျော်ပျော်ကြီး လူးနေသူတွေသာ” ဖြစ်တယ် လို့ လီနင်က ပြောခဲ့တယ်။ ဒီလို သီအိုရီကို အလေးမထားတဲ့ လူ့အန္ဓတွေနဲ့ ကျနော်တို့ ကြုံဖူးပေါင်း များလှပြီ (အဆိုးမြင်သမားတွေ၊ သံသ ယဝါဒီတွေ စသဖြင့်)။ ဒါဟာ အလုပ်သမား လူတန်းစားကို တကယ် အလေးမထားဘူးဆိုတာ ရောင်ပြန်ဟပ်ပြ လိုက်တာပဲ။ သီအိုရီဆိုတာ အလုပ်သမား လူတန်းစားရဲ့ အတိတ်သမိုင်း အတွေ့အကြုံတွေကို ယေဘုယျ နိဂုံးချုပ်ချက် ထုတ်ယူထားခြင်း ဖြစ်တယ်။ သီအိုရီဟာ ပညာရှင်တွေရဲ့ ပို့ချချက် မဟုတ်ဘူး၊ အလုပ်လမ်းညွှန် ဖြစ်တယ်။

ဆိုရှယ်လစ် အသိကို အလုပ်သမားလူတန်းစားရဲ့ ပြင်ပကနေ တင်သွင်းရမယ်ဆိုတဲ့ အယူအဆ အမှားကို လီနင်က နောက်ထပ်တခါမှ ထပ်မပြောခဲ့ပေမယ့် ဂိုဏ်းဂနသမားတွေကတော့ ထပ်တလဲလဲ ထုတ်သုံးလာ ကြတယ်။ ထင်တလုံးနဲ့ ဘဝင်လေဟပ်နေတဲ့ သူတို့ကိုယ်သူတို့ အလုပ်သမား လှုပ်ရှားမှုကို ဦးဆောင်ဖို့ရာ အပြင်ကနေ ရောက်လာတဲ့ “မစ်ရှင်နရီ” တွေလို ပုံဖော်ဖို့ ဒီအမှားကို ယူသုံးနေကြခြင်း ဖြစ်တယ်။

စီးပွားရေးဝါဒီတွေက “အလိုအလျောက် လှုပ်ရှားမှု”ကိုပဲ နောက်မြီးဆွဲလိုက်နေကြတယ်။ ဒီလုပ်ရပ်ရဲ့ အကန့် အသတ်တွေကို ဖွင့်ချဖို့ လီနင်က သာသာထိုးထိုး ဖိပြောရာက လွန်သွားခဲ့ခြင်းဖြစ်ကြောင်း အပေါ်မှာ ရှင်းခဲ့ပြီး ပြီ။ “စီးပွားရေးဝါဒီတွေက တဖက်ကို အဆုံးစွန်ထိ သွားခဲ့တယ်၊ ဒါ့ကြောင့် စီးပွားရေးဝါဒီတွေ တဖက်စွန်းထိ ဆွဲလိမ်ထားတဲ့အရာကို ငါတို့ဘာလုပ်ကြမလဲ စာအုပ်က ပြန်ဖြောင့်ပေးခဲ့တယ်” လို့ လီနင်က ရှင်းပြခဲ့တယ်။ “ဒီစကားတွေရဲ့ အဓိပ္ပါယ်က အင်မတန် ရှင်းပါတယ်၊ ငါတို့ဘာလုပ်ကြမလဲ စာအုပ်က စီးပွားရေးဝါဒီတွေရဲ့ ပုံဖျက်ချက်တွေကို အငြင်းပွားဖွယ် အမှန်ပြင်ပေးခြင်း ဖြစ်တယ်၊ ဒီစာအုပ်ကို ဒီလို အဆက်အစပ်နဲ့ မချဉ်းကပ် ရင် မှားလိမ့်မယ်” လ်ို့ လီနင်က ရေးခဲ့တယ်။ (LCW, vol.13, p.107-108)

စီးပွားရေးဝါဒီတွေက အလုပ်သမားထုရဲ့ ဆန္ဒစွဲတွေနောက်ပဲ အမြဲလိုက်တယ်၊ အလုပ်သမားထု သိပြီးသား အရာတွေကိုပဲ အာပေါင်အာရင်း သန်သန်နဲ့ စကားတန်ဆာဆင် ပြောကြတယ်။ “အလုပ်သမားထုဟာ အလုပ် သမားထုအတွက် ဖြစ်ရမယ်”၊ “အလုပ်သမားထုရဲ့ အပေါ်ယံအလွှာကို အားပြုရမှာမဟုတ်ဘူး၊ သာမန် အလုပ် သမားထုကို အားပြုရမှာ ဖြစ်တယ်” စတဲ့ ပေါ်ပင်စကားတွေနဲ့ လူကြိုက်များအောင် လုပ်တတ်ကြတယ်။ ဒါဟာ အလုပ်သမား လူတန်းစားရဲ့ နောက်ကျကျန်နေတဲ့ အစိတ်အပိုင်းတွေကို မှီစားခြင်း ဖြစ်တယ်။ အလုပ်သမား လူတန်းစားမှာ အားကောင်းတဲ့ အခြမ်းရှိသလို အားနည်းတဲ့ အခြမ်းရှိတယ်ဆိုတာ ခေတ်အသီးသီးမှာ တွေ့ခဲ့ရ ပြီးပြီ။ အလုပ်သမား လူတန်းစားမှာ တော်လှန်သော လူတန်းစား ဖြစ်လာမယ့် အစွမ်းအစ ရှိတယ်၊ ကျနော်တို့ က ဒီအချက်အပေါ် အခြေခံတည်ဆောက်တယ်၊ ဒါပေမယ့် မာ့က်စ်ဝါဒီတွေက အလုပ်သမား လူတန်းစားကို ကိုးကွယ်ပူဇော်ရာ အဖြစ် သဘောမထားဘူး။ ထရော့စကီးက အခုလို ရှင်းပြခဲ့တယ် -

“လူထုက အမှားမရှိ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ဘူး။ လူထုကို စိတ်ကူးယဉ်စံပြုခြင်းဟာ ငါတို့နဲ့ လားလားမှမဆိုင်။ လူထုကို အခြေအနေ အမျိုးမျိုးမှာ ငါတို့ တွေ့ခဲ့ကြတယ်၊ အဆင့်အသီးသီးမှာ မြင်ကြရတယ်၊ နိုင်ငံရေး မုန်တိုင်းတွေကြားမှာလည်း မြင်တွေ့ခဲ့ရတယ်။ လူထုရဲ့ အားသာတဲ့ အခြမ်း၊ အားနည်းတဲ့ အခြမ်း နှစ်ခု လုံးကို ငါတို့လေ့လာခဲ့ကြတယ်။ လူထုရဲ့ အားသာချက်တွေ (ပိုင်းဖြတ်ချက် ပြတ်သားမှု၊ စွန့်လွှတ်စွန့်စားမှု၊ သူရဲ ကောင်းဆန်မှု) ကို တော်လှန်ရေး ဒီရေမြင့်သစ်ကာလတွေမှာ အရှင်းလင်းဆုံး တွေ့ကြရတယ်။ ဒီကာလမှာ ဘော်ရှီဗစ်တွေက လူထုကို ဦးဆောင်ခဲ့တယ်။ ဒီနောက် ဒီရေနိမ့်ကာလရောက်ချိန်မှာ အဖိနှိပ်ခံလူထုရဲ့ အားနည်းတဲ့အခြမ်းက ရှေ့တန်းကို ရောက်လာတယ် (အုတ်အရောရော ကျောက်အရောရော ဖြစ်မှု၊ ယဉ်ကျေးမှု မပြည့်စုံမှု၊ လောကအမြင် ကျဉ်းမြောင်းမှု)”။ (Their Morals and Ours)

စီးပွားရေးဝါဒီတွေရဲ့ အချောင်သမားနည်းက အသံကုန်ဟစ်ပြီး မရှိတဲ့ အောင်မြင်မှုဆီ ဖြတ်လမ်းက သွားဖို့ ကြိုးစားတာပဲ။ ဒီလူတွေက “အလုပ်သမား လှုပ်ရှားမှု သက်သက်” လို့ ပြောတာ၊ အလုပ်သမားထုနဲ့ လက်ပွန်း တတီးနေခြင်းကို ကိုးကွယ်တာ အထူးအဆန်းတော့ မဟုတ်ဘူး။ မာ့က်စ်နဲ့ အန်းဂယ်စ်တို့က အကြီးကျယ်ဆုံး သဘောတရား ပညာရှင်တွေ ဖြစ်ပေမယ့်လည်း စီးပွားရေးဝါဒီတွေကတော့ သဘောတရားရေးကို အကြီးမား ဆုံး အလေးမထားသူတွေ ဖြစ်ကြတယ်။ လီနင်စကားနဲ့ ပြောရရင် “ဘူဇွှာတွေပြောတဲ့ အလုပ်သမား အရေး သက်သက် အယူအဆတွေ” ကို စီးပွားရေးဝါဒီတွေက လက်ခံထားကြတယ်။ တော်လှန်ရေး သီအိုရီနဲ့ တိုက်ပွဲ အတွင်းက သိစိတ်ထက်မြက်တဲ့ အစိတ်အပိုင်းကို တန်ဖိုးမထားကြဘူး၊ ဒီတော့ တော်လှန်ရေး လှုပ်ရှားမှုကို အလုပ်သမား သမဂ္ဂဝါဒအဆင့်ထိ လျှော့ချပစ်လိုက်ကြတယ်။

နိုင်ငံရေးတိုက်ပွဲက အရေးကြီးတယ်

လီနင်က စီးပွားရေးဝါဒီတွေရဲ့ နောက်မြီးဆွဲအယူအဆကို အခုလို တုံ့ပြန်ခဲ့တယ်၊ “ပစ္စည်းမဲ့လူတန်းစားရဲ့ အခြေခံကျသော စီးပွားရေး အကျိုးစီးပွားတွေကို ဘူဇွှာလူတန်းစားရဲ့ အာဏာရှင်စနစ်အား ပစ္စည်းမဲ့ အာဏာရှင် စနစ်နဲ့ အစားထိုးပစ်မယ့် နိုင်ငံရေး တော်လှန်ရေးနဲ့သာ ဖြည့်စွမ်းနိုင်မယ်”။ အလုပ်သမား လူတန်းစား အခြေခံတဲ့ တော်လှန်ရေး ပါတီတခု လိုအပ်တယ်၊ ဒါပေမယ့် ဒီပါတီကို မာ့က်စ်ဝါဒ အခြေခံမူတွေနဲ့ သီအိုရီ ကျောက်ဆောင် ပေါ် အခြေခံပြီး တည်ဆောက်ထားရမယ်။

ဆိုးရွားတဲ့ အလုပ်ခွင် အခြေအနေတွေကို ဖွင့်ချခြင်းနည်းနဲ့ လှုံ့ဆော်စည်းရုံးတာမျိုး အရေးကြီးကြောင်း လီနင် ကောင်းကောင်း နားလည်ပါတယ်၊ ဒါပေမယ့်လည်း ဒီအလုပ်မျိုးကို “အလုပ်သမား သမဂ္ဂအဆင့်” တိုက်ပွဲနည်း အနေနဲ့ပဲ လီနင် မြင်တယ်။ လီနင်က “အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲကို လုပ်အားစွမ်းပကား ရောင်းချဖို့ ပိုကောင်းတဲ့ အခြေအနေတွေ ဖန်တီးပေးရေးလောက်ပဲ ကန့်သတ်မထားစေချင်ဘူး၊ ကုန်ထုတ်ပစ္စည်းမဲ့ လူတန်း စားကို အရင်းရှင် လူတန်းစားဆီ မလွဲမသွေ လုပ်အားစွမ်းပကား ရောင်းချစေတဲ့ လူနေမှုစနစ်ကိုပါ ဖြိုဖျက်ပစ် ရေး တိုက်ပွဲအဆင့်ထိ” ဦးဆောင်သွားဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဒါ့ကြောင့် ဆိုရှယ်ဒီမိုကရက်တွေဟာ စီးပွားရေး တိုက်ပွဲ သက်သက်ကိုပဲ လုပ်နေလို့ မရဘူး၊ စီးပွားရေး အခြေအနေတွေ ဖွင့်ချခြင်းလောက်ပဲ လုပ်တဲ့ အဖွဲ့အစည်းမျိုးကို သူတို့လှုပ်ရှားမှုရဲ့ အဓိက အစိတ်အပိုင်း ဖြစ်ခွင့်ပြုလို့ မရဘူး။ အလုပ်သမား လူတန်းစားကို နိုင်ငံရေးသိစိတ် နိုးကြားထက်သန်လာအောင် အားတက်သရော လုပ်ကြရမယ်။

တနည်းဆိုရရင်၊ အလုပ်သမားထုရဲ့ လတ်ငင်းပြသနာတွေကနေ အစပြုပြီး၊ ဒီအတွေ့အကြုံတွေကို ခြုံငုံသုံး သပ်ဖို့ လိုအပ်တယ်၊ လတ်ငင်းပြသနာတွေ ပြေလည်ရေးတိုက်ပွဲကို လူ့အဖွဲ့အစည်း ပြောင်းလဲဖို့ ပိုကျယ်ပြန့် သော အလုပ်သမားလူတန်းစား တိုက်ပွဲနဲ့ ချိတ်ဆက်ဖို့ လိုအပ်တယ်။ လှုံ့ဆော်စည်းရုံးခြင်း၊ သဘောတရား ဖြန့်ချိခြင်းနဲ့ သီအိုရီ တို့ကို အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ရေး ဖြစ်တယ်။ ဒါပေမယ့် လီနင်က အကြမ်းထည် သဘော လှုံ့ဆော်စည်းရုံးခြင်းကို ဆန့်ကျင်သတိပေးခဲ့တယ်၊ အလုပ်သမားထု ခံစားနေရတဲ့ ဆိုးရွားသော အခြေ အနေတွေကို ထောက်ပြရုံသက်သက်ဟာ အလုပ်သမား လူတန်းစားကို သူငယ်နှပ်စားလို သဘောထားနေခြင်း ဖြစ်လို့ပဲ။ လီနင်က အခုလိုရှင်းပြခဲ့တယ်။ “ဒီလို လှုံ့ဆော်စည်းရုံးခြင်း သက်သက်လောက်ကို ငါတို့မလိုအပ်ဘူး၊ စီးပွားရေးသီးသန့် နိုင်ငံရေး ယာဂုတွေ လာတိုက်နေရအောင် ငါတို့က သူငယ်နှပ်စား ကလေးတွေ မဟုတ်ဘူး”။ “အလုပ်သမားတွေကို နိုင်ငံရေးအရ ဖိနှိပ်ထားတယ်လို့ ပြောနေရုံနဲ့ မလုံလောက်ဘူး”။ အလုပ်သမားထုရဲ့ နိုင်ငံရေးသိစိတ်ကို နိုးကြားရင့်သန်လာအောင် လူမှုဘဝ မျက်နှာစာအသီးသီးက မတရားမှုပုံစံအားလုံးကို ဆွဲထုတ်ရှင်းပြဖို့ လိုအပ်တယ်။ နေ့တဓူဝ တိုက်ပွဲတွေနဲ့ တော်လှန်ရေး လုပ်ငန်းစဉ်၊ သဘောတရားတွေကို ချိတ်ဆက်ပြီး (တနည်းဆိုရရင် သီးခြား Particular နဲ့ ယေဘုယျ General ကို ချိတ်ဆက်ပေးခြင်း) မာ့က်စ် ၀ါဒီတွေက အလုပ်သမား လူတန်းစားရဲ့ နိုင်ငံရေးသိစိတ်ကို ထက်သန်လာအောင် ကူညီပေးနိုင်တယ်။ ဒီတော့ အလုပ်သမားထု သိပြီးသားတွေ ပြန်ရွတ်ပြပြီး သိစိတ်ကို မမြှင့်တင်နိုင်ဘူး။

ဒီနေရာမှာ မာ့က်စ်ဝါဒနဲ့ အချောင်သမားဝါဒရဲ့ ပဋိပက္ခကို တွေ့ရမယ်။ အချောင်သမားတွေက ပြုပြင်ရေးတိုက်ပွဲ တွေနဲ့ တော်လှန်ရေး တိုက်ပွဲကို ခွဲထုတ်ပစ်တယ်၊ လီနင်က ဒီတိုက်ပွဲနှစ်ခုကြား ခွဲမရအောင် ချိတ်ဆက်နေမှုကို အလေးပေးပြောတယ်။ “တော်လှန်သော ဆိုရှယ်ဒီမိုကရေစီမှာ ပြုပြင်ရေး တိုက်ပွဲဟာလည်း အစိတ်အပိုင်း အနေနဲ့ ပါဝင်တယ်၊ ဒါပေမယ့် ပြုပြင်ရေးသက်သက်ဟာ ရည်မှန်းချက်မဟုတ်ဘူး။ ပါဝင်ရာအစိတ်အပိုင်း (the part) ကို တခွင်တပြင်လုံး (the whole) ရဲ့ လက်အောက်ခံအဖြစ် သဘောထားသလို ပြုပြင်ရေးတိုက်ပွဲကိုလဲ ဆိုရှယ်လစ်စနစ်နဲ့ လွတ်လပ်ရေး တော်လှန်တိုက်ပွဲရဲ့ လက်အောက်ခံအဖြစ် သဘောထားတယ်” လို့ လီနင်က ရေးခဲ့တယ်။

တော်လှန်ရေးသမားတွေက အလုပ်သမားထုရဲ့ လုပ်ခလစာတွေကို မြင့်မားစေချင်တယ်၊ ဒါပေမယ့် ဒါသက်သက်ဟာ အန္တိမပန်းတိုင် မဟုတ်ဘူး။ အလုပ်သမားထုကိုယ်တိုင် လူ့အဖွဲ့အစည်းကို အုပ်စိုးစေချင်တယ်။

ပလက်(ခ်)နော့ရဲ့ အယူအဆကို အခြေခံပြီး လီနင်က လှုံ့ဆော်စည်းရုံးခြင်း နဲ့ သဘောတရား ဖြန့်ချိခြင်းရဲ့ ခြားနားချက်ကို အခုလို ပြောသွားတယ်။ “လူနည်းနည်းကို အယူအဆတွေ အများကြီးပေးလိုက်ရင် ဒါဟာ သဘောတရား ဖြန့်ချိခြင်းဖြစ်တယ်၊ အယူအဆတခုကို လူအများကြီးဆီ ရောက်အောင်လုပ်ရင် ဒါဟာ လှုံ့ ဆော်စည်းရုံးခြင်း ဖြစ်တယ်။” ဒါပေမယ့် အလုပ်သမားထုကို အရင်းရှင်စနစ် အကြပ်အတည်းနဲ့ ဒီကနေ လွတ် မြောက်ရာလမ်းကို ဘက်စုံထောင့်စုံ ပြည့်ပြည့်စုံစုံ ရှင်းပြရေးဟာ တော်လှန်ရေး သဘာတရား ဖြန့်ချိသူတွေရဲ့ အလုပ်ဖြစ်တယ်။ “အလုပ်လက်မဲ့ ပြသနာကို ဆွေးနွေးနေတဲ့ သဘောတရားဖြန့်ချိသူဟာ အရင်းရှင်စနစ် အကြပ်အတည်းတွေရဲ့ သဘောသဘာဝ၊ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ဒီအကြပ်အတည်းတွေ မလွဲမသွေ ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းတရား၊ ဒီကနေ့ လူ့အဖွဲ့အစည်းကို ဆိုရှယ်လစ် လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲ ပစ်ဖို့ လိုအပ်ပုံတွေ ရှင်းပြနိုင်ရမယ်”။

လီနင်က ရပ်ရှားပါတီရဲ့ အားနည်းချက်ကို ထောက်ပြခဲ့တယ်။ ဒီပါတီရဲ့ လေ့လာရေးအစုတွေကို နမူနာပြပြီး နိုင်ငံရေး အသိနိမ့်နေခြင်းကို ဝေဖန်ပြခဲ့တယ် -

“ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကျယ်ပြန့်လာတဲ့ ဆိုရှယ်-ဒီမိုကရက်တစ် လေ့လာရေးအစုကို နမူနာယူပြီး ဆန်း စစ်ကြည့်ရအောင်။ သူတို့မှာ ‘အလုပ်သမားထုနဲ့ အချိတ်အဆက်တွေ’ ရှိတယ်၊ ဒီလောက်နဲ့တင် သူတို့ ကျေနပ် နေကြတယ်၊ လက်ကမ်းစာစောင်တွေ ဝေကြတယ်၊ ဒီလက်ကမ်းစာစောင်တွေကနေ စက်ရုံအတွင်းက စော်ကား မှုတွေ၊ အစိုးရက အရင်းရှင်တွေဘက် ပင်းတာတွေကို ဖွင့်ချကြတယ်၊ ရဲတွေရဲ့ အကြမ်းဖက်မှုကို ပြင်းပြင်းထန် ထန် ရှုတ်ချကြတယ်။ အလုပ်သမား အစည်းဝေးတွေမှာ ဒီအကြောင်းအရာတွေထက် ကျော်ပြီး ဆွေးနွေးတာမျိုး မလုပ်နိုင်ကြဘူး။ တော်လှန်ရေး လှုပ်ရှားမှုသမိုင်း၊ အစိုးရရဲ့ ပြည်တွင်းရေး ပေါ်လစီနဲ့ နိုင်ငံခြားရေးပေါ်လစီ ပြသနာတွေ၊ ရပ်ရှားနဲ့ ဥရောပတိုင်းပြည်တွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ပြသနာတွေ၊ ခေတ်သစ် လူ့အဖွဲ့အ စည်းအတွင်းက လူတန်းစားအသီးသီးရဲ့ အနေအထား၊ စတဲ့ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတာ၊ လက်ချာပို့ချတာ မရှိသလောက် ရှားတယ်။

ဒီလေ့လာရေးအစုတွေက အများစုစိတ်ထဲ ပုံဖော်ထားတဲ့ စံပြခေါင်းဆောင်က ဆိုရှယ်လစ် နိုင်ငံရေးခေါင်း ဆောင်နဲ့ မနီးစပ်ဘဲ၊ အလုပ်သမား သမဂ္ဂအတွင်းရေးမှူး ပုံစံနဲ့ ပိုတူနေတယ်။ အလုပ်သမား သမဂ္ဂတိုင်း (အင်္ဂလန် အလုပ်သမား သမဂ္ဂဆိုပါတော့) ရဲ့ အတွင်းရေးမှူးတယောက်ဟာ အလုပ်သမားထုကို စီးပွားရေး တိုက်ပွဲဆင်နွှဲနိုင်အောင် ကူညီပေးရတယ်၊ ဒီတော့ စက်ရုံတွင်းက စော်ကားမှုတွေကို ဖွင့်ချပြရတယ်၊ အလုပ် သမားဥပဒေတွေရဲ့ မတရားပုံကို ရှင်းပြရတယ်၊ လွတ်လပ်စွာ သပိတ်မှောက်ခွင့်၊ သပိတ်တားခွင့်တွေကို အဟန့် အတားပြုတဲ့အရာအားလုံးကို အလုပ်သမားထုရှေ့မှောက် ဖွင့်ချရှင်းပြရတယ်၊ ဘူဇွှာလူတန်းစားဘက်က ခုံသမာဓိရုံး လူကြီးတွေရဲ့ ဘက်လိုက်မှုကို ရှင်းပြရတယ်၊ စသဖြင့်။ တနည်းဆိုရရင် အလုပ်သမား သမဂ္ဂ အတွင်းရေးမှူးတွေဟာ အလုပ်ရှင်နဲ့ အစိုးရကို ဆန့်ကျင်ပြီး စီးပွားရေးတိုက်ပွဲကို ကူညီဆင်နွှဲပေးကြတယ်။ ဒီအလုပ်တွေလုပ်ရုံနဲ့ ဆိုရှယ်ဒီမိုကရေစီ မဖြစ်သေးဘူ၊ စံပြ ဆိုရှယ်ဒီမိုကရက်ဆိုတာ အလုပ်သမား သမဂ္ဂ အတွင်းရေးမှူး မဖြစ်သင့်ဘူး၊ လူထု ခေါင်းဆောင်ဖြစ်သင့်တယ်၊ အလုပ်သမားထုရှေ့မှောက်မှာ ဆိုရှယ်လစ် အယူအဆတွေကို အခိုင်အမာ ရှင်းပြပြီး ဒီမိုကရေစီရေး တောင်းဆိုချက်တွေနဲ့ ချိတ်ဆက်ပြဖို့၊ ပစ္စည်းမဲ့ လူတန်းစား လွတ်မြောက်ရေးတိုုက်ပွဲဟာ ကမ္ဘာ့သမိုင်းအဆင့် အရေးပါကြောင်း လူတိုင်းနားလည်လာအောင် ရှင်းပြဖို့ (ဘယ်လောက်ပင် သေးငယ်တဲ့) အမှုကိစ္စ ဖြစ်နေပါစေ အခွင့်ကောင်းယူ အသုံးချနိုင်တဲ့သူ ဖြစ်သင့် တယ်”။

ပထမဆုံးနဲ့ အရေးအကြီးဆုံးက တော်လှန်ရေးသမားဖြစ်ရေး

လီနင်က တော်လှန်ရေးသမားတွေ အလုပ်သမား သမဂ္ဂတွေထဲ အလုပ်လုပ်ခြင်းကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဒီလို အလုပ်လုပ်ခြင်းကို လီနင် သဘောကျတယ်။ ဒါပေမယ့် ဒီလိုလုပ်ခြင်းကို တဖက်သတ် အမြင်နဲ့ ချဉ်းကပ်ရင် အကန့်အသတ်တွေရှိတယ်၊ အန္တရာယ်တွေ ရှိတယ်လို့ သူရှင်းပြနေတာ။ ဒီလိုရပ်ဝန်းမှာ အလုပ်လုပ်ရာမှာ ဆိုရှယ်ဒီမိုကရက်တွေအဖို့ ပထမဆုံးနဲ့ အရေးအကြီးဆုံးက တော်လှန်ရေးသမားဖြစ်ရေးပဲ၊ အလုပ်သမား သမဂ္ဂဝါဒီက ဒုတိယ ဦးစားပေးဖြစ်ရမယ်။ အလုပ်သမားထုကြားက ကေဒါတွေဖြစ်ရမယ်။ ပါတီ ဝင်တွေကို သဘောတရားရေး အဆင့် မြှင့်တင်ခြင်းအားဖြင့် အချောင်သမားဝါဒ အန္တရာယ်ကနေ ခုခံကာကွယ် ပေးဖို့ ပါတီမှာ တာဝန်ရှိတယ်၊ အလုပ်သမား ကေဒါတွေကို ပါတီအစည်းအဝေးတွေမှာ သေချာပေါက် တက် ရောက်စေရမယ်၊ ပါတီရဲ့ ဦးဆောင်မှုအောက်ကနေ အလုပ်သမား ကေဒါတွေကို အလုပ်လုပ်စေရမယ်။ လီနင် က ဒါကို ပါတီဝင်ဖြစ်ဖို့ အခြေခံအချက်အဖြစ် မြင်ခဲ့တယ်။ ပါတီဝင်တွေက အလုပ်သမား လှုပ်ရှားမှုအတွင်း ရာထူးနေရာတွေ ယူလာတဲ့ အခြေအနေမျိုးမှာ ဒီလို ဗဟိုဦးစီးမှုမျိုးဟာ ပိုလို့တောင် အရေးကြီးလာတယ်။ ဒီလို အခြေအနေမှာ ပါတီဝင်တွေဟာ လီနင်သတိပေးခဲ့သလို အလုပ်သမား သမဂ္ဂ အတွင်းရေးမှူး သီးသန့် ဖြစ်လာ နိုင်တဲ့ အန္တရာယ်ရှိနေတယ်။

“ဆိုရှယ်ဒီမိုကရက်တစ် နိုင်ငံရေးကို အလုပ်သမား သမဂ္ဂ နိုင်ငံရေးအဆင့်ထိ လျှော့ချပစ်ခြင်းဟာ အလုပ်သမား လူတန်းစား လှုပ်ရှားမှုကို ဘူဇွှာဒီမိုကရေစီရဲ့ အသုံးချခံ ကိရိယာအဖြစ် ကူးပြောင်းနိုင်အောင် ပြင်ဆင်ပေးခြင်း” ဖြစ်တယ်လို့ လီနင်က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ဒါဟာ အလုပ်သမား လှုပ်ရှားမှုအတွင်းက များမြောင်လှ သော ဖိအားတွေကြောင့် လိုက်ပါပြောင်းလဲခြင်းကို ထင်ဟပ်နေတယ်။ တော်လှန်ရေးသမားတွေက အခြေအနေ ကို ပြောင်းလဲပစ်ရမယ့်အစား ဝန်းကျင် အခြေအနေက သူတို့ကို ပြောင်းပစ်လိုက်တယ်။

အလိုအလျောက် လှုပ်ရှားမှုနဲ့ အလုပ်သမား သမဂ္ဂ (ဘူဇွှာ) နိုင်ငံရေးကို ဆန့်ကျင်ဝေဖန်ထားတဲ့ ဒီစာအုပ် တအုပ်လုံးမှာ လီနင်က “ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေ” နဲ့ ဖွဲ့စည်းထားသော တော်လှန်ရေး တပ်ဦးပါတီ တည်ဆောက်ရေးကို အခိုင်အမာ တင်ပြထားတယ်။ “ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေ” ဟာ သူတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းအားလုံးနဲ့ အချိန်အားလုံးကို ဒီတော်လှန်ရေး အလုပ်တွေလုပ်ဖို့ပဲ မြှုပ်နှံထား သူတွေ ဖြစ်တယ်။ “တော်လှန်ရေးသမားတွေရဲ့ အဖွဲ့အစည်းမှာ တော်လှန်ရေး အလုပ်ကိုသာ သူတို့ရဲ့ ဘဝရှင် သန်မှုဖြစ်စေတဲ့ လူတွေနဲ့ အဓိက ဖွဲ့စည်းထားတယ်။ ဒီလို အဖွဲ့အစည်းဝင်အားလုံးရဲ့ အဲဒီ ဘုံဝိသေသကြောင့်ပဲ အလုပ်သမားတွေနဲ့ ပညာတတ်တွေကြားက ကွာခြားချက်အားလုံးကို ဖယ်ရှားပစ်ရမယ် (အလုပ်သမားတွေ ကြားက အလုပ်ခွင်မတူတာ၊ ပညာတတ်တွေကြားက အသက်မွေးပညာချင်းမတူတာတွေ ဖယ်ရှားပစ်ဖို့တော့ ထည့်ပြောနေဖို့ပင် မလိုပါ)။”

ဒါကိုလီနင်လို့ ခေါ်တယ်၊ တော်လှန်ရေး ပါတီအတွင်းမှာ အလုပ်သမားနဲ့ ကျောင်းသားကြား ကွာခြားချက် မရှိနိုင်ဘူး၊ အားလုံးဟာ ရဲဘော်တွေ၊ ကွန်မြူနစ်တွေ ဖြစ်တယ်။ ဆန္ဒစွဲတွေအားလုံး အပြင်မှာ ထားခဲ့တော့၊ ပါတီတွင်းမှာ လက်မခံဘူး။ တော်လှန်ရေးပါတီတွင်းမှာ ဘယ်လူတန်းစားက လာသလဲ ငြင်းနေရမယ့် ပြသနာ မဟုတ်၊ နိုင်ငံရေး ပြသနာသာ ရှိတယ်။ ပါတီတည်ဆောက်ရေး ပြောရရင် လူလတ်တန်းစား နောက်ခံကလာတဲ့ ကျောင်းသားတွေကိုလည်း အလုပ်သမား ကေဒါတွေနဲ့အတူ မာ့က်စ်ဝါဒ သဘောတရားတွေ လေ့လာသင်ယူ စေတယ်။ ဒီလို လေ့ကျင့်ထူထောင်ရင်း လူလတ်တန်းစားက လာတဲ့ ကျောင်းသားတွေဟာ အရင်က လူလတ် တန်းစား အစွဲတွေကို နိုင်ငံရေးအရ ပစ်ပယ်ကြပြီး ပစ္စည်းမဲ့ လူတန်းစားဘက်ကို ရောက်လာတယ်။

ဘော်ရှီဗစ်ပါတီ ခေါင်းဆောင်မှုတခုလုံးကို ဒီလိုနည်းနဲ့ လက်တွေ့ထူထောင်ခဲ့ရတယ်၊ အစပိုင်းမှာ ကျောင်းသား ဘဝကလာသူတွေနဲ့ ပါတီကို ဖွဲ့စည်းခဲ့ရတယ်။ လီနင်ရဲ့ တပ်ဦးပါတီ အယူအဆကို (ပြုပြင်ရေးဝါဒီတွေကနေ အနားခစ်စ်တွေအထိ) ဝေဖန်သူအားလုံးက မနှစ်မြို့စရာ အီလစ်အယူအဆလို့ သတ်မှတ်ခဲ့ကြတယ်။ လီနင် ပြောတဲ့ တပ်ဦးပါတီဆိုတာ အလုပ်သမား လူတန်းစားကို ခေါင်းဆောင်မှုပေးတဲ့ ပါတီတခုထက် မပိုဘူး။ ပါတီ ရဲ့ အခန်းကဏ္ဍက အလုပ်သမားထု နောက်မြီးဆွဲလုပ်ဖို့ မဟုတ်ဘူး၊ အလုပ်သမား လူတန်းစားရဲ့ စုပေါင်း အတွေ့အကြုံကို အခြေခံပြီး စစ်မှန်တဲ့ လွတ်မြောက်ရာလမ်းကို ညွှန်ပြဖို့ဖြစ်တယ်။ ဒါက မနှစ်မြို့စရာမှ မဟုတ်ဘဲ၊ ကောင်းတဲ့အရာသာ ဖြစ်တယ်။ ဒါဟာ တော်လှန်သော အလုပ်သမား ပါတီတခု တည်ရှိရခြင်းရဲ့ အရေးအကြီးဆုံး အကြောင်းတရား ဖြစ်တယ်။

စိတ်ဝင်စားစရာ အချက်ကို လီနင် ရှင်းပြတယ်၊ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီကို မဖွဲ့စည်းနိုင်ခင် မာ့က်စ်ဝါဒီတွေဟာ “ကျောင်းသား အစုတွေ” ဖွဲ့ရတယ်၊ “ဒီအစုတွေကနေ အဲဒီခေတ် ကျောင်းသား လူငယ်တွေ ကို မာ့က်စ်ဝါဒနဲ့ အကျွမ်းတဝင် ရှိစေခဲ့တယ်”။ ကျောင်းသားဟောင်း Grigori Zinoviev အဆိုအရ “ကျောင်း သား ဆိုတဲ့ စကားလုံးဟာ တော်လှန်ရေးသမားဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ် အတူတူဖြစ်ခဲ့တဲ့ ကာလတခု (အထူးသဖြင့် ၁၈၉၀ ခုနှစ်တွေ) ရှိခဲ့တယ်။ အဲဒီခေတ် အထက်တန်း ကျောင်းသားတွေဟာ တော်လှန်ရေး/ ရယ်ဒီကယ် စိတ်ဓာတ်ရှိကြတယ်၊ အလုပ်သမားတွေရဲ့ တော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံကြတယ်”။ (History of the Bolshevik Party, New Park Publications, 1973, p.63)

ဇာဘုရင် အာဏာပိုင်တွေရဲ့ အရေးယူနှိပ်ကွပ်ခံခဲ့ရတဲ့ ဒီကျောင်းသားတော်လှန်ရေးသမားတွေဟာ ရပ်ရှားပြည် က အသစ်စက်စက် အလုပ်သမား လူတန်းစားနဲ့ ပေါင်းကူးတံတား ဖြစ်ခဲ့တယ်။ ဒေသန္တရ လှုပ်ရှားမှုရဲ့ အဓိက ခေါင်းဆောင်တွေဟာ သူတို့ကျောင်းသားဘဝကတည်းက ဂုဏ်ရောင်ပြောင်ခဲ့ပြီးသား ဖြစ်တယ်လို့ လီနင်က ရှင်းပြခဲ့တယ်။

ဒီလိုကျောင်းသားတွေကို မာ့က်စ်ဝါဒဘက် သိမ်းသွင်းပြီး လေ့ကျင့် ထူထောင်ခြင်းအားဖြင့် တော်လှန်ရေး လှုပ်ရှားမှုဟာ လူငယ် အလုပ်သမားထုဆီ ပေါင်းကူးတံတားထိုးနိုင်တဲ့ ငယ်ရွယ်နုပျိုသော အင်အားစုကို တည်ဆောက်နိုင်ခဲ့တယ်။ မာ့က်စ်ဝါဒ သဘောတရားရေး လက်နက် တပ်ဆင်ထားတဲ့ ပြင်းထန်သော ကျောင်း သားတွေဟာ တော်လှန်ရေး လှုပ်ရှားမှုအတွက် အင်မတန် ထက်မြက်သော ကေဒါတွေ ဖြစ်လာနို်င်ကြောင်း ဘော်ရှီဗစ်သမိုင်း အတွေ့အကြုံတခုလုံးက သက်သေထူနေတယ်။

လူငယ်တွေကို အလေးအနက်ထားတဲ့ လီနင်က သူ့ကို ဝေဖန်ကြသူတွေရဲ့ “ကျောင်းသားဆန့်ကျင်ရေး” အစွဲ တွေကို အခုလို တုံ့ပြန်ဖြေကြားခဲ့တယ်၊ “ကျောင်းသားချည်းသီးသန့် ကော်မတီ တခုဟာ မတည်မြဲဘူး၊ အသုံး မဝင်ဘူး” ဆိုတဲ့အချက်ကို လီနင်က သဘောတူတယ်၊ “ဒါပေမယ့်၊ ဒီအချက်ကနေ ကောက်ချက်ဆွဲလို့ ရတာက ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေရဲ့ ကော်မတီကို ငါတို့ဖွဲ့ကြရမယ်၊ ဒီနေရာမှာ ကျောင်းသားဖြစ်စေ၊ အလုပ်သမားဖြစ်စေ ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမား ဖြစ်လာဖို့ပဲ အရေးကြီးတယ်၊ (ကျောင်းသားဘဝ ကလာလို့ အလုပ်သမားဘဝကလာလို့ဆိုတာ အရေးမပါတော့ဘူး)”။ တော်လှန်ရေးသမားတွေက ကျောင်းသား လား အလုပ်သမားလား ဆိုတဲ့အချက်ကို လီနင်က ဘေးဖယ်လိုက်တဲ့ နမူနာနောက်တခုဖြစ်တယ်။ လီနင်က ကျောင်းသားကော အလုပ်သမားကောကို ကေဒါတွေအဖြစ် လေ့ကျင့်တည်ဆောက်လိုတယ်။ “ငါဆိုလိုတာ ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေပဲ၊ သူတို့ ကျောင်းသားဘဝကလာသလား အလုပ်သမားဘဝက လာသလားဆိုတာ ငါဂရုစိုက်နေမှာ မဟုတ်ဘူး” လို့ လီနင်က ရေးခဲ့တယ်။

လီနင်က ဆက်ပြောတယ် “ငါတို့အလုပ်က တော်လှန်ရေးသမားကို မနူးမနပ်အဆင့် လျှော့ချဖို့မဟုတ်ဘူး၊ မနူးမနပ်တွေကို တော်လှန်ရေးသမားဖြစ်လာအောင် ဆွဲတင်ပေးဖို့ ဖြစ်တယ်”။ ဒါပေမယ့်လည်း “ပရော်ဖက် ရှင်နယ် တော်လှန်ရေးသမားတယောက် ဖြစ်လာဖို့ လေ့ကျင့်မွေးမြူရတာ နှစ်အတော်ကြာ အချိန်ယူရတယ်”။

“ဒါ့ကြောင့် အလုပ်သမားတွေကို တော်လှန်ရေးသမား ဖြစ်လာအောင် မြှင့်တင်ရေးကို ပထမ ဦးစားပေး လုပ်ရမယ်၊ စီးပွားရေးဝါဒီတွေ လိုလားသလို ‘လုပ်သားထု’ အဆင့်ကို လျှောချဖို့ မဖြစ်ရဘူး၊ ဒါမှမဟုတ် SVOBODA လိုလားသလို ‘ပျမ်းမျှ အလုပ်သမား’ အဆင့်ကို လျှော့ချဖို့ မဖြစ်ရဘူး။ အလုပ်သမားထု လက် လှမ်းမီအောင်ပြုစုထားတဲ့ ပေါ်ပြူလာ စာပေ မလိုအပ်ဘူးလို့ ငြင်းနေတာ မဟုတ်ဘူး၊ အထူးသဖြင့် နောက်ကျ ကျန်နေသေးတဲ့ အလုပ်သမားတွေအတွက် ရည်ရွယ်ပြုစုထားသော ပေါ်ပြူလာ စာပေမျိုး (သရုပ်ပျက် vulgar စာပေကို ပြောတာ မဟုတ်ဘူး) လိုအပ်နေတယ်။ ဒါပေမယ့် ငါစိတ်ပျက်တာက စီးပွားရေးဝါဒီတွေရဲ့ နောက်မြီး ဆွဲအယူအဆ ပို့ချချက်တွေနဲ့ အဖွဲ့အစည်းပြသနာ နိုင်ငံရေးပြသနာကို အမြဲရောထွေးပစ်တဲ့ အချက်ပဲ။ ခင်ဗျား တို့ လူကြီးမင်းတွေဟာ ‘ပျမ်းမျှအလုပ်သမား’ အကြောင်းကို အတော်စိတ်ဝင်စားကြတယ်၊ တကယ်တမ်းတော့ ဒါဟာ အလုပ်သမားထုကို စော်ကားလိုက်တာပဲ၊ အလုပ်သမား လူတန်းစား နိုင်ငံရေးနဲ့ အလုပ်သမား လူတန်း စား အဖွဲ့အစည်း အကြောင်း ဆွေးနွေးနေချိန်မှာ အလုပ်သမားထုကို အဆင့်နိမ့် ပြောဆိုလိုခြင်းအားဖြင့် စော် ကားလိုက်တာပဲ။ အရေးကြီးတဲ့ ပြသနာတွေကို လေးလေးနက်နက် ပြောစမ်းပါ၊ နောက်မြီးဆွဲ အယူအဆတွေ ကို နောက်မြီးဆွဲ လုပ်လိုသူတွေဆီ ထားခဲ့စမ်းပါ၊ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းတည်ဆောက်သူတွေဆီ သယ် မလာပါနဲ့”။

အလုပ်သမား စာစောင်

လီနင်က ဝေဖန်သူတွေကို နလန်မထူနိုင်အောင် ဆော်ပြီးတဲ့နောက် ငါတို့ဘာလုပ်ကြမလဲ ကျမ်းကို အလုပ်သမား စာစောင်စာတမ်း ထုတ်ဝေခြင်းရဲ့ အရေးပါမှုကို ဆန်းစစ်ပြီး နိဂုံးချုပ်လိုက်တယ်။

“သိပ်မကြာခင်မှာ အပတ်စဉ် သတင်းစာတစောင်ကို ငါတို့ ထုတ်နိုင်တော့မယ်၊ ပန်းပဲသမားရဲ့ ဖားဖိုတစုံက မီးတောက်မီးလျှံတွေ အရှိန်တညီးညီး တောက်လောင်အောင် လေမှုတ်ပေးနိုင်သလို ဒီသတင်းစာကလည်း လူတန်းစား တိုက်ပွဲ မီးပွားတွေ နဲ့ လူအများခံစားနေရတဲ့ ခံပြင်းဒေါသထွက်မှုတွေကို တောမီးကြီးအဖြစ် ကူးပြောင်းစေလိမ့်မယ်။ အခုထိတော့ ဒီသတင်းစာဟာ အုပ်စိုးသူလူတန်းစားအဖို့ အန္တရာယ်မကြီးသေးဘူး၊ အင်မတန် အားနည်းနေသေးတယ်၊ ဒါပေမယ့် ပုံမှန် ၀ိုင်းလုပ်ကြရင် ဒီစကားရဲ့ အဓိပ္ပါယ်ကို အပြည့်အဝဆိုရရင် အင်မတန် အလုပ်လုပ်တဲ့ ဖိုက်တာတွေရဲ့ ပုံမှန်တပ်တခုက တပ်အင်အားကို စနစ်တကျ စုစည်းပြီး လေ့ကျင့် မှုကို ရရှိစေလိမ့်မယ်။ ဒီယေဘုယျကျသော အဖွဲ့အစည်းဆိုင်ရာ ကိုယ်ထည်ကြီးရဲ့ လှေကားထစ်တွေ၊ ငြမ်းတွေ ပေါ်မှာ ငါတို့ တော်လှန်ရေးသမားတွေထဲကနေ ဆိုရှယ်ဒီမိုကရက်တစ် Zhelyabovs[1] ဖွံ့ဖြိုးလာလိမ့်မယ်၊ ငါတို့ အလုပ်သမားတွေထဲကနေ ရပ်ရှား Bebels[2] ဖွံ့ဖြိုးလာလိမ့်မယ်။ သူတို့တတွေက လှုံ့ဆော်စည်းရုံးထားတဲ့ တပ်ရဲ့ ရှေ့တန်းကနေ ခေါင်းဆောင်လာကြလိမ့်မယ်၊ ရပ်ရှားရဲ့ ရှက်စရာ ကျိန်စာကို အပြီးတိုင် ပယ်ဖျက်ပစ် နိုင်အောင် လူထုတရပ်လုံးကို ဦးဆောင်သွားကြလိမ့်မယ်။ ငါတို့ မျှော်မှန်းသင့်တာ ဒါပဲ”။

ဒီလို အပင်ပန်းခံ အလုပ်လုပ်ခဲ့ခြင်းကြောင့် အဲဒီမျှော်မှန်းအိပ်မက်ကို ၁၉၁၇ ခုနှစ်၊ အောက်တိုဘာလမှာ လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့တယ်။ လီနင်ဟာ ဘော်ရှီဗစ်ကေဒါ မျိုးဆက်တခုလုံးကို လူထု ဘော်ရှီဗစ်ပါတီတခု တည်ဆောက်ရာမှာ ကျောရိုးသဖွယ်ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့တယ်။ လီနင်နဲ့ ထရော့စကီးခေါင်းဆောင်မှုအောက်က ပါတီဟာ အလုပ်သမားလူတန်းစားနဲ့ လယ်သမားထုထဲက အထက် မြက်ဆုံး အစိတ်အပို်င်းတွေကို စုစည်းပြီး နိုင်ငံတော်အာဏာကို သိမ်းနိုင်ခဲ့တယ်။ ဒီကနေ့ မာ့က်စ်ဝါဒီတွေဟာ ပေါ်ထွက်လာတော့မယ့် အသစ်အသစ်သော အောက်တိုဘာတွေအတွက် ပြင်ဆင်ထားဖို့ ဒီသင်ခန်းစာတွေကို လေ့လာထားရမယ်။ လီနင်ရဲ့ ငါတို့ဘာလုပ်ကြမလဲ ကျမ်းကိုလေ့လာခြင်းဟာ ဒီလိုပြင်ဆင်ခြင်းရဲ့ အင်မတန် အရေးပါသော အလုပ်တခုဖြစ်တယ်။

1.Andrey Ivanovich Zhelyabov (29 August [O.S. 17 August] 1851– 15 April [O.S. 3 April] 1881) was a Russian revolutionary and member of the Executive Committee of Narodnaya Volya.

2.August Bebel (22 February 1840 – 13 August 1913) was a German Marxist politician, writer, and orator. A collaborator of Marx and Engels, he is best remembered as one of the founders of the Social Democratic Workers’ Party of Germany (SDAP) in 1869, which in 1875 merged with the General German Workers’ Association into the Socialist Workers’ Party of Germany (SAPD). During the repression under the terms of the Anti-Socialist Laws, Bebel became the leading figure of the social democratic movement in Germany and from 1892 until his death served as chairman of the Social Democratic Party of Germany.

Source: The revolutionary lessons of Lenin’s ‘What is to be Done?’ by Rob Sewell (14 June 2018)

ကိုတင်ဦး (ဘာသာပြန်သည်)